သေယျဇာတ်

ဝီကီပီးဒီးယား မှ

(၂)ဇာတ် ရှိပါသည်။ တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၈၂) သေယျဇာတ်။ ။ တိုင်းပြည်ကို လုယူပြီးမှ ပြန်အပ်ကာ ရန်သူမင်း၏ ကန်တော့ တောင်းပန်ခြင်းကိုခံရသည့် သီလရှိသော ဗြဟ္မဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မနာလိုမှု ကုန်းတိုက်ပြု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ အမတ်တစ်ယောက်သည် မင်းကြီးအား အလွန်ကျေးဇူးများ၏။ အမှုကိစ္စအားလုံးကို ပြီးစေ၏။ ထိုအခါ မင်းကြီးသည် ဤအမတ်သည် ငါ့အား အလွန်ကျေးဇူးများပေသည်ဟု များစွာသော စည်းစိမ်ကို ပေး၏။ မနာလိုသဖြင့် သည်းမခံနိုင်သော အမတ်တို့သည် မင်းကြီးအား ကုန်းတိုက်၍ ဖျက်ဆီးကြကုန်၏။

မင်းကြီးလည်း အမတ်တို့စကားကို ယုံကြည်လျက် မစူးစမ်း မဆင်ခြင်ဘဲ အပြစ်မရှိ သီလရှိသော အမတ်ကို ဖမ်းစေ၍ သံခြေချင်းခတ်ကာ နှောင်အိမ်၌ ထားလေ၏။ အမတ်လည်း နှောင်အိမ်၌ တစ်ယောက်ထီးတည်း နေလတ်သော် စိတ်တည်ကြည်လျက် သင်္ခါရတရားတို့ကို သုံးသပ်ဆင်ခြင်သဖြင့် သောတာပတ္တိဖိုလ်၌ တည်လေ၏။ မင်းကြီးလည်း အပြစ်မရှိကြောင်းကိုသိလျှင် နှောင်အိမ်မှလွှတ်၍ ထိုအမတ်အား ရှေးကစည်းစိမ်ထက် အလွန်ကြီးမြတ်သော စည်းစိမ်ကိုပေးလေ၏။

အမတ်လည်း နှောင်အိမ်မှလွတ်လျှင် ပန်းနံ့သာလက်စွဲလျက် မြတ်စွာဘုရားထံသို့ သွားလေ၏။ မြတ်စွာဘုရားဘည်း အမတ်နှင့် ပဋိသန္ဓာရပြုပြီးလျှင် အမတ်အား “သီတင်းသည် ... သင့်အား အကျိုးမဲ့ဖြစ်ရ၏ဟု ကြားရသည်၊ မှန်သလော” ဟု မေးလေ၏။ “အရှင်ဘုရား ... အကျိုးမဲ့ကား ဖြစ်ရ၏၊ ထိုအကျိုးမဲ့ဖြင့် အကျိုးစီးပွားကို ဆောင်ရွက်ပါ၏၊ နှောင်အိမ်၌နေလျက် သောတာပတ္တိဖိုလ်ကို ရပါ၏” ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည် ... သင်သည်သာလျှင် အကျိုးမဲ့ဖြင့် အကျိုးစီးပွားကို ဆောင်ရွက်သည် မဟုတ်၊ ရှေးပညာရှိတို့သည်လည်း အကျိုးမဲ့ဖြင့် အကျိုးစီးပွားကို ဆောင်ရွက်ကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မကောင်းပြစ်ဒဏ် ပြည်အနှင်ခံ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်ကာ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ဖြစ်ကာ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်ပညာကို သင်ကြားပြီး၍ အဖမင်းကြီး လွန်လျှင် မင်းအဖြစ်ကိုရ၍ မင်းကျင့်တရား ဆယ်ပါးနှင့် ညီညွတ်စွာ မင်းပြု၏၊ အလှူပေး၏၊ ငါးပါးသီလကို ဆောက်တည်၏၊ ဥပုသ်ကိုလည်း ဆောက်တည်၏။

ထိုအခါ အမတ်တစ်ယောက်သည် နန်းတွင်း၌ ပြစ်မှား၏။ ခြေက်ရင်း၌ ခစားသော အလုံးစုံသော အမတ် အစရှိသည်တို့သည် သိကြ၍ ဤမည်သော အမတ်သည် နန်းတွင်း၌ ပြစ်မှား၏ဟု မင်းကြီးအား လျှောက်ကြကုန်၏။ မင်းကြီးသည် စုံစမ်းသည်ရှိသော် အဟုတ်အမှန်အားဖြင့် ပြစ်မှားကြောင်း သိလျှင် ထိုအမတ်ကို ခေါ်စေလျက် “အချင်း ...သင်သည် ယနေ့မှစ၍ ငါ့ကို မခစားလင့်” ဟု နှင်ထုတ်လေ၏။

ပြည်နှင့်အမှု ရန်ငြိုးပြု[ပြင်ဆင်ရန်]

ထိုအမတ်သည် တိုင်းပြည်မှထွက်ကာ ပြည်နီးချင်းမင်းထံ ဝင်၍ ခစား၏။ [အလုံးစုံသော ဝတ္ထုသည် မဟာသီလဝဇာတ်နှင့် တူပြီ] ထိုအမတ်သည် မင်းကြီးအား ဗာရာဏသီပြည်ကို တိုက်ယူလျှင် အလွယ်နှင့်ရမည်ဟု အကြိမ်ကြိမ် လျှောက်ထားလေသော် ပြည်နီးချင်းမင်းသည် သုံးကြိမ်စုံစမ်းစေပြီးသော် အမတ်၏စကားကို ယုံကြည်သဖြင့် ဗာရာဏသီပြည်ကို တိုက်ယူရန် စစ်သည်ဗိုလ်ပါ အခြံအရံဖြင့် ထွက်လေသော် တိုင်းပြည်အပိုင်းအခြားသို့ ရောက်လေ၏။

ဗာရာဏသီမင်း၏ အမတ် ခုနစ်ရာတို့သည် ထိုအကြောင်းကိုသိလျှင် “အရှင်မင်းကြီး ... ဤမည်သော မင်းသည် ဗာရာဏသီပြည်ကိုယူမည်ဟု ဇနပုဒ်ကို ဖျက်ဆီး၍ လာသတတ်၊ ထိုမင်းကို ဖမ်းယူမည်” ဟု လျှောက်ထားကုန်၏။ “အမတ်တို့ ... ငါ့အား သူတစ်ပါးတို့ကို ဆင်းရဲစေ၍ ယူအပ်သော မင်းအဖြစ်ဖြင့် အလိုမရှိ၊ တစ်စုံတစ်ရာ ခုခံမတိုက်ခိုက်ကြနှင့်” ဟု ဆုံးမတားမြစ်လေ၏။ ရန်သူမင်းလည်း ခုခံ တိုက်ခိုက်သူမရှိသဖြင့် တဖြည်းဖြည်း သိမ်းယူ၍လာရာ နောက်ဆုံးတွင် ဗာရာဏသီနေပြည်တော်သို့ပင် ရောက်လေ၏။ အမတ်တို့လည်း အကြိမ်ကြိမ် ခုခံရန် လျှောက်ထားကြသော်လည်း ခွင့်မပြုသဖြင့် လက်ပိုက်ကာ ကြည့်၍သာ နေကြရကုန်၏။

မေတ္တာပို့မူ ရန်သူပူ[ပြင်ဆင်ရန်]

ရန်သူမင်းလည်း မြို့တံခါးတို့ကို ဖောက်ဖျက်ကာ ပြည်တွင်းသို့ဝင်ပြီးလျှင် အမတ်ခုနစ်ရာ အခြံအရံရှိသော မင်းကြီးကိုဖမ်း၍ သံခြေချင်းတို့ဖြင့်ခတ်ပြီးလျှင် နှောင်အိမ်သွင်း၍ ထားလေ၏။ ဗာရာဏသီမင်းသည် နှောင်အိမ်၌နေလျက် ရန်သူမင်းကို မေတ္တာပြု၍ မေတ္တာဈာန်ကို ဖြစ်စေ၏။ မေတ္တာအာနုဘော်အစွမ်းဖြင့် ရန်သူမင်း၏ကိုယ်၌ မီးရှူးတို့ဖြင့်လောင်းသကဲ့သို့ မနေနိုင်၊ မထိုင်နိုင်အောင် ပူလောင်လေ၏။ ရန်သူမင်းသည် ပူလောင်းခြင်းဖြင့် နှိပ်စက်ရကား “အကြောင်းအဘယ်သို့ရှိသနည်း” ဟု အမတ်တို့ကို မေးလေ၏။ ထိုအခါ အမတ်တို့သည် “အရှင်မင်းကြီး ...သီလရှိသောမင်းကို နှောင်အိမ်၌ သွင်းခြင်းကြောင့် ပူလောင်ခြင်းဆင်းရဲ ဖြစ်ပေလိမ့်မည်” ဟု လျှောက်ထားကြကုန်၏။

မေတ္တာစူးရှ တောင်းပန်ရ[ပြင်ဆင်ရန်]

ရန်သူမင်းသည် ဗာရာဏသီမင်းကို နှောင်အိမ်မှလွှတ်၍ ကန်တော့ပြီးလျှင် တိုင်းပြည်ကို ပြန်၍အပ်နှင်းကာ “ယနေ့မှစ၍ အရှင်းမင်းကြီးတို့ ရန်သူသည် အကျွန်ုပ်တို့တာဝန်ဖြစ်ပါသည်” ဟု လျှောက်ထားပြီးလျှင် ပြစ်မှားသော အမတ်ကို မင်းအာဏာပြုစေလျက် မိမိနေရာမြို့သို့ ပြန်လေ၏။

ဗာရာဏသီမင်းသည် ရန်သူမင်း ပြန်သွားလျှင် တန်ဆာဆင်အပ်သော ပြာသာဒ်ဝယ် ထီးဖြူဖြင့် ကောင်းစွာမိုးအပ်သော ပလ္လင်တော်၌နေလျက် -

“အို ကာသိတိုင်းသား အမတ်တို့ ... မြတ်သောကုသိုလ်တရားကို မြတ်သောအားဖြင့် မှီဝဲသောသူသည် အလွန်မြတ်လှ၏၊ ငါသည် ရန်သူမင်းနှင့် တပေါင်းတည်းပြုကာ အမတ် ခုနစ်ရာတို့ကို ဝမ်းမြောက်စေရပြီ၊ သို့အတွက် အလုံးစုံသော လောကနှင့် တပေါင်းတည်းပြုကာ တစ်ယောက်တည်းသောသူသည် တမလွန်ဘဝ၌ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ လားရ၏။ ဤစကားကို သင်တို့ နားထောင်ကြကုန်” –

ဟု ချီးမွမ်း၍ တစ်ဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်၌ ထီးနန်းစည်းစိမ်ကို စွန့်စပ်ပြီးလျှင် ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြုလေ၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးလျှင် -

“ရဟန်းတို့ ... ဗာရာဏသီပြည်၌နေသော ကံသမည်သော မင်းကြီးသည် ဤသို့သောစကားကို ဆိုပြီးလျှင် လေးနှင့် မြားကိုချ၍ ရသေ့ရဟန်းအဖြစ်သို့ ကပ်ခဲ့၏။”

ဟု ဟောတော်မူ၏။ ရသေ့ပြုပြီးလျှင် ဈာန်ကို ဖြစ်စေလျက် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ စုတေသောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရန်သူမင်းသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကျိုးမဲ့ပြုငြား၊ သူတော်ကား၊ စီးပွားဆောင်ရွက်သည်။

(၂) မြတ်သောတရား၊ မြတ်သောအား၊ မှီငြားလွန်မြတ်သည်။

(၃) ရန်သူနှင့်ပေါင်း၊ ဝမ်းမြောက်ကြောင်း၊ ကောင်းကောင်းရလေသည်။

သေယျဇာတ် ပြီး၏။


စတုက္ကနိပါတ် - ၁။ ကာလိင်္ဂဝဂ် -(၃၁၀) သေယျဇာတ်။ ။ ပုရောဟိတ် ရာထူးယူပါရန် ပန်ကြားလာသူ သေယျအမတ်အား ရာထူးမမက်၍ တောထွက်လာခဲ့သည်ဟု ပြောဆိုသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ပျင်းရိငြီးငွေ့ မိန်းမတွေ့[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် သာဝတ္ထိပြည်သို့ ဆွမ်းခံသွားသည်ရှိသော် အဆင်းလှ၍ တန်ဆာဆင်ထားသော မိန်းမတစ်ယောက်ကို မြင်သဖြင့် တပ်စွန်းသောစိတ်ရှိရကား သာသနာတော်၌ ငြီးငွေ့ပျင်းရိလေ၏။

ရဟန်းတို့သည် ထိုရဟန်းအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကုန်၏။ မြတ်စွာဘုရားလည်း ထိုရဟန်းကိုခေါ်၍ မေးတော်မူလျှင် ဟုတ်မှန်ကြောင်းကို လျှောက်ထားရာ “ရဟန်း ... သင်သည် အဘယ်ကြောင့် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် ငြီးငွေ့ဘိသနည်း၊ ရှေးပညာရှိတို့သည် ပုရောဟိတ်အရာကို စွန့်ကုန်လျက် ရဟန်းပြုကြကုန်သေး၏” –

ဟုမိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သားနှင့်ထပ်တူ ယူမွေးမြူ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၏ ပုဏ္ဏေးမဝမ်း၌ဖြစ်၍ ဗြဟ္မဒတ်မင်း သားတော်နှင့် တစ်နေ့တည်း မွေးဖွားလေ၏။ မင်းကြီးသည် မိမိသားတော်နှင့် တစ်နေ့တည်း မွေးဖွားသည်ကို သိတော်မူလျှင် ပုရောဟိတ်ပုဏ္ဏား၏သားကို ယူစေပြီးလျှင် အထိန်းတို့အားပေး၍ မင်းသားနှင့်အတူ မွေးမြူစေ၏။ သူငယ်နှစ်ယောကတို့အား အဆင်တန်ဆာ အစားအစာတို့သည် ညီတူညီမျှဖြစ်ကုန်၏။

သူငယ်တို့သည် အရွယ်သို့ရောက်ကုန်လတ်သော် အတူတကွသာလျှင် တက္ကသိုလ်ပြည်၌ အတတ်ပညာသင်ကြားတတ်မြောက်ပြီးလျှင် မင်းသားသည် အိမ်ရှေ့မင်းအဖြစ်ကို ရသဖြင့် များစွာသော စည်းစိမ်အခြံအရံရှိ၏။ ပုရောဟိတ်သားလည်း အိမ်ရှေ့မင်းနှင့် အတူတကွသာ နေထိုင်စားသောက်ကာနေ၏။ အချင်းချင်း အလွန်အကျွမ်းဝင်၏။

ဈာန်ကစားကာ ရသေ့မှာ[ပြင်ဆင်ရန်]

အိမ်ရှေ့မင်းသားသည် နောက်အခါ အဖမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်ကိုရရှိ၍ ကြီးစွာသောစည်းစိမ်ကို ခံစားကာနေ၏။ ထိုအခါ ပုရောဟိတ်သားသည် ယခုအခါ ငါ၏ အဆွေခင်ပွန်းမင်းသားသည် မင်းအဖြစ်ကို ရခဲ့ပြီ၊ ငါ့ကို သတိရသည်နှင့်တစ်ပြိုက်နက် ငါ့အား ပုရောဟိတ်အရာကို ပေးလတ္တံ့၊ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရသေ့ရဟန်းပြုကာ ဝိဝေကကိုပွားစေမည်ဟု ကြံစည်၍ မိဘတို့ထံ ခွင့်ပန်ကာ ကြီးစွာသော စည်းစိမ်ချမ်းသာကို စွန့်လွှတ်ပြီးလျှင် ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ နေလျက် အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ ဈာန်ကစားကာ နေလေ၏။

မင်းကြီးသည် ပုရောဟိတ်သားကို သတိရသောအခါ အမတ်တို့အား မေးမြန်းလေလျှင် အမတ်တို့လည်း ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်၌ နေကြောင်းကို လျှောက်ထားကြကုန်၏။ ထိုအခါ မင်းကြီးသည် သေယျမည်သော အမတ်ကိုခေါ်၍ “အို - အမတ် ... သွားချေ၊ ငါ၏အဆွေခင်ပွန်းဖြစ်သော ပုရောဟိတ်သားကို ခေါ်ခဲ့ရမည်၊ ပုရောဟိတ်လျာထားကိုပေးမည်” ဟု မှာထားကာ စေလွှတ်လိုက်၏။

ရာထူးကိုမြစ် စွန့်ပယ်ပစ်[ပြင်ဆင်ရန်]

သေယျအမတ်လည်း မင်းကြီးစေခိုင်းချက်အရ ပုရောဟိတ်သားကိုခေါ်ရန် ဗာရာဏသီပြည်မှ ထွက်သွားရာ ပစ္စန္တရာဇ် ရွာတစ်ခုသို့ရောက်လျှင် သစ်ခက်တပ်ချ၍ ဗိုလ်ပါတို့ကို ထားခဲ့ပြီးလျှင် လမ်းညွှန်မုဆိုးနှင့်တကွ ပုရောဟိတ်သား ရသေ့ထံသို့ သွားလေ၏။ ရောက်၍ ကျောင်းတံခါးတွင် ရွှေဆင်းတုကဲ့သို့ ထိုင်နေသော ရသေ့ကိုမြင်လျှင် ရှိခိုး၍ “အရှင်ဘုရား ... မင်းကြီးသည် ပုရောဟိတ်အရာကို ပေးလိုပါ၏။ မင်းကြီးထံ ကြွတော်မူပါ” ဟု လျှောက်ထားလေ၏။

ထိုအခါ ရသေ့သည် သေယျအမတ်အား “အို - အမတ်ကြီး ... ပုရောဟိတ်အရာကိုထားဘိဦး ဇမ္ဗူဒိပ်တစ်ကျွန်းလုံး မင်းအဖြစ်၊ စကြဝတေးမင်းအဖြစ်ကို ရသော်လည်း ငါမလိုက်လို၊ ပညာရှိတို့မည်သည် ထွေးပြီးသော တံတွေးကိုပြန်၍မမျိုသကဲ့သို့ စွန့်လွှတ်ပြီးသော ကိလေသာကို ပြန်၍မယူကုန်” ဟု ပြောဆိုကာ ပုရောဟိတ်ရာထူးကို မြစ်ပင်ပြီးလျှင် -

“အို - သေယျအမတ် ... ကဲ့ရဲ့ဖွယ်ဖြစ်၍ သမုဒ္ဒရာကို ရံပတ်ကာတည်သော စကြာဝဋာတောင်နှင့်တကွ နားတောင်းသဖွယ် ဖြစ်သော ဤမြေအလုံးကို အလိုမရှိ” ဟု သိပါလေ။

အပါယ်သို့ကျစေသဖြင့် လည်းကောင်း၊ အဓမ္မကို ပြုကျင့်သဖြင့် လည်းကောင်း ရရှိသောစည်းစိမ်ဥစ္စာ လာဘ်လာဘကို ငါတို့ ကဲ့ရဲ့ပါကုန်၏။

အဓမ္မဖြင့် ရှာမှီး၍ရသော စည်းစိမ်ဥစ္စာဖြင့် အသက်မွေးခြင်းထက် ရသေ့ရဟန်းပြုလျက် သပိတ်ကိုပိုက်ကာ ဆွမ်းခံ၍ အသက်မွေးခြင်းသည် မွန်မြတ်လှ၏။

ရသေ့ရဟန်းပြု၍ အသက်မွေးခြင်းမှာလည်း လောက၌ သူတစ်ပါးကို မညှဉ်းဆဲဘဲ ကောင်းသော အသက်မွေးခြင်းဖြစ်၍ မင်းအဖြစ်ထက် မွန်မြတ်လှ၏” –

ဟု သေယျအမတ်အား အကျိုးအကြောင်းပြဿကာ ဆုံးမဟောကြားလေ၏။ သေယျအမတ်လည်း မဖန်ဖန်တောင်းပန်၍မရလျှင် ရသေ့ကို ရှိခိုးခွင့်ပန်ကာ မြို့တော်သို့ ပြန်လာပြီးလျှင် ပင့်ခေါ်၍မရကြောင်း မင်းကြီးအား လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ တခြားများစွာသော ရဟန်းတို့လည်း သောတာပတ္တိဖိုလ်စသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းသည် - ယခုအခါ အာနန္ဒာ။

သေယျအမတ်သည် - သာရိပုတ္တရာ။

ပုရောဟိတ်သားရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အပါယ်ကျစေ၊ အဓမ္မေ၊ ရှာဖွေရဥစ္စာ။

(၂) မတရားဖြင့်၊ သက်မွေးလင့်၊ မသင့်ယုတ်လှစွာ။

(၃) ရဟန်းပြုပြန်၊ ဆွမ်းပန်းခံ၊ မြတ်မွန်သက်မွေးရာ။

(၄) စကြာမန္တာတ်၊ ရဟန်းဇာတ်၊ မြတ်ထက်မြတ်လှပါ။

သေယျဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ