သာကေတဇာတ်

ဝီကီပီးဒီးယား မှ

(၂)ဇာတ် ရှိပါသည်။ ဧကကနိပါတ် - ၇။ ဣတ္ထိဝဂ် -၆၈ - သာကေတဇာတ်။ ။ မြတ်စွာဘုရားသခင်အား သားဟု ခေါ်ဝေါ်ကာ အိမ်သို့ ပင့်ဆောင်သွားသော သာကေတမြို့နေ ပုဏ္ဏားလင်မယားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဘုရားရှင်သားခေါ် သူဌေးကြင်ဖော်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သာကေတမြို့ အနီးရှိ အဇ္ဇုနဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် ထိုသာကေတမြို့၌ စည်းစိမ်ဥစ္စာ၊ သား သမီး အခြွေအရံနှင့် ပြည့်စုံသော ပုဏ္ဏားအို လင်မယားတို့သည် ရှိကြကုန်၏။

ပုဏ္ဏားအိုကြီးသည် မြို့ပြင်သို့ ထွက်မည်သွားရာ မြို့တွင်းဝယ် သံဃာတော်အပေါင်း ခြံရံလျက် ဆွမ်းခံနေသာ မြတ်စွာဘုရားကိုမြင်လျှင် ဖမျက်တော်ကိုကိုင်လျက် “ချစ်သား .. သားတို့မည်သည် အမိအဖတို့ အိုမင်းသောအခါ လုပ်ကျွေးရသည် မဟုတ်တုံလော၊ မိဘတို့အား အဘယ်ကြောင့် ဤမျှကြာအောင် မျက်နှာမပြဘဲ နေဘိသနည်း၊ ဖခင်ကား ဖူးမြော်ရပေပြီ၊ သင့်အမိ ဖူးမြော်ရအောင် လာပါ” ဟု မြတ်စွာဘုရားကို ပင့်ဆောင်ကာ အိမ်သို့သွားလေ၏။

သားကိုတွေ့မှ မဂ် ဖိုလ်ရ[ပြင်ဆင်ရန်]

အိမ်သို့ရောက်လျှင် ပုဏ္ဏေးမ အိုကြီးလည်း လာလတ်၍ ဖမျက်တော်ကို ကိုင်လျက် ပုဏ္ဏားအိုကြီးနှင့် အတူ လျှောက်ထားငိုကြွေးလေ၏။ သားသမီးတို့အားလည်း အစ်ကိုကြီးအား ရှိခိုးကြကုန်ဟု ပြောဆို၍ ရှိခိုစေပြီးလျှင် အလွန် နှစ်သက် ဝမ်းသာလျှသဖြင့် အလှူကြီးစွာ ပေးလှူကုန်၏။

မြတ်စွာဘုရားလည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ပုဏ္ဏားအို လင်မယားအား ဇရာသုတ်ကို ဟောတော်မူ၏။ သုတ်၏ အဆုံး၌ ပုဏ္ဏားအို လင်မယားတို့သည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။ မြတ်စွာဘုရားလည်း အဇ္ဇုနဥယျာဉ်သို့ ကြွတော်မူ၏။

ရဟန်းတို့လည်း တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ပုဏ္ဏားကြီးသည် မြတ်စွာဘုရား အဖကား သုဒ္ဓေါဒနမင်းကြီး၊ အမိကား မဟာမာယာ မိဖုရားကြီးဟု သိလျက်နှင့်ပင် ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် မြတ်စွာဘုရားကို ငါတို့သားဟု ဆိုကုန်၏။ မြတ်စွာဘုရားလည်း သည်းခံတော်မူ၏။ အကြောင်း အသို့ရှိသနည်း” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ ရဟန်းတို့ ... ဤပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမတို့သည် မိမိတို့သား ဖြစ်၍သာလျှင် သားဆိုကုန်သည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဘဝ သုံးထောင် အတိတ်ဆောင်[ပြင်ဆင်ရန်]

“ရဟန်းတို့ ... လွန်လေပြီးသောအခါ ဤပုဏ္ဏားကြီးသည် အဆက်မပြတ်ဘဲ ဘဝငါးရာပတ်လုံး ငါ့အဖေ ဖြစ်ဖူးပြီ၊ ဘဝငါးရာပတ်လုံး ဘထွေး ဖြစ်ဖူးပြီ၊ ဘဝငါးရာပတ်လုံး ငါ့ဘကြီး ဖြစ်ဖူးပြီ။ ဤပုဏ္ဏားမကြီးလည်း အဆက်မပြတ်ဘဲ ဘဝငါးရာပတ်လုံး ငါ့အမိ ဖြစ်ဖူးပြီ၊ ဘဝငါးရာပတ်လုံး ငါ့မိထွေး ဖြစ်ဖူးပြီ၊ ဘဝငါးရာပတ်လုံး ငါ့မိကြီး ဖြစ်ဖူးပြီ။ ဤသို့လျှင် ဘဝပေါင်း ထောင့်ငါးရာပတ်လုံး ပုဏ္ဏားကြီးလက်၌ ကြီးခဲ့ရဖူးပြီ၊ ဘဝပေါင်း ထောင်းငါးရာပတ်လုံး ပုဏ္ဏေးမကြီးလက်၌ ကြီးခဲ့ရဖူးပြီ” ဟု ဘဝသုံးထောင်ကို ဟောတော်မူကာ -

“ဤဘဝဝယ် ရှေးက မမြင်ဖူးသူ၌ သက်ဝင်ကြည်ညိုခြင်းကား စင်စစ်သဖြင့် ရှေးရှေးဘဝတို့၌ ဖြစ်ခဲ့ဖူးသော သက်ဝင် ကြည်ညိုခြင်းကြောင့်သာ ဖြစ်သည်”

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏား၊ ပုဏ္ဏေးမ နှစ်ယောက်တို့သည်- ယခုအခါ ပုဏ္ဏား၊ ပုဏ္ဏေးမ။

သားနှင့်တူသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မြင်လျှင်မြင်ခြင်း၊ ချစ်ခင်ခြင်း၊ ကြောင်းရင်းရှေးရှေးက။

(၂) အလေ့ဝါသနာ၊ ဆက်ဆက်ပါ၊ ဤခါချစ်ပြန်ရ။

သာကေတဇာတ် ပြီး၏။


ဒုကနိပါတ် - ၉။ ဥပါဟနဝဂ် -(၂၃၇) သာကေတဇာတ်။ ။ ဘဝပေါင်း တစ်ထောင့်ငါးရာစီ ဆွေမျိုးတော်စပ်ခဲ့ဖူး၍ မြင်လျှင်မြင်ချင်း ဘုရားကို ချစ်ခင်ကြည်ညိုသော သာကေတ ပုဏ္ဏားလင်းမယား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ပေါင်းသင်းနေရေး အချစ်ဆေး[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာကေတပုဏ္ဏားကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ဤဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့ကို ဧကကနိပါတ်၌ ပြဆိုခဲ့ပြီ။]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ချစ်ကြည်ညိုရေး အကြောင်းမေး[ပြင်ဆင်ရန်]

အထူးအားဖြင့် မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ ကျောင်းဦးသို့ ကြွတော်မူသောအခါ ရဟန်းတို့သည် မြတ်စွာဘုရားကို -

“အရှင်ဘုရား ... လောကမှာ တချို့ပုဂ္ဂိုလ်တို့၌ မြင်ကာမျှဖြင့်သာလျှင် စိတ်နှလုံးသည် အလွန်ငြိမ်းချမ်း၏။ အလွန်ကြည်ညို၏။ ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းအဘယ်သို့ရှိပါသနည်း” – ဟု ချစ်ခင်းကြည်ညိုခြင်း၏ အကြောင်းကို မေးမြန်းလျှောက်ထားကြကုန်၏။

ကြောင်းနှစ်ခုပေ ဘုရားဖြေ[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား -

“ရဟန်းတို့ ... ကြာပန်းသည် လည်းကောင်း၊ တခြားပန်းသည် လည်းကောင်း၊ ရေထဲ၌ဖြစ်လတ်သော် ရေ၊ ညွန်ဟူသော နှစ်ပါးသောအကြောင်းကိုမှီ၍ ဖြစ်ရသကဲ့သို့ ထို့အတူ ချစ်ခြင်းဖြစ်သည်ရှိသော် ရှေးဘဝ၌ အတူတကွနေဖူခြင်း၊ ယခုဘဝ၌ အကျိုးစီးပွား ဆောင်ရွက်ခြင်း၊ ဤအကြောင်း နှစ်ပါးကိုမှီ၍ ချစ်ခင်ကြည်ညိုခြင်း ဖြစ်ရ၏” – ဟု ချစ်ခင်ကြည်ညိုခြင်း၏ အကြောင်းနှစ်ပါးကို ဖြေကြားတော်မူ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ ပုဏ္ဏား၊ ပုဏ္ဏေးမတို့သည် - ယခုအခါ ပုဏ္ဏား၊ ပုဏ္ဏေးမ။

သားသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ရှေးရှေးဘဝ၊ နေဖူးက၊ မုချချစ်ကြည်မြဲ။

(၂) ယခုဘဝ၊ ကျိုးဆောင်က၊ မုချချစ်ကြည်မြဲ။

(၃) ချစ်ကြည်ညိုရာ၊ ကြောင်းနှစ်ဖြာ၊ မှတ်ပါနှလုံးစွဲ။ သာကေတဇာတ် ပြီး၏။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ