သုပ္ပဗုဒ္ဓ (သောတာပန်)

ဝီကီပီးဒီးယား မှ

သုပ္ပဗုဒ္ဓသည် မြတ်စွာဘုရား၏ သာသာနာတော်တွင် သောတာပန်အရိယာဖြစ်ခဲ့သူတစ်ဦး ဖြစ်သည်။[၁]

သုပ္ပဗုဒ္ဓ[ပြင်ဆင်ရန်]

သုပ္ပဗုဒ္ဓသည် ရာဇဂြိုဟ်ပြည်၌ လူတကာတို့ထက် ဆင်းရဲသူ အထီးကျန်ချို့တဲ့သူ လူနူတစ်ဦး ဖြစ်သည်။[၁]

တရားနာကြားခြင်း[ပြင်ဆင်ရန်]

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည့်ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် များစွာသော ပရိသတ်ခြံရံ၍ တရားဟောလျက်နေတော်မူ၏။ ထိုအခါ သုပ္ပဗုဒ္ဓလူနူသည် အဝေးမှနေ၍ တရားနာရန် စုဝေးနေသောလူအပေါင်းကို မြင်၍ ထိုအရပ်တွင် စားသောက်ဖွယ်များကို ဝေခြမ်းနေသည်ဟု ထင်ရာ သွားရောက်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင် တရားဟောကြားတော်မူနေကြောင်း သိ၍ မိမိလည်း တရားနာရမူကောင်း၏ဟု အကြံဖြစ်၍ တရားနာလေသည်။[၁]

ထိုအခါ မြတ်စွာဘုရားသည် လူမျိုးစုံပါဝင်သော ပရိသတ်ကို စိတ်တော်ဖြင့် (ပရိသတ်) စိတ်ကို ပိုင်းခြားသိ၍ "ဤပရိသတ်၌ အဘယ်သူသည် တရားကို သိထိုက်သနည်း" ဟု နှလုံးသွင်းတော်မူ၏။ မြတ်စွာဘုရားသည် ထိုပရိသတ်၌ ထိုင်နေသော သုပ္ပဗုဒ္ဓလူနူကို မြင်၍ '"ဤပရိသတ်၌ သုပ္ပဗုဒ္ဓလူနူသည်တရားကို သိခြင်းငှါ ထိုက်၏" ဟု ကြံပြီးလျှင်သုပ္ပဗုဒ္ဓလူနူကို အကြောင်းပြု၍အစဉ်အတိုင်းသောတရားကို ဟောတော်မူ၏။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် တရားတော်ကို နာကြားရသဖြင့် သုပ္ပဗုဒ္ဓသည် ထိုနေရာ၌ပင် "ဖြစ်ခြင်းသဘောရှိသောတရားသည်ချုပ်ခြင်းသဘော ရှိ၏" ဟူသည့် သောတာပတ္တိမဂ်ဉာဏ် သည် ထင်ရှားဖြစ်ပေါ်၏။[၁]

ထို့နောက်တွင် သုပ္ပဗုဒ္ဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍

"အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ အသျှင်ဘုရား ဥပမာအားဖြင့် မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းအပ်သော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူ့အား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ညှိထွန်းသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဘုရား အကျွန်ုပ်သည်မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍အသက်ထက်ဆုံး ဘုရား တရား သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ ဥပါသကာ ဟုမှတ်တော်မူပါ"

ဟု လျှောက်ထား၏။[၁]

သောတာပန်ဖြစ်ခြင်း[ပြင်ဆင်ရန်]

ထို့နောက် သုပ္ပဗုဒ္ဓ သည် မြတ်စွာဘုရား၏ တရားစကားဖြင့် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက်မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်အရိုအသေပြုကာ ဖဲသွားလေ၏။ ထို့နောက်ဖဲသွား၍ မကြာမီပင် သုပ္ပဗုဒ္ဓလူနူကို နို့စို့နွားငယ်ရှိသော နွားမသည် ဝှေ့၍ သတ်လေ၏။[၁]

ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ သုပ္ပဗုဒ္ဓလူနူ၏ လားရာဂတိကို မေးမြန်း လျှောက်ထားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် သုပ္ပဗုဒ္ဓသည် သံယောဇဉ်သုံးပါးတို့ကုန်ခြင်းကြောင့် ဖရိုဖရဲ ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်ဖြစ်ကြောင်း မိန့်တော်မူ၏။[၁]

သုပ္ပဗုဒ္ဓ၏ ဝဋ်ကြွေး[ပြင်ဆင်ရန်]

ထိုအခါ ရဟန်းတို့ သည် မြတ်စွာဘုရားအား "သုပ္ပဗုဒ္ဓသည် အဘယ်ကြောင့် လူတကာတို့ထက်ဆင်းရဲရခြင်း အထီးကျန်ရခြင်း ချို့တဲ့ရခြင်း ဖြစ်ရပါနည်း" ဟု မေးမြန်းလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် သုပ္ပဗုဒ္ဓ ၏ ဝဋ်ကြွေးကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့သည်။[၁]

သုပ္ပဗုဒ္ဓလူနူသည်ဤရာဇဂြိုဟ်ပြည်၌ပင် သူဌေးသား ဖြစ်ဖူး၏။ ထိုသူဌေးသားသည်ဥယျာဉ်သို့ ထွက်လတ်သော် (ရာဇဂြိုဟ်) မြို့သို့ ဆွမ်းခံဝင်သောတဂ္ဂရသိခီပစ္စေကဗုဒ္ဓါကို မြင်၍ ဤသူသည် အဘယ်သူနည်း လူနူသည်လူနူအဝတ်ဖြင့် လှည့်လည်၏ဟု ကြံစည်ပြီးလျှင်တံတွေးထွေးကာ အရိုအသေ မပြုဘဲ ဖဲသွား၏။ ထိုသူဌေးသားသည်ထိုကံ၏ အကျိုးကြောင့် အနှစ်အရာ အနှစ်အထောင်အနှစ်အသော င်းတို့ပတ်လုံး ငရဲ၌ ကျရောက်၏။ ထိုကံ၏ အကျိုးကြွင်းကြောင့် ပင်လျှင်ဤရာဇဂြိုဟ်ပြည်၌ လူတကာတို့ထက်ဆင်းရဲသော အထီးကျန်သော ချို့တဲ့သော လူနူဖြစ်၏။[၁]

ထို့နောက်မြတ်စွာဘုရားသည် သုပ္ပဗုဒ္ဓသည် တာဝတိံသာနတ်ပြည်သို့ ရောက်ရှိသွားကြောင်း မိန့်တော်မူ၏။[၁]

မြတ်စွာဘုရား၏ ဥဒါန်းစကား[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌

မျက်စိအမြင်ရှိသူသည် လုံ့လဝီရိယရှိလတ်သော်မညီညွတ်သောအရပ်တို့ကို ရှောင်ကြဉ်သကဲ့သို့ ဤအတူ သတ္တလောက၌ ပညာရှိသောသူသည် မကောင်းမှုတို့ကို ကြဉ်ရှောင်ရာ၏

ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ https://suttacentral.net/ud5.3/my/pmt ဥဒါန်းပါဠိတော်၊ ၃-သုပ္ပဗုဒ္ဓကုဋ္ဌိသုတ်