သီဟကောတ္ထုဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၄။ အသဒိသဝဂ် -၁၈၈ - သီဟကောတ္ထုဇာတ်။ ။ မိမိ၏ ဟောက်သံဖြင့် မြေခွေးမ၏ သားအဖြစ်ကို သိစေသော ခွေးခြင်္သေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

သူများတုလင့် နှိုင်းချိန်သင့်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့တရားဟောကုန်လတ်သော် ပရိသတ်အလယ်တွင် အသံဖြင့်တရားဟောလိုသော ကောကာလိကကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဖခင်တူလည်း အသံကွဲ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် ခြသေ့င်္မင်းဖြစ်၍ မြေခွေးမတစ်ကောင်နှင့် ပေါင်းဖော်ခြင်းကိုစွဲ၍ သားတစ်ကောင် ရလေ၏။ ထိုသားသည်လက်ချောင်း ခြေချောင်းတို့ဖြင့် လည်းကောင်း၊ လက်သည် ခြေသည်းတို့ဖြင့် လည်းကောင်း၊ မှင်ဆံမွေးတို့ဖြင့် လည်းကောင်း၊ အဆင်းသဏ္ဌာန်တို့ဖြင့် လည်းကောင်း အဖခြင်္သေ့မင်းနှင့် အလုံးစုံတူ၏။ အသံဖြင့်ကား အမိမြေခွေးမနှင့် တူ၏။

မျိုးရိုးပြောပြ တားမြစ်ရ[ပြင်ဆင်ရန်]

တစ်နေ့သ၌ မိုးရွာ၍စဲသည်ရှိသော် ခြင်္သေ့တို့သည် ဟောက်ကုန်လျက် မြူးတူးပျော်ပါး ကစားကြကုန်၏။ ထိုအခါ မြေခွေးမ သားသည်လည်း ခြသေ့င့်္စစ်တို့အလည်၌ ဟောက်လိုသည် ဖြစ်၍ မြေခွေးမြည်သံကို မြည်လေ၏။ ခြင်္သေ့တို့သည် မြေခွေးမြည်သံကို ကြားလျှင် မဟောက်ကြပဲ ဆိတ်ဆိတ် နေကြကုန်၏။

အဖခြင်္သေ့မင်းနှင့် ဇာတ်တူဖြစ်သော သားခြင်္သေ့စစ်တစ်ကောင်သည် ဖခင်ခြင်္သေ့မင်းအား -

“ဖခင် ... ဤခြင်္သေ့ကား လက်ချောင်း၊ ခြေချောင်း၊ လက်သည်း၊ ခြေသည်း၊ မှင်ဆံ အဆင်းသဏ္ဌာန်အားဖြင့် အလုံးစုံ ကျွန်ုပ်တို့နှင့်တူ၏။ အသံကား မြေခွေးသံနှင့် တူ၏။ အဘယ်ခြင်္သေ့မျိုး ဖြစ်သနည်း” – ဟု မေးလေ၏။ ခြင်္သေ့မင်းလည်း “ချစ်သား ... ဤခြင်္သေ့ကား သင်၏ ညီအရင်းတည်း၊ မြေခွေးမ၏ သားဖြစ်၍ အဆင်းသဏ္ဌာန်အားဖြင့် ငါအဖနှင့် တူသော်လည်း အသံအားဖြင့် အမိမြေခွေးမနှင့် တူသေည်ဟု ပြောဆိုပြီးသော် မြေခွေးမ သားခြင်္သေ့ကို ခေါ်စေ၍ -

“ချစ်သား ... သင်မမြည်လင့်၊ ဤတော၌ ဆိတ်ဆိတ်သာ နေလော့၊ သင့်ကို မြည်သံဖြင့် မြေခွေးဟု မသိစေလင့်၊ အမှန်အားဖြင့် သင့်အသံမှာ အဖခြင်္သေ့မင်း အသံနှင့် မတူပေ” –

ဟု ပြောဆိုဆုံးမလေ၏။ မြေခွေးမသား ခြင်္သေ့လည်း အဖ၏ အဆုံးအမ၌တည်ကာ နောက်တစ်ဖန် မမြည်ဝံ့တော့ချေ။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ မြေခွေးမသားသည် - ယခုအခါ ကောကာလိက။

ခြင်္သေ့မင်းသားသည် - ရာဟုလာ။

ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) နည်းလှကြားမြင်၊ လူရာဝင်၊ လူတွင်ရှက်ကွဲမည်။

(၂) မြေခွေးသားမောင်၊ ခြင်္သေ့ဘောင်၊ ဟောင်၍ရှက်ကွဲသည်။

သီဟကောတ္ထုဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ