ဟရိတစဇာတ်

ဝီကီပီးဒီးယား မှ

နဝကနိပါတ် - (၄၃၁) - ဟရိတစဇာတ် မိဖုရား၏ ကိုယ်တွင်းသားကိုမြင်ရ၍ ဈာန်လျှောပြီးလျှင် ကာမဂုဏ် လွန်ကျူးမိသော ဟရိတစ ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မိန်းမကြောင်းပြု စွဲလမ်းမှု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တန်ဆာဆင်သော မိန်းမကိုမြင်၍ တပ်စွန်းကာ သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဥစ္စာပုံကြည့်ရှု သံဝေပြု[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နိဂုံးရွာတစ်ခုတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော အမျိုး၌ ဖြစ်၍ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိသောကြောင့် ဟရိတစဟူသော အမည်ကို မှည့်ကြကုန်၏။

အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် ဥစ္စာပစ္စည်းစကို ဖြစ်စေ၍ “မိ်ဘတို့ ကွယ်လွန်သောအခါ ဥစ္စာပစ္စည်းပုံကြီးကိုကြည့်၍ ဤဥစ္စာပစ္စည်းပုံကြီးသာလျှင် ရှိတော့၏၊ ဥစ္စာပစ္စည်းကို ရှာဖွေစုဆောင်းကြသော ဥစ္စာရှင်တို့ကား မရှိတော့ကုန်၊ ငါသည်လည်း သေမင်း၏ ခံတွင်း၌ မှုန့်မှုန့်ညက်ညက် ကြေကာ သေရတလတ္တံ့” ဟု သတိသံဝေဂဖြစ်၍ သေဘေးမှ ကြောက်သဖြင့် ရှိရှိသမျှ ဥစ္စာပစ္စည်းပုံကြီးကို ပေးလှူ စွန့်ကြဲပြီးလျှင် ဟိမဝန္တာသို့ဝင်လျက် ရသေ့ရဟန်းပြု၍ ခုနစ်ရက်မျှ ရှိသောအခါ ဈာန်အဘိညာဉ်ကို ရလေ၏။

မင်းပင့်ထားလေ ဥယျာဉ်နေ[ပြင်ဆင်ရန်]

တစ်နေ့သ၌ ချဉ်ဆား မှီဝဲအံ့သောငှာ ဟိမဝန္တာမှ ထွက်၍ ဒေသစာရီ ကြွချီလတ်သော် ဗာရာဏသီပြည်သို့ ရောက်လေ၏။ နံနက် မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းအိမ်တံခါးသို့ရောက်၏။ ထိုအခါ မင်းကြီးမြင်၍ ဣန္ဒြေ၌ အလွန်ကြည်ညိုသဖြင့် ပြာသာဒ်ထက်သို့ ပင့်ဆောင်ကာ ဆွမ်းကပ်လှူ ပူဇော်ပြီးလျှင် ဥယျဉ်တော်၌ သီတင်းသုံးလျက် နေ့စဉ် နန်းတော်သို့ကြွ၍ ဆွမ်းဘုဉ်းပေးရန် လျှောက်ထား တောင်းပန်လေ၏။ ရသေ့လည်း ခွင့်ပြု၏။ မင်းကြီးလည်း ဥယျာဉ်တော်၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ ကိုးကွယ်လေ၏။ ရသေ့လည်း မင်းကြီး၏နန်းတော်၌ ဆွမ်းဘုဉ်းပေး၍ ဆယ့်နှစ်နှစ်တိုင်အောင် ဥယျာဉ်တော်၌ ပင် သီတင်းသုံးလေ၏။

ခိုးသားနှိမ်သွား မင်းမှာကြား[ပြင်ဆင်ရန်]

ထိုအခါ ပစ္စန္တရာဇ်ကို ခိုးသူတို့သည် ဖျက်ဆီးကုန်၏။ မင်းကြီးလည်း ဆရာရသေ့ကို ကိုယ်တိုင် ပြုစုလုပ်ကျွေးရစ်ရန် မိဖုရားကြီးကို အပ်နှင်းမှာထား၍ စစ်သည်ဗိုလ်ပါနှင့်တကွ ပစ္စန္တရာဇ်သို့ သွားလေ၏။ မိဖုရားကြီးလည်း မင်းကြီးမှာထားခဲ့သောအတိုင်း ဆရာရသေ့အား မိမိလက်ဖြင့် နေ့စဉ် လုပ်ကျွေးလေ၏။

မိဖုရားနေရာထ ကိုယ်ဝတ်ကျွတ်ကျ[ပြင်ဆင်ရန်]

တစ်နေ့သ၌ မိဖုရားကြီးသည် ဆွမ်းဘောဇဉ်တို့ကို ပြည့်စုံစွာ စီမံပြီးလျှင် နံ့သာရေချိုး၍ ပြေပြစ်ချောမွေ့သော အဝတ်ကို ဝတ်ဆင်ကာ လေသာပြတင်းကိုဖွင့်လျက် ညောင်စောင်းငယ်၌ လျောင်းစက်ကာ ဆရာရသေ့ ကြွလာအံ့သည်ကို မျှော်လင့်ကြည့်ရှု၍ နေ၏။ ထိုအခိုက် ရသေ့သည် ဆွမ်းဘုဉ်းပေးရန် ကောင်းကင်ခရီးဖြင့် ကြွလာ၏။ မိဖုရားကြီးလည်း လျှောက်တေသင်္ကန်းသံကိုကြား၍ ဆရာရသေ့ ကြွလာမှန်း သိသဖြင့် အိပ်ရာမှထလတ်သော် နူးညံ့ပြေပြစ်သော ကိုယ်ဝတ်သည် ကျွတ်၍ ကျလေ၏။

တဏှာဆီးမရ ဝီတိက္ကမ[ပြင်ဆင်ရန်]

ကြွလာသော ဆရာရသေ့သည် ပြတင်းပေါက်မှလှမ်း၍ မြတ်လတ်သော် ဝိသဘာဂရူပါရုံနှင့် စက္ခုပသာဒ ပေါင်းဆုံမိကြသဖြင့် နှစ်ကုဋေ အသိန်း ကာလများစွာက ငြိမ်ဝပ်၍ နေသော အနုသယကိလေသာတို့သည် ကြုတ်၌ ထည့်၍ ထားသော မြွေဟောက်ကဲ့သို့ ထကြွ သောင်းကျန်းလာသဖြင့် ပရိယုဋ္ဌာန ကိလေသာအဖြစ်သို့ ရောက်လျက် ဈာန်အဘိညာဉ်ကို ကွယ်ပျောက်စေ၏။ ရသေ့သည် သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မိဖုရားကြီးလက်ကို ဆွဲလေ၏။ ထိုခဏ၌ တင်းတိမ် ဝန်းရံကုန်၏။ ရှေ့သို့တစ်ဆင့်တက်ကာ ဝီတိက္ကမ ကိလေသာ အဖြစ်သို့ ရောက်ပြန်သဖြင့် မိဖုရားကြီးနှင့်တကွ မေထုန်အကျင့်ကို ကျင့်လေ၏။ ဆွမ်းဘုဉ်းပေးပြီးလျှင် ဥယျာဉ်တော်သို့ ပြန်၏။

မင်းကိုလျှောက်ထား ပြည်သူများ[ပြင်ဆင်ရန်]

ဟရိတစ ရသေ့နှင့် မိဖုရားကြီးတို့ ပြုကျင့်သော အမှုသည် တစ်မြို့လုံး ထင်ရှားလေ၏။ အမတ်တို့လည်း ထိုအကြောင်းကို မင်းကြီးထံ လျှောက်လွှာ ဆက်ကုန်၏။ မင်းကြီးလည်း ဟရိတစ ရသေ့ကို ဖျက်ဆီးလို၍ ကုန်းတိုက်ကြသည်ဟု ထင်မှတ်လျက် ယုံကြည်ခြင်း မရှိလေ။

ထိုနောက် မင်းကြီးသည် ပစ္စန္တရာဇ်ကို ငြိမ်းအေးစေပြီးလျှင် မြို့တော်သို့ပြန်၍ မြို့တော်ကို လက်ယာရစ်လှည့်ပြီးလျှင် နန်းတော်သို့ဝင်ကာ မိဖုရားကြီးထံသို့သွား၍ ထိုအကြောင်းကို မေးလေ၏။

မင်းကြီး မယုံစား ရသေ့မေးငြား[ပြင်ဆင်ရန်]

မိဖုရားကြီးလည်း ဟုတ်မှန်ကြောင်းကို လျှောက်ထားလျှင် ယုံကြည်လျက် ဥယျာဉ်တော်သို့သွား၍ ရသေ့ထံသို့ ရောက်လျှင် လျောက်ပတ်သောနေရာ၌ နေပြီးလျှင် -

“ဗြဟ္မာကြီးသဖွယ်ဖြစ်သော အရှင်ဘုရား … သင် ဟရိတစ ရသေ့သည် စင်ကြယ်စွာ နေပါ၏လော၊ ကာမဂုဏ်တို့ကို ခံစား၏ ဟူသောစကားကို အကျွန်ုပ် ကြားအပ်ပါ၏၊ ထိုစကားသည် မှန်သလော၊ အသို့နည်း အရှင်ဘုရားသည် စင်ကြယ်စွာ နေပါ၏လော” –

ဟု ရသေ့အား တိုက်ရိုက် လျှောက်ထား မေးမြန်းလေ၏။

မှန်ကန်မှုသစ္စာ ရသေ့ဖြေကာ[ပြင်ဆင်ရန်]

ဟရိတစ ရသေ့သည် မင်းကြီး၏ စကားကိုကြားလျှင် ငါသည် ကာမဂုဏ်ကို မုချယုံကြည်မည် ဖြစ်၏၊ သို့သော်လည်း ဤလောက၌ သစ္စာနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ၊ သစ္စာကို စွန့်သောသူတို့သည် ဗောဓိပင်ရင်း၌ နေသော်လည်း ဘုရားမဖြစ်နိုင်၊ ငါသည် မှန်သောစကားကို ပြောဆိုခြင်းငှာ သင့်၏ဟု ကြံစည်ပြီးလျှင် -

“မြတ်သောမင်းကြီး … သင်မင်းကြီး ကြားအပ်သော စကားသည် ကြားတိုင်းမသွေ မှန်ပေ၏၊ ငါသည် မိုက်စေတတ်သော ကာမဂုဏ်တို့၌ မက်မောမိ၍ ခရီးမှား၌ သွားမိပေပြီ” –

ဟု မင်းကြီးအား မထိမ်မချန် ဟုတ်မှန်သည့်အတိုင်း ဝန်ခံလေ၏။

တဏှာယုတ်ကြမ်း ဉာဏ်မစွမ်း[ပြင်ဆင်ရန်]

မင်းကြီးလည်း မှန်ကန်စွာ ပြောဆိုသော ရသေ့၏ စကားကို ကြားလျှင် -

“အရှင်ဘုရား … ဖြစ်ပေါ်လာသော ရာဂစိတ်ကို ပညာဖြင့် အဘယ်ကြောင့် မဖျောက်နိုင်သနည်း၊ ဤသို့ မဖျောက်နိုင်ခဲ့သော် သိမ်မွေ့သော ကောင်းသော အကျိုးစီးပွားကို ကြံတတ်သော ပညာကား အဘယ် အကျိုးရှိမည်နည်း” –

ဟု ရသေ့အား လျှောက်ပြန်၏။ ထိုအခါ ရသေ့သည် -

“မြတ်သော မင်းကြီး … လောက၌ ရာဂ - ဒေါသ - မဒ - မောဟ ဤလေးပါးသော တရားတို့သည် အလွန် အားကြီးကုန်၏၊ ပြင်းထန်ကုန်၏၊ ထို လေးပါးသော တရားတို့၌ ပညာဉာဏ်သည် ထောက်တည်ရာ မရနိုင်” –

ဟု ပညာဉာဏ် မဖြစ်နိုင်ခြင်း အကြောင်းကို ပြောကြားလေ၏။

မကောင်းမှုအာရုံ နှိပ်စက်ပုံ[ပြင်ဆင်ရန်]

တစ်ဖန် မင်းကြီးသည် ဆရာရသေ့၏ ကိလေသာကို ဖျက်ဆီးတတ်သော ဉာဏ်ပညာကို မေးလို၍ -

“အရှင်ဘုရား … အရှင်ဘုရားသည် ပစ္စည်း လေးပါးကို ခံထိုက်၏၊ သီလနှင့် ပြည့်စုံ၏၊ စင်ကြယ်စွာ ကျင့်၏၊ ကိလေသာကို ဖျက်ဆီးတတ်သော ပညာရှိ၏၊ အကျိုးအကြောင်းကိုသိသော ပညာလည်းရှိ၏ဟု ငါတို့သည် အရှင်ဘုရားကို သမုတ်အပ်ပါ၏” =

ဟု ရသေ့၏ဂုဏ်ကို ချီးကျူး၍ လျှောက်ထားပြန်၏။

တစ်ဖန် ရသေ့သည် -

“မြတ်သော မင်းကြီး … ယုတ်မာသဖြင့် တင့်တယ်သော အာရုံဟု ယူ၍ ဖြစ်ကုန်သော ရာဂနှင့် စပ်ကုန်သော ဝိတက်တို့သည် ရသေ့၏ တရားကျေးဇူး၌ မွေ့လျော်သော ပညာရှိတို့အား ညှဉ်းဆဲကုန်၏” –

ဟု ပညာရှိတို့အား ညှဉ်းဆဲတတ်သော တရားတို့ကို ညွန်ပြပြန်၏။

ပညာဉာဏ်စက် ရာဂဖျက်[ပြင်ဆင်ရန်]

တစ်ဖန် မင်းကြီးသည် ဆရာရသေ့၏ ရာဂ စသော အယုတ်တရားတို့ကို ပယ်သော ပညာဉာဏ်ကို ချီးမွမ်းလို၍ -

“အရှင်ဘုရား … အရှင်ဘုရားအား ကိုယ်မှဖြစ်သော အဆင်းကျေးဇူးကို ဖျက်ဆီးတတ်သော ဤရာဂတရားသည် ဖြစ်ပေါ်လာ၏၊ ထိုရာဂတရားကို အရှင်ဘုရားသည် ပယ်ပါလော့၊ အရှင်ဘုရားအား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ၊ အရှင်ဘုရားကို များစွာသော လူအပေါင်းသည်လည်း ပညာရှိဟု သမုတ်အပ်ပါ၏” –

ဟု ရာဂကို စွန့်ပယ်ရန် သတိပေး လျှောက်ထားပြန်၏။ တစ်ဖန် ရသေ့သည် -

“မြတ်သော မင်းကြီး … ကန်းအောင်ပြုလုပ်တတ်သဖြင့် ဆင်းရဲများစွာရှိ၍ အဆိပ်ပြန့်သော ကာမဂုဏ်တို့ကို စွန့်ပါယ်ပါတော့အံ့၊ ထိုကာမဂုဏ်တို့၏ မသင့်တင့် နှလုံးသွင်းခြင်း ဟူသော အပြစ်ရင်းကိုလည်း ရှာဖွေပါတော့အံ့၊ အနှောင့်အဖွဲ့နှင့်တကွ ဖြစ်သော ရာဂတရားကို ဖြတ်ပယ်ပါတော့အံ့” –

ဟု ကာမဂုဏ်တို့၏ အပြစ်ကို သတိရကာ စွန့်ပယ်တော့မည်ဟု ဝန်ခံလေ၏။

မင်းကိုဆုံးမ တောပြန်ကြွ[ပြင်ဆင်ရန်]

ရသေ့သည် ထိုစကားကို ပြောဆိုပြီးလျှင် “မင်းကြီး … ငါ့အား ခွင့်ပြုပါဦးလော” ဟု ခွင့်တောင်းကာ ကျောင်းတွင်းသို့ဝင်၍ ကသိုဏ်းဝန်းကို ကြည့်ရှုစီးဖြန်းလျက် ပျောက်လေပြီးသော ဈာန် အဘိညာဉ်ကို တစ်ဖန် ပြန်ရစေပြီးလျှင် ကျောင်းပြင်သို့ထွက်၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေလျက် မင်းကြီးအား တရားဟောပြီးလျှင် “မြတ်သောမင်းကြီး … ငါသည် မနေအပ်သော အရပ်၌ နေမိ၍ လူတို့အလယ်၌ အကဲ့ရဲ့ခဲ့ရ၏၊ သင်မင်းကြီးတို့သည် မမေ့မလျော့ ကုသိုလ်ကောင်းမှုကို ပြုလုပ် အားထုတ်ကြကုန်လော့၊ ငါမူကား မိန်းမတို့နှင့် မနီးသော တောအုပ်သို့ သွားတော့မည်”ဟု ပြောဆိုပြီးလျှင် မင်းကြီး ငိုကြေါးစဉ် ဟိမဝန္တာသို့သွား၍ မယုတ်သော ဈာန်ရှိလျက် သေလွန်သည်ရှိသော် ဗြဟ္မာ့ပြည်သို့ လားရလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

• ဟရိတစ ရသေ့သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကာမဂုဏ်ကား၊ မက်မောငြား၊ လမ်းမှားလိုက်တတ်စွာ။

(၂) ကာမဂုဏ်ကား၊ အဆိပ်လား၊ ကန်းငြားဆင်းရဲစွာ။

(၃) မသင့်တင့်ခြင်း၊ နှလုံးသွင်း၊ မြစ်ရင်းဖြတ်လေပါ။

(၄) ရာ, ဒေါ, မောဟံ၊ မာန်လေးတန်၊ ပြင်းထန်အားကြီးစွာ။

(၅) ဤလေးပါးထံ၊ ပညာဉာဏ်၊ တန်ရန်မရပါ။

ဟရိတစဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ