သိရိဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၈၄) သိရိဇာတ်။ ။ မြစ်ဆိပ်တွင် မျောလာသည့် ကျက်သရေနှင့် ပြည့်စုံသော ကြက်သားဟင်းကို စားသောက်ရသဖြင့် ၃ရက်အတွင်း မင်းအဖြစ်သို့ရောက်သော ဆင်ဆရာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကျက်သရေသိထား ဗြာဟ္မဏပုဏ္ဏား[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌နေသော ပုဏ္ဏားတစ်ယောက်သည် ကျက်သရေ၏ လက္ခဏာကို သိ၏။

ထိုပုဏ္ဏားသည် တစ်နေ့သ၌ အနထာထပိဏ်သူဌေးကား ရှေး၌ ဆင်းရဲပါလျက် ယခု စည်းစိမ်ရှင် ဖြစ်လာပြန်၏။ ငါသည် အနာထပိဏ်သူဌေးကို ဖူးမြင်လိုသောဟန်ဖြင့်သွားကာ အိမ်မှ ကျက်သရေကို ခိုးယူ၍ လာရမူကား ကောင်းလေစွဟု ကြံစည်ကာ အနာထပိဏ် သူဌေးအိမ်သို့ သွားလေ၏။ ရောက်လျှင် တစ်သက်ပန်လုံး အောက်မေ့အပ်သော စကားကို ပြောဆိုပြီးလျှင် သူဌေးသည် “အို ပုဏ္ဏား ... ဘာအလိုရှိ၍ လာသနည်း၊ အလိုရှိရာကို ပြောပါ” ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏားသည် ရုတ်တရက် မပြောသေးဘဲ ကျက်သရေ ဘယ်မှာတည်းသနည်းဟု ကြည့်လတ်သော် ရွှေချိုင့်ဖြင့် မွေးထားသော ကြက်ဖြူ၏အမောက်၌ တည်သည်ကိုသိလျှင် “သူဌေးမင်း ... တပည့်ငါးရာတို့ကို ဗေဒင်သင်စေရာ အချိန်မှန်မှန်တွန်သော ကြက်ကို အိလိုရှိပါသည်၊ ဤကြက်ဖြူကို ပေးပါ” ဟု တောင်းလေ၏။ သူဌေးသည် “ပုဏ္ဏား ... ယူပါလော့ သင့်ကိုငါပေး၏” ဟု ပြောဆိုစဉ် ကျက်သရေသည် ကြက်၏အမောက်မှ ပြောင်းရွှေ့၍ ဦးခေါင်းရင်းတွင်ထားသော ပတ္တမြားတုံး၌ တည်ပြန်၏။

အဆင့်ဆင့်ပြောင်းနေ ကျက်သရေ[ပြင်ဆင်ရန်]

ထိုအခါ ပုဏ္ဏားသည် ပတ္တမြားတုံး၌ တည်သည်ကို သိပြန်လျှင် ပတ္တမြားတုံးကို တောင်းပန်၏။ သူဌေးလည်း “ယူလော ပေးပါ၏” ဟု ဆိုစဉ်ခဏ၌လျှင် ကျက်သရေသည် ပတ္တမြားတုံးမှ ပြောင်းရွှေ့ကာ ဦးခေါင်းရင်းတွင် ထားအပ်သော တောင်းဝှေး၌ တည်ပြန်၏။ ပုဏ္ဏား သိပြန်လျှင် တောင်းဝှေးကို တောင်းပြန်၏။ “ယူလော ပေးပါ၏” ဟု ဆိုစဉ်ခဏ၌လျှင် ကျက်သရေသည် တောင်ဝှေးမှ ပြောင်းရွှေ့ကာ ပုညလက္ခဏဒေဝီ မည်သော သူဌေးကတော် ဦးခေါင်း၌ တည်ပြန်၏။

ပုဏ္ဏားသည် သိပြန်လျှင် ဤမိန်းမကား မစွန့်အပ်သော ဥစ္စာဖြစ်၏၊ တောင်းခြင်းငှာ မတတ်ကောင်းဟု ကြံစည်၍ “သူဌေးမင်း ... အကျွန်ုပ်သည် သင်သူဌေးအိမ်မှ ကျက်သရေကို ခိုးယူလို၍ လာပါသည်၊ ထိုကျက်သရေသည် ရှေးဦးစွာ ကြက်၏အမောက်၌ တည်၏၊ အကျွန်ုပ်အား ပေးလျှင် ပြောင်းရွှေ့ကာ ပတ္တမြားတုံး၌ တည်ပြန်၏၊ အကျွနု်အား ပေးပြန်လျှင် ပြောင်းရွှေ့ကာ တောင်ဝှေး၌ တည်ပြန်၏၊ အကျွန်ုပ်အား ပေးပြန်လျှင် ပေးပြန်လျှင် ပြောင်းရွှေ့ကာ ပုညလက္ခဏဒေဝီ၏ ဦးခေါင်း၌ တည်ပြန်၏။ ဤမိန်းမကား မစွန့်အပ်သောဥစ္စာ ဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ် ယူခြင်းငှာ မတတ်ကောင်း၊ သင့်ကျက်သရေကို ခိုးယူခြင်းငှာ မတတ်နိုင်၊ သင့်ဥစ္စာသည် သင့်အားသာလျှင် ဖြစ်ပါစေလော့” ဟု ဆို၍ အိမ်သို့ ပြန်လေ၏။

အနာထပိဏ် သူဌေးလည်း မြတ်စွာဘုရားထံသွား၍ ဤအကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် သူဌေး၏စကားကို ကြားတော်မူလျှင် “သူဌေးမင်း ... ကျက်သရေသည် ယခုအခါ၌သာ တစ်ပါးသို့သွားသည်မဟုတ်၊ ရှေးအခါ၌လည်း ဘုန်းကံနည်းသော သူတို့သည် ဖြစ်စေအပ်သော ကျက်သရေသည် ဘုန်းကံရှိသောသူတို့၏ ခြေက်ရင်းသို့ သွားဖူးပြီ ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဆင်ဆရာဆည်းကပ် ရသေ့မြတ်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာကိသတိုင်းတွင် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှ် အိမ်ရာတည်ထောင် လူ၏ဘောင်၌ နေလေ၏။ မိဘတို့ ကွယ်လွန်သောအခါ သံဝေဂရသဖြင့် ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်တွင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေလျက် ကြာမြင့်စွာ နေလေ၏။

တစ်နေ့သ၌ ချဉ်းဆား မှီဝဲလိုသဖြင့် ဇနပုဒ်သို့ သွားပြီးလျှင် ဗာရာဏသီမင်း ဥယျာဉ်တော်၌နေ၍ နက်ဖြန် မြို့တွင်း၌ ဆွမ်းခံလတ်သော် ဆင်ဆရာ၏ အိမ်တံခါးသို့ ရောက်လေ၏။ ဆင်ဆရာလည်း ရသေ့၏ ငြိမ်သက်တည်ကြည်သော ဣန္ဒြေ၌ ကြည်ညို၍ ဆွမ်းလှူပြီးလျှင် ဥယျာဉ်တော်၌ပင် သီတင်းသုံးစေ၍ အမြဲ ဆွမ်း စသည်ဖြင့် လုပ်ကျွေးလေ၏။

ထင်ခွေသည်ကြား ကြက်ငြင်းပွား[ပြင်ဆင်ရန်]

ထိုအခါ ထင်ခွေသမား တစ်ယောက်သည် တောသို့သွား၍ ထင်းတို့ကို ခွေပြီးလျှင် အိမ်သို့ပြန်လာရာ မြို့တံခါးမပိတ်မီအချိန်၌ တံခါးသို့ရောက်အောင် မလာနိုင်တော့သဖြင့် ညအခါ နတ်ကွန်းတစ်ခုဝယ် ထင်းစည်းကို ခေါင်းရင်း၌ထား၍ အိပ်လေ၏။ ထိုနတ်ကွန်းတွင် လွှတ်၍ထားသော ကြက်များစွာတို့သည် နတ်ကွန်း၏အနီး သစ်ပင်ကြီးတစ်ခု၌ အိပ်ကြကုန်၏။

အထက်၌အိပ်သော ကြက်တစ်ကောင်သည် မိုးသောက်ထ အခါဝယ် ကျင်းကြီးကို စွန့်ချသည်ရှိသော အောက်၌ အိပ်သော ကြက်တစ်ကောင်၏ ကိုယ်ပေါ်တွင်ကျ၏။ အောက်ကြက်သည် “ငါ့အပေါ် အဘယ်သူ ကြင်ကြီးစွန့်သနည်း” ဟု ပြော၏။ အထက်ကြက်သည် “ငါ စွန့်ချမိ၏” ဟု ပြော၏။ “အဘယ်ကြောင့် စွန့်ချသနည်း” ဟု မေးလျှင် “သတိမရ အမှတ်မဲ့ စွန်ချမိပါသည်၊ သည်းခံပါ” ဟု တောင်းပန်လေ၏။

အထက်ကြက်သည် နောက်တစ်ဖန် စွန့်မြဲ စွန့်ချပြန်၏။ ထိုကြက်နှစ်ကောင်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ကာ မာန်မာနတက်၍ မိမိ တန်ခိုးအစွမ်းကို ပြကြကုန်။ အောက်ကြက်သည် အထက်ကြက်အား “ဟယ် - ကြက်ဖျင်း ... နင့်အစွမ်း ဘာရှိသလဲ၊ငါ့ကိုသတ်၍ အသားကို ကင်စားသူမှာ ချက်ချင်း အသပြာတစ်ထောင်ရမည်” ဟု ပြောဆို၏။ ထိုအခါ အထက်ကြက်သည် အောက်ကြက်အား “ဟယ်-ကြက်ဖျင်း ... နင့်အစွမ်း သည်မျှပဲလား၊ ငါ့ကို မကြွားလင့်၊ ငါ၏ ကြီးမြတ်သော အသားကို စားသူသည် မင်းဖြစ်မည်၊ အပြင်ပ၌ အသားကို စားသူသည် ယောကျ်ားဖြစ်လျှင် သေနာပတိဖြစ်မည်၊ မိန်းမဖြစ်လျှင် မိဖုရားဖြစ်မည်၊ အရိုးကပ်သော အသားကို စားသူသည် လူဖြစ်လျှင် ဘဏ္ဍာစိုး ဖြစ်မည်၊ ရဟန်းဖြစ်လျှင် မင်းဆရာဖြစ်မည်” ဟု ပြောဆိုလေ၏။

ကြက်ကိုသတ်ဖြတ် စီရင်လတ်[ပြင်ဆင်ရန်]

ထိုအခိုက် ထင်းခွေသမားသည် ကြက်နှစ်ကောင်တို့ ပြောဆိုသော စကားကို ကြားလျှင် ငါ့မှာ အသပြာ တစ်ထောင်ဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ မင်းအဖြစ်ကို ယူမည်ဟု ကြံစည်ကာ သစ်ပင်ကြီးသို့ လျင်မြန်စွာ တက်ပြီးလျှင် အထက်ကြက်ကို ဖမ်း၍သတ်ကာ ခါးပိုက်ထဲသို့ ထည့်ပြီးလျှင် အိမ်သို့ပြန်၍ အမွေးအတောင် နုတ်ကာ ဝမ်းကိုသုတ်သင်ပြီးလျှင် ဤကြက်သားကို ကောင်းစွာစီရင်ပါ ဆို၍ မယားအား ပေးလေ၏။

မယားလည်း ထမင်းနှင့်တကွ ကြက်သားကို ကောင်းစွာ စီရင်ချက်ပြုတ်ပြီးလျှင် လင်အား စားရန် တည်ခင်းလေ၏။ လင်လည်း ရုတ်တရက် မစားသေးဘဲ မယားအား “ရှင်မ ... ဤကြက်သားကား သာမည ကြက်သား မဟုတ်၊ တန်ခိုးအာနုဘော် အလွန်ကြီးမားလှသည်၊ ဤကြက်သားကို စားရလျှင် ငါ မင်းဖြစ်မည်၊ ရှင်မလည်း မိဖုရားကြီး ဖြစ်မည်၊ သို့အတွက် သင်သည် ထမင်းနှင့် ကြက်သားကို အုပ်တွင် ကောင်းစွာထည့်၍ယူခဲပါ၊ ရေချိုးပြီး ကိုယ်လက်သန့်ရှင်းမှ စားမည်” ဟု ပြော၍ လင်မယားနှစ်ယောက်လုံး ရေချိုးရန် ထမင်းဟင်းကိုယူကာ ဂင်္ဂါမြစ်သို့ သွားကြကုန်၏။

ဂင်္ဂါမြစ်တွင်း ကြက်သားဟင်း[ပြင်ဆင်ရန်]

ဂင်္ဂါမြစ်သို့ရောက်လျှင် ထမင်းအုပ်ကို မြစ်ကမ်းပေါ်တွင် ထားခဲ့၍ လင်မယားနှစ်ယောက်လုံး မြစ်သို့ ဆင်းသက်ကာ ရေချိုးကြကုန်၏။ ထိုခဏ၌ လေတိုက်ခတ်သဖြင့် ရေလှိုင်းတွေ ထလာကာ ကမ်းပေါ်သို့ရောက်၍ ထမင်းအုပ်ပါသွားသဖြင့် ဂင်္ဂါမြစ်၌ မျောလေ၏။ အောက်ဆိပ်ကမ်းတွင် ဆင်တို့ကို ရေချိုးပေးနေသော ဆင်ဆရာတစ်ယောက်မြင်လျှင် အုပ်ကို ဆယ်ယူစေ၍ ဖွင့်စေရာ ထမင်းနှင့် ကြက်သားဟင်းမှန်း သိသဖြင့် ထမင်းအုပ်ကို ပိတ်စေ၍ တံဆိပ်ခတ်စေပြီးလျှင် ငါမရောက်မီ ဘယ်သူမျှ မဖွင့်နှင့်ဟု မှာထားကာ မယားထံ ပို့စေ၏။ ဘုန်းကံနည်းပါးသော ထင်းခွေသမား လင်မယားတို့လည်း ထမင်းအုပ်ကို မဆယ်နိုင်တော့ဘဲ ခံတွင်းသို့ဝင်သော သဲ ရေတို့ဖြင့် ဝမ်းဗိုက် ဖူးဖူးရောင်ကာ အိမ်သို့ပြန်ကြရကုန်၏။

ထိုခဏ၌ ဆင်ဆရာ ကိုးကွယ်သော ဒိဗ္ဗစက္ခုရှင် ရသေ့လည်း ငါ၏ အလုပ်အကျွေးဖြစ်သော ဆင်ဆရာသည် ဤရာထူးကိုစွန့်၍ ဘယ်အခါ စည်းစိမ်ချမ်းသာကို ရပါမည်နည်းဟု ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင်လတ်သော်ထိုကြက်သားရသော အကြောင်းကိုသိ၍ ရှေးဦးစွာ သွားပြီးလျှင် ဆင်ဆရာ၏အိမ်၌ နေလင့်၏။

ကြက်သားကိုကျွေး သတိပေး[ပြင်ဆင်ရန်]

ဆင်ဆရာလည်း အိမ်သို့ ပြန်လာပြီးလျှင် ထမင်းအုပ်ကို ယူခဲ့စေ၍ ဆရာရသေ့အား ကပ်လှူလေ၏။ ရသေ့လည်း ဆွမ်းကို အကပ်ခံပြီးလျှင် ကြက်သားကို အကပ်မခံသေးဘဲ ကြက်သားကို ငါစီရင်မည်ဆို၍၊ အသားတို့ကို တစ်ခုစီ စုစေ၍ ကြီးမြတ်သောအသားကို ဆင်ဆရာအား စားစေ၏၏။ အပြင်ပဖြစ်သော အသားကို ဆရာကတော်ကို စားစေ၏။ အရိုး၌ကပ်သော အသားကို အကပ်ခံကာ မိမ်ိ ဘုဉ်းပေးတော်မူ၏။

ရသေ့လည်း ဆွမ်းဘုဉ်းပေးပြီးသော် ဆင်ဆရားအား “သင့်သည် ယနေ့မှ သုံးရက်မြောက်နေ့၌ မင်းဖြစ်လတ္တံ့၊ မမေ့မလျော့ သတိဝီရိယနှင့် နေလော့” ဟု ဆုံးမ၍ ဥယျာဉ်တော်သို့ ပြန်လေ၏။ သုံးရက်မြောက်နေ့တွင် ပြည်နီးချင်း မင်းတစ်ပါးသည် စစ်သည်ဗိုလ်ပါနှင့်တကွ လာလတ်၍ စစ်ထိုးရန် ဗာရာဏသီပြည်ကို ဝန်းရံထားလေ၏။

ဆင်ဆရာမှာ မင်းဖြစ်လာ[ပြင်ဆင်ရန်]

ထိုအခါ ဗာရာဏသီမင်းသည် ဆင်ဆရာအားမင်းအသွင်ကို ယူစေပြီးလျှင် ဆင်တော်ကိုစီး၍ စစ်တိုက်လောဟု စေလွှတ်လိုက်၏။ မိမိမူကား မထင်ရှားသော အသွင်ကိုယူ၍ စစ်သည်တို့ကို စီရင်နေခိုက် အဟုတ်ပြင်းသော မြားတစ်စင်း ထိမှန်ကာ ခဏချင်းပင် နတ်ရွာစံလေ၏။ ဆင်ဆရာသည် မင်းကြီး နတ်ရွာစံသည့်အဖြစ်ကိုသိလျှင် ဘဏ္ဍာတိုက်တို့မှ များစွာသော ဥစ္စာတို့ကို ထုတ်ယူစေ၍ “ဥစ္စာလိုချင်သူသည် စစ်ဦးစီးမှနေ၍ တိုက်ကြကုန်” ဟု စည်လည်စေ၏။ စစ်သည်တို့သည် အားကြိုးမာန်တက် တိုက်ကြလျှင်ပြည်နီးချင်းမင်းလည်း နတ်ရွာစံကာ စစ်သည်တို့ပြေးကြသဖြင့် အောင်နိုင်လေ၏။

အမတ်တို့လည်း မင်းကြီးအလောင်းကို သဂြိ င်္ုဟ်ပြီးလျှင် အဘယ်သူ့အား မင်းအဖြစ်ကို ပေးကြကုန်မည်နည်းဟု တိုင်ပင်ကြသော် တချို့အမတ်တို့သည် ငါတို့မင်းကြီး အသက်ရှင်စဉ်ကပင် မိမိအသွင်ကို ဆင်ဆရာအား ပေးသည်၊ တိုင်းပြည်ကိုလည်း ဆင်ဆရာပင်လျှင် တိုက်၍ယူခဲ့သည်၊ သို့အတွက် ဆင်ဆရာသာ မင်းအဖြစ်ကို ပေးကြမည်ဆိုလေလျှင် အလုံးစုံသော သူတို့သည် သဘောတူညီကြသဖြင့် ဆင်ဆရာကိုပင် အဘိသိတ်သွန်းကာ မင်းမြှောက်ကြကုန်၏။ ဆင်ဆရာ မယားကိုလည်း မိဖုရားကြီး မြှောက်ကြကုန်၏။ ရသေ့လည်း မင်းဆရာဖြစ်လေ၏။

မြတ်စွာဘုရားသည် ဤသို့ အတိတ် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် အနာထပိဏ် သူဌေးအား သူဌေးမင်း ...

“အတတ်ပညာ တတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ ဘုန်းကံနည်းပါးသူတို့ လုံ့လပြုကာ ပြုစုထားသော ပစ္စည်းဥစ္စာတို့ကို ဘုန်းကံရှိသူတို့သာ သုံးဆောင် ခံစားရကုန်၏။ ခပ်သိမ်းသော အရပ်တို့၌ ဘုန်းကံမရှိသူတို့ကို ကျော်လွန်၍ ရတနာတို့ဖြစ်ရာ မဟုတ်သော အရပ်တို့၌လည်း ဘုန်းကံရှိသူတို့အား စည်းစိမ်ချမ်းသာ များစွာ ဖြစ်ထွန်းကြကုန်၏” –

ဟု ဟောကြား ဆုံးမတော်မူ၏။ တစ်ဖန် အနာထပိဏ် သူဌေးအား “သူဌေးမင်း ... သတ္တဝါတို့အား ကောင်းမှုနှင့် တူသော တစ်ပါးသော ထောက်တည်ရာမရှိ၊ ကောင်းမှုရှိသော သူတို့အား ဖြစ်ရာမဟုတ်သော အရပ်၌လည်း ရတနာတို့ ဖြစ်လာကြကုန်၏။

ဤကောင်းမှု မည်သည်ကား လူနတ်တို့အား အလိုဆန္ဒအလုံးစုံကို ပေးတတ်သော ဥစ္စာရွှေအိုးတည်း။ တောင့်တသော ဆုအလုံးစုံကို ကောင်းမှုဖြင့်သာ ရကြ၏။ ကောင်းခြင်း၊ အစိုးရခြင်း၊ အခြံအရံများခြင်း ဟူသော အလုံးစုံကို ကောင်းမှုဖြင့်သာ ရကြ၏။ ချမ်းသာ အလုံးစုံကိုလည်း ကောင်းမှုဖြင့်သာ ရကြ၏။ ထို့ကြောင့် တည်ကြည်သော ပညာရှိတို့သည် ပြုခဲ့ပြီးသော ကောင်းမှုရှိသူအဖြစ်ကိုသာ ချီးမွမ်းကြကုန်၏” ဟု ဟောတော်မူ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းသည် - ယခုအခါ အာနန္ဒာ။

မင်းဆရာ ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကုသိုလ်ကောင်းမှု၊ ပညာစု၊ သိမှုကျက်သရေပင်။

(၂) ဘုန်းကံနည်းပါး၊ ပြုစုထား၊ သုံးစားဘုန်းကံရှင်။

(၃) ကောင်းမှုဟူက၊ ကျိုးများစွ၊ မုချပြီးသည်ပင်။

(၄) ကောင်းမှုရှိဖူး၊ အဖြစ်ထူး၊ ချီးကျူးပညာရှင်။

သိရိဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ