သေတကေတုဇာတ်

ဝီကီပီးဒီးယား မှ

ဆက္ကနိပါတ် - ၁။ အဝါရိယဝဂ် -(၃၇၇) - သေတကေတုဇာတ် မာနကြီး၍ ပျက်စီးရသော သေတကေတုမည်သောသူ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ထူးဆန်းအံ့ဖွယ် ပရိယာယ်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း [ပစ္စုပ္ပန်ဝတ္ထုသည် ဥဒ္ဒါလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မျိုးဂုဏ်ဇောတ်ကြောင့် မနာရောက်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗာရာဏသီပြည်၌ ပင် ဒိသာပါမောက္ခဆရာ ဖြစ်၍ တပည့်ငါးရာတို့အား အတတ်ပညာ သင်ကြားပေးကာနေ၏။ ထိုတပည့် ငါးရာတို့ အကြီးအမှူးဖြစ်သော သေတကေတုလုလင်ကား ဥဒိစ္စ ပုဏ္ဏားမျိုး၌ ဖြစ်၍ အမျိုကိုမှီ၍ မာနကြီး၏။

တစ်နေ့သ၌ ထိုသေတကေတုလုလင်သည် အခြားလုလင်တို့နှင့်အတူ သွားကြရာ မြို့သို့ဝင်လာသော စဏ္ဍာလကို မြင်လျှင် မေးမြန်းသောအခါ စဏ္ဍာလမှန်းသိ၍ ထိုစဏ္ဍာလကိုယ်ကို တိုက်ခတ်၍ လာသော လေသည် မိမိကိုယ်ကို တိုက်ခတ်မိမည်ကို ကြောက်သဖြင့် “သင်ကား … စဏ္ဍာလယုတ်ဖြစ်သည်၊ လေညာ၌ မနေလင့်” ဟု ဆို၍ ထိုသူ၏ လေညာသို့ လျင်စွာ သွားလေ၏။ စဏ္ဍာလလည်း သေတကေတု၏ လေညာသို့ လျင်စွာသွား၍ နေပြန်၏။ ထိုအခါ သေတကေတုသည် စဏ္ဍာလကို “သူယုတ် ပျက်စီးလော” ဟု လွန်စွာ ဆဲရေးလေ၏။

စဏ္ဍာလမေး အရှုံးပေး[ပြင်ဆင်ရန်]

စဏ္ဍာလသည် “သင်ကား ဘယ်သူဖြစ်သနည်း” ဟု မေး၍ ပုဏ္ဏား ဖြစ်ကြောင်းကို သိပြန်လျှင် သင်သည် ပုဏ္ဏားပင် ဖြစ်စေကာမူ “ငါမေးသော ပြဿနာကို ဖြေနိုင်မည်လော” ဟု မေး၏။ “ဖြေနိုင်၏” ဟု ပြော၏။ အကယ်၍ မဖြေနိုင်လျှင် ခြေမကြားဖြင့် ညှပ်၍ လှည့်မည် ပြောသောအခါ “မဖြေနိုင်လျှင် လှည့်လော့” ဟု ပြောလေ၏။ စဏ္ဍာလသည် သေတကေတု၏ စကားကို ပရိသတ်အား သက်သေပြု၍ “ပုဏ္ဏားလုလင် … အရပ်မျက်နှာ ဟူသည် အဘယ်နည်း” ဟု မေး၏။ “အချင်း … အရှေ့အရပ် စသော အရပ်လေးမျက်နှာတို့ ဖြစ်သည်” ဟု ဖြေ၏။ ထိုအခါ စဏ္ဍာလသည် “ငါကား ဤအရပ်မျက်နှာကို မမေး၊ သင် ဤမျှလောက်ိုမျှ မသိဘဲလျက် ငါ့ကိုယ်၌ တိုက်ခတ်သော လေကို စက်ဆုပ်ဘိသည်” ဟု ပြောဆိုပြီးလျှင် သေတကေတု၏ လည်ကုပ်၌ ကိုင်၍ ခြေမကြားဖြင့်ညှပ်ကာ လှည့်လေ၏။

မာနထောင်ရေး ရှက်၍ ပြေး[ပြင်ဆင်ရန်]

တပည့်လုလင်တို့သည် ဆရာကြီးအား ထိုအကြောင်းကို ပြောကြားကြကုန်၏။ ထိုအခါ ဆရာကြီးသည် သေတကေတုလုလင်ကို “အမောင် သေတကေတု … စဏ္ဍာလကို အမျက်မထွက်လင့်၊ စဏ္ဍာလသည် ပညာရှိ၏၊ သင် ဖြေကြားသော အရပ်မျက်နှာကို မမေး၊ တစ်ပါးသော အရပ်မျက်နှာကို မေး၏၊ သင်ကား မြင်ဖူး ကြားဖူး သိဖူးသော တရားထက် ပိုလွန်၍ မသိ၊ တရားသည် များပြားလှ၏” ဟု ပြောဆို၍ -

“အမောင် သေတကေတု … အမျက်မထွက်လင့်၊ အမျက်ထွက်ခြင်းသည် မကောင်း၊ သင် မမြင်ဖူး မကြားဖူးသော တရားကား များပြားလှ၏၊ မိဘတို့ကို အရှေ့အရပ်မျက်နှာ၊ ဆရာကို တောင်အရပ်မျက်နှာ မည်ကုန်၏ဟု ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့ ဟောကြားကုန်၏။

ထမင်း အဖျော် အဝတ်ကို လှူကုန်သော အိမ်နေလူတို့သည် တရားစောင့်သော ရဟန်းပုဏ္ဏားတို့ကို ပင့်ဖိတ်ကုန်၏၊ ထိုရဟန်းပုဏ္ဏားတို့ကို အထက်အရပ်မျက်နှာ မည်၏ဟု ဟောကြားကုန်၏၊ ဆင်းရဲသူတို့ ရောက်သွားလျှင် အလွန် ချမ်းသာလှသော နိဗ္ဗာန်ကို မွန်မြတ်သော အရပ်မျက်နှာ မည်၏ဟု ဟောကြား ကုန်၏” –

ဟု သေတကေတုလုလင်အား စဏ္ဍာလ၏ အမေး ပြဿနာကို ဖြေဆိုကာ ဆုံးမလေ၏။

သေတကေတုလုလင်လည်း စဏ္ဍာလသည် ခြေမကြားဖြင့် ညှပ်၍ လှည့်ဘိ၏ဟု အလွန်ရှက်သဖြင့် ထိုအရပ်တွင် မနေတော့ဘဲ ဒိသာပါမောက္ခ ဆရာကြီးကို ခွင့်ပန်ပြီးလျှင် တက္ကသိုလ်ပြည်သို့သွား၍ အတတ်ပညာ အလုံးစုံတို့ကို သင်ကြားပြန်၏။

ဆရာရသေ့ကို မင်းကြည်ညို[ပြင်ဆင်ရန်]

တစ်ဖန် တက္ကသိုလ်ဆရာကြီးထံမှ သွားပြန်ရာ ပစ္စန္တရာဇ် ရွာတစ်ခုကို မှီ၍ နေသော ရသေ့ငါးရာတို့ထံရောက်၍ ရသေ့ ရဟန်းပြုပြီးလျှင် ထိုရသေ့တို့အား အတတ်ပညာ သင်ပေးသဖြင့် ဂိုဏ်းဆရာကြီးဖြစ်၍ ရသေ့အပေါင်း ခြံရံလျက် ဗာရာဏသီပြည်သို့ သွားပြန်၏။ နံနက် ဆွမ်းခံဝင်၍ နန်းရင်ပြင်သို့ ရောက်လျှင် မင်းကြီးသည် ကြည်ညိုသဖြင့် နန်းတော်ပေါ်သို့ ပင်စေ၍ ဆွမ်းဘောဇဉ်တို့ကို ကပ်လှူပြီးလျှင် ဥယျာဉ်တော်၌ အမြဲ သီတင်းသုံးရန် တောင်းပန်သဖြင့် ခွင့်ပြုကာ ဥယျာဉ်တော်၌ ပင် နေကြကုန်၏။

မင်းကြည်ညိုအောင် အယောင်ဆောင်[ပြင်ဆင်ရန်]

မင်းကြီးသည် တစ်နေ့သ၌ “ဆွမ်းဘုဉ်းနေစဉ် အရှင်ဘုရားတို့ထံလာ၍ ဖူးမြင်လိုသည်” ဟု လျှောက်လေ၏။ ထိုအခါ သေတကေတုရသေ့သည် ဥယျာဉ်တော်သို့ ပြန်ပြီးလျှင် ရသေ့တို့ကို စည်းဝေးစေ၍ “ငါ့ရှင်တို့ … ယနေ့ မင်းကြီး လာလိမ့်မည်၊ မင်းမည်သည် တစ်ကြီမ် နှစ်သက်လျှင် တစ်သက်လုံး ချမ်းသာစေနိုင်၏၊ သို့အတွက် အချို့သောရသေ့တို့သည် လင်းနို့ကဲ့သို့ အထက်၌ တွဲလျားဆွဲကာ ကျင့်ကြကုန်၊ အချို့ဆူးပေါ်မှာ အိပ်ကြကုန်၊ အချို့ ပဉ္စာတပအကျင့်ကို ကျင့်ကြကုန်၊ အချို့ ဆောင့်ကြောင့်သွား၍ ကျင့်ကြကုန်၊ အချို့ ရေချိုး၍ ကျင့်ကြကုန်၊ အချို့ ဗေဒင်သရဇ္ဈာယ်ကြကုန်” ဟု အသင့်စီမံလျက် ကျင့်စေကုန်၏။ မိမိမူကား ကျောင်းတံခါးဝယ် အမှီရှိသော အင်းပျဉ်၌ နေပြီးလျှင် အဆင်းငါးပါးရှိ၍ အခေါက် တစ်ထောင်ရှိသော ပုရပိုက်ကြီးကို ဆန်းကြယ်သော အခင်းပေါ်မှာ တင်လျက် ကောင်းစွာ သင်ကြားအပ်ပြီးသော လုလင်လေးယောက်ကို ပြဿနာ မေးစေ၍ မိမိက ဖြေဆိုကာ နေလေ၏။

ပုဏ္ဏား လျှောက်ချက် ကြည်ညိုပျက်[ပြင်ဆင်ရန်]

ထိုခဏ၌ မင်းကြီး လာလတ်၍ မိစ္ဆာအကျင့်ကို ကျင့်ကုန်သော ရသေ့တို့ကို မြင်လျှင် နှစ်သက်ကြည်ညိုခြင်း ဖြစ်၍ သေတကေတု ရသေ့သို့ ကပ်ပြီးလျှင် ရှိခိုး၍ သင့်တင့်သော အရပ်၌ နေလျက် -

“အို ပုဏ္ဏား … ခွါနှင့်တကွသော သစ်နက်ရေကို ဆောင်ကာ ဆံကျစ်ထုံးလျက် သွားချေးထူ၍ ညစ်နွမ်းသော အဆင်းရှိသော ဤရသေ့တို့ကား ဗေဒင်ကို သရဇ္ဈာယ်ကြကုန်၏၊ လူတို့ ပြုအပ်သော ပယောဂ၌ တည်ကုန်သေ ရသေ့တို့သည် ဤလောကကို သိကုန်လျက် အပါယ်မှ လွတ်ကုန်သလော” –

ဟု ပုရောဟိတ်ပုဏ္ဏားအား မေးမြန်းလေ၏။ ပုရောဟိတ်သည် မင်းကြီး စကားကို ကြားလျှင် -

“မင်းမြတ် … မကောင်းမှုတို့ကို ပြုလုပ်ကာ အကြားအမြင် များသောသူသည်လည်း တရားကို မကျင့်မူ ဗေဒင်ကိုအစွဲပြုလျက် သီလ သမာပတ်သို့ မရောက်မူ၍ ဗေဒင်တစ်ထောင်တတ်သော သူသည်လည်း ဆင်းရဲမှ မလွတ်ရာ” –

ဟု မင်းကြီးအား ဖြေကြားလေ၏။ မင်းကြီးသည် ပုရောဟိတ် စကားကိုကြား၍ ရသေ့တို့၌ နှစ်သက်ကြည်ညိုခြင်းကို ပယ်ဖျောက်လေ၏။

ဆရာရသေ့မေး အဖြေပေး[ပြင်ဆင်ရန်]

ထို့နောင်မှ သေတကေတု ရသေ့သည် မင်းကြီး၏ နှစ်သက်ကြည်ညိုခြင်းကို ပုရောဟိတ်သည် ပဲခွပ်ဖြင့်ခုတ်၍ ဖြတ်သကဲ့သို့ ဖြတ်ဘိ၏။ ငါသည် ပုရောဟိတ်နှင့် စကားပြောရန် သင့်၏ဟု ကြံစည်ကာ -

“အို ပုဏ္ဏား … ဗေဒင်တစ်ထောင် တတ်သောသူသည်လည်း ထိုဗေဒင်ကို အစွဲပြုလျက် သီလ သမာပတ်သို့ မရောက်မူ၍ ဆင်းရဲမှ မလွတ်ခဲ့ပါမူ၊ သီလ သမာပတ်သာ မှန်သည် ဖြစ်ပါမူ ဗေဒင်တို့သည် အကျိုးမရှိဟု ငါ အောက်မေ့ မှတ်ထင်၏”

ဟု ပုရောဟိတ်အား ပြောကြားပြန်၏။ ပုရောဟိတ်သည် ရသေ့စကားကို ကြားလျှင် -

“ရှင်ရသေ့ … ဗေဒင်တို့သည် အကျိုးမရှိ မဟုတ်ကုန်၊ သို့သော်လည်း သီလ သမာပတ်သာ မှန်ကန်၏၊ ဗေဒင်တို့ကို စွဲ၍ ကျော်စောခြင်းသို့ ရောက်၏၊ သီလ သမာပတ်ဖြင့် ဆုံးမအပ်သောသူသည် နိဗ္ဗာန်သို့ရောက်၏” –

ဟု သေတကေတု ရသေ့၏ ဝါဒကိုဖျက်၍ ပြောဆိုကာ ရသေ့အလုံးစုံကို လူထွက်စေပြီးလျှင် ဓား လက်နက်တို့ကို ကိုင်စေလျက် မဟန္တတရက မည်သော မင်းခစားအရာ၌ ထား၍ မင်းကြီးကို လုပ်ကျွေးစေ၏။ ဤအနွယ်သည် မဟန္တတရကတို့၏ အနွယ် ဖြစ်သတတ်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သေတကေတု ရသေ့သည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုလုပ်သော ရဟန်း။

စဏ္ဍာလသည် - သာရိပုတ္တရာ။

မင်းကြီးသည် - အာနန္ဒာ။

ပုရောဟိတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မိစ္ဆာကျင့်ကား၊ ကျိုးမများ၊ လားလိမ့်အပါယ်ကို။

(၂) ဗေဒင်တို့ကား၊ လူတလွှား၊ ကျော်ကြားလိမ့်မည်ဆို။

(၃) သီလ, သမာ၊ ကျင့်သိက္ခာ၊ ရောက်ရာနိဗ္ဗာန်ကို။

သေတကေတုဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ