သိင်္ဃပုပ္ဖဇာတ်

ဝီကီပီးဒီးယား မှ

ဆက္ကနိပါတ် - ၂။ ခရပုတ္တဝဂ် -(၃၉၂) - သိင်္ဃပုပ္ဖဇာတ် ကြာပန်းကို အဝေးမှ နမ်းကာမျှနှင့် နံ့သာခိုးဟု စွပ်စွဲသော နတ်သမီးနှင့် အစွပ်စွဲခံရသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ထိတ်လန့်မှုသဘော နတ်သမီးပြော[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် ကောသလတိုင်း တောတစ်ခုကို မှီ၍ နေရာ တစ်နေ့သ၌ ပဒုမ္မာကြာအိုင်၌ ဆင်းသက်၍ လေအောက်၌ နေကာ ကြာနံ့ကို ခံယူ၏။ ထိုအခါ တောစောင့် နတ်သမီးသည် ထိုရဟန်းအား “အရှင်ရဟန်း … အရှင်ပြုလုပ်သော အမှုကား အနံ့ကို ခိုးခြင်းပင် ဖြစ်သည်” ဟု ထိတ်လန့်စေ၏။

ရဟန်းသည် ထိုအကြောင်းကို မြတ်စွာဘုရားထံ လျှောက်ထားလတ်သော် “ချစ်သား ရဟန်း … နတ်သမီးသည် ယခုအခါ၌ သာ ထိတ်လန့်စေသည် မဟုတ်၊ ရှေးအခါ၌ လည်း ပညာရှိတို့ကို ထိတ်လန့်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ကဲ့ရဲ့မှုရေး နတ်သမီးမေး[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြား၍ နောက်အဖို့၌ ရသေ့ရဟန်းပြုပြီးလျှင် ပဒုမ္မာကြာအိုင်တစ်ခုကိုမှီ၍ နေလေ၏။

တစ်နေ့သ၌ ရသေ့သည် ပဒုမ္မာကြာအိုင်သို့ ဆင်းသက်ပြီးလျှင် အနံ့ကို ခံယူလျက် ရပ်၏။ ထိုအခါ နတ်သမီးတစ်ယောက်သည် သစ်ပင်ပင်စည်တို့ကို ဖွင့်လှစ်၍ ရပ်လျက် -

“ရှင်ရဟန်း … ရေ၌ ပေါက်သော ကြာပန်း၏ အနံ့ကို အရှင်မပေးဘဲ နမ်းဘိ၏၊ ထိုသို့နမ်းခြင်းကား ခိုးခြင်းတွင် တစ်ခုအပါအဝင် ဖြစ်၏၊ သင်ကား အနံ့သူခိုး ဖြစ်သတည်း” –

ဟု ရသေ့အား ထိတ်လန့်စေ၏။ ရသေ့လည်း နတ်သမီး စကားကို ကြားလျှင် -

“အိုနတ်သမီး … ငါကား ကြားပန်းကိုလည်း မယူ၊ ချိုးလည်း မချိုး၊ အဝေးမှနမ်းသူသာ ဖြစ်ပါလျက် အဘယ်ကြောင့် အနံ့သူခိုးဟု ဆိုဘိသနည်း” –

ဟု နတ်သမီးအား မေးလေ၏။

ကြမ်းကြုတ်သူကို မဆိုလို[ပြင်ဆင်ရန်]

ထိုခဏ၌ ယောကျ်ားတစ်ယောက်သည် ထိုအိုင်၌ ပင် ကြာစွယ် ကြာရင်းတို့ကို တူး၏၊ ကြာပန်းတို့ကို လည်း ချိုး၏၊ ထိုယောကျ်ားကို ရသေ့ မြင်ပြန်လျှင် တစ်ဖန် -

“အို-နတ်သမီး … ကြာစွယ် ကြာရင်းတို့ကို တူး၍ ကြာပန်းတို့ကို ချိုး၍ ကြမ်းကြုတ်သော အမှုကို ပြုလုပ်သော ယောကျ်ားကိုကား အဘယ်ကြောင့် သူခိုးဟု မဆိုပါသနည်း” –

ဟု ထပ်၍ မေးပြန်၏။ နတ်သမီးသည် -

“ရှင်ရသေ့ … ကြမ်းကြုတ်သောအမှုဖြင့် ရောပြွမ်းနေသော ထိုယောကျ်ားကား ကျင်ငယ် ကျင်ကြီးစသည်တို့ဖြင့် လိမ်းကျံနေသော နို့ထိန်းကျွန်မ ဝတ်သော အဝတ်ကဲ့သို့ မကောင်းမှုဖြင့် လိမ်းကျံဘိ၏၊ ထိုသူ၌ ဆိုဖွယ်မရှိ၊ သင့်ကိုကား ဆိုခြင်းငှာ ထိုက်၏” –

“အပြစ်မရှိ အမြဲ စင်ကြယ်မှုကို ရှာကြံနေသောသူအား သားမြီးဖျားမျှ ဖြစ်သော မကောင်းမှုသည်ပင် တိမ်တိုက်ကြီး ပမာဏကဲ့သို့ ထင်၏” –

ဟု ယောကျ်ားအား မဆိုခြင်း အကြောင်းနှင့် ရသေ့အား ဆိုရခြင်းအကြောင်းကို ရှင်းလင်းစွာ ပြောကြားလေ၏။

ကိုယ်ကျိုးရှိမှု မိမိပြု[ပြင်ဆင်ရန်]

ဤသို့ နတ်သမီး ထိတ်လန့်စေသည် ရှိသော် ရသေ့သည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ -

“အို -နတ်သမီး … သင်ကား ငါ့ကို အမှန် သိဘိ၏၊ သို့အတွက် ငါ့ကို စောင့်ရှောက်ပါလော့၊ အို-နတ်သမီး … သင်သည် ဤသို့ သဘောရှိသော မကောင်းမှုကို မြင်သောအခါ နောင်တစ်ဖန်လည်း ပြောဆိုပါဦးလော့” –

ဟု ပြောဆိုရန် ဖိတ်ကြားပြန်၏။ ထိုအခါ နတ်သမီးသည်-

“အို-ရှင်ရသေ့ … အကျွန်ုပ်သည် သင့်ကို မှီ၍ အသက်မမွေးပေ၊ သင်၏ ကျွန်အမှုလုပ်လည်း မဟုတ်ပေ၊ ရှင်ရသေ့ သုဂတိသို့ သွားရောက်ရာ ဖြစ်သော ကောင်းမှုကို သင်ကိုယ်တိုင်ပင် သိပါလေ” –

ဟု ရသေ့အား ပြောကြား ဆုံးမပြီးလျှင် မိမိဗိမာန်သို့ ဝင်လေ၏။ ရသေ့လည်း သတိရကာ ဈာန်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြတော်မူသည် အဆုံး၌ နတ်သမီး ထိတ်လန့်စေသောရဟန်းသည် သေတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ နတ်သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) စင်ကြယ်သူဝယ်၊ ပြစ်နည်းငယ်၊ မိုးလယ်တိမ်တိုက်သွင်။

(၂) အပြစ်ပြွမ်းတီး၊ လူ့လက်နှီး၊ ကြီးလည်းမပေါ်လွင်။

(၃) ကြီး,ငယ် မဟူ၊ အပြစ်မြူ၊ ဖြူအောင်သတိဆင်။

သိင်္ဃပုပ္ဖဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ