သုရာဃဋဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -၂၉၁ - သုရာဃဋဇာတ် ဖခင်ဖြစ်ဖူးသော သိကြားမင်းသည် သေသောက်ကြူးဖြစ်၍ ဆင်းရဲနေသောသားအား အလိုရှိတိုင်းရသော ဣစ္ဆာသရအိုးကို လာပေးရာ အရက်မူးလျက် ခွဲပစ်သော သေသောကြူးမိုက်အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]တူရင်းကိုပင် အိမ်မှနှင်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ တူတော်တစ်ယောက်သည် မိဘတို့ဥစ္စာ ဖြစ်သော ရွှေငွေ ကုဋေလေးဆယ်ဆို့ကို သုရာသောက်ခြင်းဖြင့် ဖျက်ဆီးဖြုန်းတီးကာ အနာထပိဏ်သူဌေးကြီးထံသို့ လာလေ၏။
အနာထပိဏ် သူဌေးကြီးသည် တူအား ကုန်သွယ်လောဟု ဆုံးမကာ အသပြာတစ်ထောင်ကို ပေးလိုက်၏။ ထိုအသပြာတစ်ထောင်ကိုလည်း ဖျက်ဆီး၍ သူဌေးကြီးထံ လာပြန်၏။ သူဌေးကြီးလည်း တူအား တစ်ဖန် အသပြာါငးရာ ပေးလိုက်ပြန်၏။ ဖျက်ဆီး၍ လာပြန်၏။ တစ်ဖန် တူအား ပုဆိုးကြီးနှစ်ထည်ကို ပေးလိုက်ပြန်၏။ ဖျက်ဆီး၍ တစ်ဖန် လာပြန်လျှင် သူဌေးကြီးသည် တစ်စုံတစ်ရာကို မပေးတော့ဘဲ တူကို လည်ပင်းကိုက်ကာ အိမ်မှနှင်ထုတ်စေ၏။
ထိူသူဌေးတူသည် ကိုးကွယ်ရာမရှိဖြစ်၍ သူတစ်ပါးတို့ တိုက်နံရံကိုမှီ၍ သေရ၏။ လူတို့သည် အလောင်းကို မြို့ပ၌ စွန့်ပစ်ကြကုန်၏။ ထိုအခါ သူဌေးကြီးသည် မြတ်စွာဘုရားထံသို့သွား၍ တူအကြောင်း အလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “သူဌေးကြီး … ထိုတူကို သင်သည် အဘယ်မှာ ရောင့်ရဲစေနိုင်အံ့နည်းဟု ရှေးအခါ ငါသည် အလုံးစုံသော အလိုဆန္ဒကို ပေးတတ်သော အိုးကို ပေး၍ လည်း ရောင့်ရဲစေအံ့သောငှာ မတတ်နိုင်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ကုဋေလေးဆယ်လုံး သေသောက်ဖြုန်း
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးမျိုး၌ ဖြစ်၍ အဘသူဌေးကြီး ကွယ်လွန်သောအခါ သူဌေးရာထူးကို ရလေ၏။ ထိုသူဌေးကြီး၌ မြေ၌ မြှုပ်ထားသော ဥစ္စာကုဋေလေးဆယ် ရှိ၏။ သားကား တစ်ယောက်တည်းသာ ရှိ၏။ သူဌေးကြီးသည် ကုသိုလ်ကောင်းမှုကိုပြု၍ သေလွန်သောအခါ သိကြားမင်း ဖြစ်လေ၏။
ထိုအခါ သူဌေးသားသည် မဏ္ဍပ်ဆောက်ကယ လူအပေါင်း ခြံရံလျက် သေရည်ကိုသောက်၏။ မူးယစ်ပျော်ပါး၏။ ကျွမ်းထိုးခြင်း၊ ရေချိုးခြင်း၊ တန်ဆာဆင်ခြင်း၊ ကခြင်း စသည်ကို ပြုလုပ်သော သူတို့အား အသပြာ တစ်ထောင်စီပေး၏။ မန်းမကြူးခြင်း၊ သေသောက်ကြူးခြင်း၊ အမဲသား ငါး အစားကြူးခြင်းသို့ရောက်လျက် အဘယ်အရပ်၌ သီချင်းဆိုသနည်း၊ အဘယ်အရပ်၌ တီးမှုတ်သနည်း၊ အဘယ်အရပ်၌ ကပြသနည်း အစရှိသည်ဖြင့် ပွဲသဘင်ကို ရှာဖွေမေးမြန်းကာ ပျော်ပါးကာနေ၏။
ဤသို့လျှင် အသောက်အစား အပျော်အပါးတို့ကို လိုက်စားပျော်မြူးလျက် မေ့မေ့လျော့လျော့ နေလတ်သော် မကြာမြင့်မီလျှင် ဥစ္စာ ကုဋေလေးဆယ်နှင့် အတွင်းအပ အသုံးအဆောင် ဟူသမျှတို့ကို ဖျက်ဆီးဖြုန်းတိီး၍ ကုန်ခန်းသဖြင့် ဆင်းရဲနွမ်းပါ အထီးကျန်သော အဖြစ်သို့ ရောက်လေ၏။ ပုဆိုးနွမ်းကိုဝတ်လျက် ဆင်းဆင်းရဲရဲ နေထိုင်စားသောက်၏။
သိကြားစောင်မ ဆင်းရဲရ
[ပြင်ဆင်ရန်]သိကြားမင်းသည် ဆင်ခြင်ကြည့်ရှုလတ်သော် သားဆင်းရဲ နွမ်းပါးနေသော အဖြစ်ကိုသိ၍ သား၌ ချစ်ခင်းသဖြင့် လာပြီးလျှင် အလုံးစုံသော အလိုဆန္ဒကို ပေးတတ်သော အိုးကို ပေး၍ “အမောင် … ဤအိုးကို မကွဲရအောင် စောင့်ရှောက်ပါ၊ ဤအိုး ရှိလတ်သော် အလိုဆန္ဒ ဟူသမျှကို ပြည့်စုံစေနိုင်၏၊ သတိထားလော့” အကြိမ်ကြိမ် မှာထားဆုံးမပြီးလျှင် နတ်ပြည့်သို့ ပြန်လေ၏။ ထိုအခါမှ စ၍ သူဌေးသားသည် လိုတိုင်းရသဖြင့် သေကိုသာ သောက်လျက်နေ၏။
တစ်နေ့သ၌ သူဌေးသားသည် အလွန် သေရည်မူးယစ်လတ်သော် သတိမရတော့ဘဲ အိုးကို ကောင်းကင်သို့ မြှောက်၍ အောက်ကခံလတ်သော် တစ်ကြိမ်တည်းဖြင့်သာလျှင် လွဲချော်ကာ မြေသို့ကျ၍ ကွဲလေ၏။ အိုးကွဲသောအခါ မှ စ၍ တစ်ဖန် ဆင်းရဲနွမ်းပါးပြန်သဖြင့် ပုဆိုးနွမ်းကိုဝတ်လျက် ခွက်လက်စွဲကာ တောင်းစားပြီးလျှင် သူတစ်ပါးတို့ တိုက်နံရံ၌ မှီလျက် သေရလေ၏။
မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူပြီးလျှင် -
“သေသောက်ကြူးသည် အလုံးစုံသော အလိုဆန္ဒကို ပေးတတ်သော အိုးကိုရ၍ ထိုးအိုးကို စောင့်ရှောက် ထိန်းသိမ်းနိုင်သမျှ ကာလပတ်လုံး ထို သေသောက်ကြူးအား ချမ်းသာကိုရ၏။ မိုက်သော သေသောက်ကြူးသည် ယစ်မူးမေ့လျော့သဖြင့် ဟော့ရမ်းကြမ်းတမ်းသောအခါ အိုးကို ခွဲဘိ၏။ အိုးကွဲသော နောက်ကာလ၌ အဝတ်မဆီး အချည်းနှီးဖြစ်၍ လည်းကောင်း၊ ရံခါ ပုဆိုးနွမ်းကို ဝတ်ဆီးရသည် ဖြစ်၍ လည်းကောင်း ဆင်းရဲပင်ပန်းရ၏။ မိုက်သော သေသောက်ကြူးသည် အိုးကိုရ၍ နောက်ကာလ၌ ပူပန်ဆင်းရဲသကဲ့သို့၊ ထို့အတူ လူမိုက်သည် ဥစ္စာရ၍ မေ့မေ့လျော့လျော့ သုံးဖြုန်း၍ ကုန်းခန်းသော နောက်ကာလ၌ ပူပန်ဆင်းရဲရ၏”
ဟု ဟောကြား ဆုံးမတော်မူ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
· ထိုအခါ အိုးခွဲသော သေသောက်ကြူးသည်-ယခုအခါ သူဌေးကြီး၏တူ။
သိကြားမင်းသည် -ငါဘုရားဖြစ်လာပြီ-
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ပစ္စည်းဥစ္စာ၊ သုံးဖြုန်းရာ၊ ကုန်ကာဆင်းရဲမယ်။
(၂) လိုရာရမြဲ၊ အိုးကိုခွဲ၊ ဆင်းရဲလူမိုက်နှယ်။
(၃) ပေးပါသော်လဲ၊ မရောင့်ရဲ၊ မိုက်ခဲလူမယ်။
သူရာဃဋဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။