သီလဝနာဂရဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၈။ ဝရုဏဝဂ် -၇၂ - သီလဝနာဂရာဇဇာတ်။ ။ ကျေးဇူးရှင် ဆင်မင်းအား အကြိမ်ကြိမ် ပြစ်မှားသဖြင့် မြေမျိုခံရသော မုဆိုးမိုက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကျေးဇူးမသိတတ် ဒေဝဒတ်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ဒေဝဒတ်သည် မြတ်စွာဘုရား၏ ကျေးဇူးတော်ကို မသိ” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ကြားတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါမှသာ ကျေးဇူးကို မသိတတ်သည် မဟုတ်၊ ရှေးအခါကလည်း ကျေးဇူးကို မသိဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဆင်မျိုးဖြစ်လတ်သော် လောင်းတော်မြတ်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် ဆင်အမျိုး၌ဖြစ်၍ မွေးဖွားစကပင် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူ၍ အလွန်လှပတင့်တယ်၏။ လိမ္မာရေးခြားရှိသော အရွယ်သို့ရောက်လျှင် ဆင်ရှစ်သောင်းတို့ အလုပ်အကျွေးကို ခံယူလျက် အကြီးအမှူး ဖြစ်လေ၏။

နောက်အခါ အပေါင်းအဖော်တို့နှင့် နေထိုင်ရခြင်း၌ အပြစ်ကိုမြင်ရာ အပေါင်းအဖော်ကိုခွာ၍ တစ်စီးတည်းသောနေ၏။ အကျင့်သီလနှင့် ပြည့်စုံသည့်အတွက် သီလဝနာဂရာဇာ ဟူသောအမည် တွင်လေ၏။

မုဆိုးသေဖွယ် မျက်စိလည်[ပြင်ဆင်ရန်]

ထိုအခါ ဗာရာဏသီမြို့နေ မုဆိုးတစ်ယောက်သည် ဟိမဝန္တာတော်သို့ဝင်ကာ မိမိလိုရာ ပစ္စည်းဘဏ္ဍာတို့ကို ရှာဖွေလတ်သော် မျက်စိလည်လမ်းမှား၍ သေဘေးမှ ကြောက်သဖြင့် လက်နှစ်ဖက်တို့ကို မြှောက်လျက် ဟစ်အော်ကာ ငိုကြွေးလေ၏။

ဆင်မင်းသည် မုဆိုးငိုသံကို ကြားလတ်သော် ငါသည် ထိုယောကျ်ား၏ အသက်ကို ကယ်ဆယ်၍ ဆင်းရဲမှ လွတ်စေမည်ဟု ကြံစည်ကာ မုဆိုးရှိရာသို့ သွားလေ၏။ မုဆိုးလည်း ဆင်မင်း လာသည်ကိုမြင်လျှင် ကြောက်ရွံ့သဖြင့် ပြေးလေ၏။ မုဆိုး ပြေးလျှင် ဆင်မင်းက ရပ်ပြန်၏။ ဆင်မင်းလာလျှင် မုဆိုး ပြေးပြန်၏။ မုဆိုး ပြေးပြန်လျှင် ဆင်မင်းက ရပ်ပြန်၏။

ဆင်မင်းကယ်ထား လိုက်ပို့ငြား[ပြင်ဆင်ရန်]

ထိုအခါ မုဆိုးသည် ဤဆင်မင်းကား ငါရပ်လျှင် လာသည်၊ ငါပြေးလျှင် ရပ်သည်၊ ငါ့ကို ရန်ပြုမည် မဟုတ်၊ မုချ ငါ၏ဆင်းရဲကို လွတ်စေလိမ့်မည်ဟု ကြံစည်ကာ မကြောက်ရွံ့တော့ဘဲ ရပ်လျက်သာ နေလေ၏။ ဆင်မင်းလည်း လာ၍ “အို ယောကျ်ား ... သင် အဘယ်ကြောင့် ငိုကြွေးသနည်း” ဟု မေးလျှင်၊ “အရှင် ... မျက်စိလည် လမ်းမှား၍ သေဘေးမှ ကြောက်သဖြင့် ငိုကြွေးပါသည်” ဟု ပြောဆိုလေ၏။ ဆင်မင်းသည် မုဆိုးကို ခေါ်ယူကာ မိမိနေရာ၌ နေစေပြီးလျှင် နှစ်ရက်၊ သုံးရက် သစ်သီးကြီးငယ် တို့ကို ကျွေးမွေး၍ “အို ယောကျ်ား ... လာပါ၊ မကြောက်ပါလင့် ငါပို့မည်” ဟု ဆို၍ ကျော်ပေါ်တင်ပြီးလျှင် လူတို့ နေရာ လမ်းခရီးသို့ ပို့လေ၏။

မုဆိုးယုတ်မာ တစ်ဖန်လာ[ပြင်ဆင်ရန်]

မုဆိုးလည်း ဆင်မင်း ကျော်ပေါ်က လိုက်ကာ တောတောင် သစ်ပင်တို့ကို အမှတ်အသားပြု၍လိုက်၏။ ဆင်မင်းလည်း တောအပြင်သို့ရောက်လျှင် ဗာရာဏသီမြို့သို့ သွားသော လမ်းခရီး၌ချ၍ “အို ယောကျ်ား ... ဤလမ်းခရီးဖြင့် သွားလော့၊ သူတစ်ပါး မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ ငါ့နေရာအရပ်ကို မပြောကြားလေနှင့်” ဟု မှာထားပြီး လျှင် မိမိနေရာသို့ ပြန်ခဲ့၏။

မုဆိုးလည်း ဗာရာဏသီပြည်သို့ရောက်လျှင် ဆင်စွယ်ပွတ်သမားတို့ထံသွား၍ “အချင်းတို့ ... အသက်ရှင်သော ဆင်စွယ်ကို ယူကြမည်လော” ဟု မေးလေ၏။ “အချင်း ... ဘယ်လို ပြောပါသနည်း၊ အသက်ရှင်သော ဆင်စွယ်မှာ သေသော ဆင်စွယ်ထက် အဖိုးထိုက်တန်သည်၊ ယူသာယူခဲ့ပါ” ဟု ဆိုလေလျှင် မိမိအသက်ကို ကယ်ဆယ်ဖူးသော ကျေးဇူးကို မထောက်ထားဘဲ ရက်စက်ယုတ်မာလှသော မုဆိုးသည် ထက်စွာသော လွှတစ်ချောင်းကိုယူကာ ဆင်မင်းထံ သွားလေ၏။

သဗ္ဗညုဉာဏ်တွက် စွယ်လှူချက်[ပြင်ဆင်ရန်]

ဆင်မင်းလည်း မုဆိုးကိုမြင်လျှင် “အို ယောကျ်ား ... ဘယ်အတွက် လာသနည်း” ဟု မေးလေ၏။ “အရှင် ... အကျွန်ုပ်မှာ အလွန်ဆင်းရဲသဖြင့် ဆင်စွယ်အတွက် လာပါသည်” ဟု ဆိုလေရာ၊ “အို ယောကျ်ား ... ကောင်းပြီ ယူပါ” ဟု ဆိုပြီးလျှင် ထိုင်လျက် ဦးကင်းကို ညွှတ်၍ ပေးလေ၏။ မုဆိုးလည်း ဆင်မင်းခေါင်းပေါ်သို့ တက်ကာ အစွယ်နှစ်ချောင်းလုံး အဖျားတို့ကို လွှနှင့် ဖြတ်လေ၏။ ဆင်မင်းလည်း ပြတ်ပြီးသော အစွယ်တို့ကိုယူ၍ “ဤဆင်စွယ်ကို လှူဒါန်းရသော ကောင်းမှုကြောင့် သဗ္ဗညုတဉာဏ်ကို ရပါလို၏” ဟု ဆုတောင်းကာ မုဆိုးအား လှူဒါန်းလေ၏။

မုဆိုးလည်း ဆင်စွယ်တို့ကို ယူ၍သွားကာ ရောင်းချ၍ ရသောအဖိုး ကုန်လျှင် ဆင်မင်းထံ လာပြန်၏။ ဆင်မင်းလည်း ကျန်ရစ်သော အစွယ်ငုတ်တို့ကို အဖြတ်ခိုင်းပြီးလျှင် လှူလိုက်ပြန်၏။ တစ်ဖန် အစွယ်ဖိုး ကုန်ပြန်လျှင် ဆင်မင်း ထံ လာပြန်၏။ ဆင်မင်းလည်း အဖြတ်ခိုင်း၏။ ထိုအခါ မုဆိုးယုတ်သည် အသားကို ဖြတ်လှီးကာ အသားတွင်းရှိ အစွယ်ရင်းတို့ကို ယူ၍ သွားလေပြန်၏။

လူမိုက်လောဘ မြေမျိုရ[ပြင်ဆင်ရန်]

ထိုအကြိမ်၌ကား ဆင်မင်း မြင်ကောင်းရာအရပ်ကို လွန်လျှင် အဆွေခင်ပွန်းကောင်းကို ပြစ်မှားလျက် ကျေးဇူးကို မသိတတ်သော မုဆိုးယုတ်အား နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီ မြေကြီးသည် ထမ်းဆောင်၍ မထားနိုင်တော့ဘဲ ကွဲအက်လျက် မျိုသဖြင့် အဝီစိငရဲသို့ လားရလေ၏။

ထိုအခါ တောအုပ်၌နေသော ရုက္ခစိုးနတ်သည် -

“အို နတ်အပေါင်းတို့ ... သူတစ်ပါး ပြုထားသော ကျေးဇူးကို မသိဘဲ အမြဲတမ်း ပြစ်မှားဖို့ အခွင့်ကိုသာ ရှာ၍နေသော ယောကျ်ားယုတ်အား စကြဝတေးမင်း အဖြစ်ကို ပေးသော်လည်း ရောင့်ရဲကျေနပ်မည် မဟုတ်” - ဟု တစ်တောလုံး ပဲ့တင်ထပ်စေလျက် တရားဟော လေ၏။ ဆင်မင်းလည်း အသက်ထက်ဆုံး တည်၍ သေလွန်သည့် အခြားမဲ့၌ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အဆွေခင်ပွန်း ပြစ်မှားသော ယောကျ်ားယုတ်သည် - ယခုအခါ ဒေဝဒတ်။

ရုက္ခစိုးနတ်သည် - သာရိပုတ္တရာ။

ဆင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကျေးဇူးမကျင့်၊ ပြစ်မှားခွင့်၊ မျှော်လင့်နေသူမှာ။

(၂) စကြာစည်းစိမ်၊ ပေးသူကြိမ်၊ တင်းတိမ်မရှိပါ။

(၃) ကျေးဇူးရှင်ကို၊ ပြစ်မှားလို၊ မြေမျိုဝီစိမှာ။

သီလဝနာဂရာဇဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ