မာတိကာသို့ ခုန်သွားရန်

သမ္ပယုတ္တပစ္စည်း

ဝီကီပီးဒီးယား မှ

[] အညီအညွတ်-ကောင်းစွာ-အတူတကွ-ဧကုပ္ပါဒတာ အစရှိကုန်သော အပြားတို့ဖြင့် ယှဉ်သည်၏အဖြစ်ဖြင့် ကျေးဇူး ပြုတတ်သောတရား၊ နာမက္ခန္ဓာ ၄-ပါး။ [] []

သမ္ပယုတ္တပစ္စယမည်ပုံ

[ပြင်ဆင်ရန်]

သမ္ပယုတ္တော စ သော ပစ္စယော စာတိ သမ္ပယုတ္တပစ္စယော။ သမ္ပယုတ္တော ဟုတွာ ပစ္စယော၊ သမ္ပယုတ္တဘာဝေန ပစ္စယောတိ ဝုတ္တံ ဟောတိ”ဟူသော ဟူသော အဘိ၊ဋ္ဌ၊၃၊၃၄၄ (အတိဒေသစကား) နှင့် အညီ-ပစ္စယုပ္ပန်တရားတို့နှင့် အညီအညွတ် ဧကုပ္ပါဒတာအစရှိကုန်သော အပြားတို့ဖြင့်လည်းယှဉ်,ပစ္စယုပ္ပန် တရားတို့၏ စွဲ၍ဖြစ်ရာဖြစ်သောကြောင့် (ဝါ) ပစ္စယုပ္ပန်တရားတို့နှင့် အညီအညွတ် ဧကုပ္ပါဒတာအစရှိကုန်သော အပြားတို့ဖြင့် ယှဉ်သည် ဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်သည်၏အဖြစ်ကြောင့် (ဝါ) ပစ္စယုပ္ပန်တရား တို့နှင့်အညီအညွတ် ဧကုပ္ပါဒတာ အစရှိကုန်သော အပြားတို့ဖြင့် ယှဉ်သည်၏ အဖြစ်ဖြင့် ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်သည်၏အဖြစ်ကြောင့် သမ္ပယုတ္တပစ္စယမည်၏။ []

သမ္ပယုတ္တပစ္စည်း၏တရားကိုယ်

[ပြင်ဆင်ရန်]

တူသော မှီရာဝတ္ထုရုပ်ရှိခြင်း, တူသော အာရုံရှိခြင်း, တူသောဖြစ်ခြင်း, တူသော ချုပ်ခြင်းရှိခြင်းဟူ၍ ဆိုအပ်သော သမ္ပယုတ်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော နာမ် တရားတို့သည် သမ္ပယုတ္တပစ္စည်းမည်၏။ [] []

သမ္ပယုတ္တပစ္စည်း၏အဖြစ်

[ပြင်ဆင်ရန်]

အညီအညွတ် ဧကုပ္ပါဒတာအစရှိကုန်သော အပြားတို့ဖြင့်ယှဉ်သည်၏အဖြစ်ကြောင့် တစ်ခုတည်းအဖြစ်သို့ ကပ်ရောက်သကဲ့သို့ ဖြစ်၍ ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် သမ္ပယုတ္တပစ္စည်း၏ အဖြစ်မည်၏။ [] []

သမ္ပယုတ္တပစ္စည်းကို ဓမ္မစသော စတုက္ကဖြင့် ဝေဖန်ပုံ

[ပြင်ဆင်ရန်]

သမ္ပယုတ္တပစ္စည်းတရားသည် နာမ်တရား တို့ချည်းသာ ဖြစ်ကုန်၏။ (ဓမ္မအားဖြင့်ဝေဖန်ပုံ) ပစ္စုပ္ပန်တရားတို့ချည်းသာ ဖြစ်ကုန်၏။ (ကာလအားဖြင့်ဝေဖန်ပုံ) သမ္ပယုတ္တ ပစ္စည်းတရားသည် ဇာတ်အားဖြင့် (၁) ကုသိုလ် (၂) အကုသိုလ် (၃) ဝိပါက် (၄) ကြိယာဟူ၍ ၄-ပါး အပြားရှိ၏။ ထိုတွင် ကုသိုလ်စိတ် ၂၁-ပါး၊ စေတသိက် ၃၈-ပါးတို့သည် ကုသိုလ် သမ္ပယုတ္တပစ္စည်းမည်ကုန်၏။ အကုသိုလ်စိတ် ၁၂-ပါး၊ စေတသိက် ၂၇-ပါးတို့သည် အကုသိုလ်သမ္ပယုတ္တပစ္စည်းတရားမည်ကုန်၏။ ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါးတို့သည် ဝိပါက်သမ္ပယုတ္တပစ္စည်းတရားမည်ကုန်၏။ ကြိယာစိတ် ၂၀၊ စေတသိက် ၃၅-ပါးတို့သည် ကြိယာသမ္ပယုတ္တပစ္စည်းတရားမည်ကုန်၏။

ဘုံအားဖြင့် (၁) ကာမာဝစရ (၂) ရူပါဝစရ (၃) အရူပါဝစရ (၄) လောကုတ္တရာဟူ၍ ၄-ပါးအပြားရှိ၏။ ထိုတွင် ကာမစိတ်-၅၄-ပါး၊ စေတသိက် ၅၂-ပါးတို့သည် ကာမာဝစရ သမ္ပယုတ္တပစ္စည်းတရားမည်ကုန်၏။ ရူပစိတ်-၁၅-ပါး၊ စေတသိက် ၃၅-ပါးတို့သည် ရူပါဝစရ သမ္ပယုတ္တပစ္စည်းတရားမည်ကုန်၏။ အရူပစိတ် ၁၂-ပါး၊ စေတသိက် ၃၀-တို့သည် အရူပါဝစရ သမ္ပယုတ္တပစ္စည်းတရားမည်ကုန်၏။ လောကုတ္တရာစိတ် ၈-ပါး၊ စေတသိက် ၃၆-ပါးတို့သည် လောကုတ္တရာသမ္ပယုတ္တပစ္စည်းတရား မည်ကုန်၏။ (နာနပ္ပကာရဘေဒအားဖြင့် ဝေဖန်ပုံ)

ဤသို့ ကွဲပြားသော သမ္ပယုတ္တပစ္စည်း တရားတို့တွင် စတုဘူမကကုသိုလ်နာမက္ခန္ဓာ ၄-ပါး (ကုသိုလ်စိတ် ၂၁-ပါး၊ စေတသိက် ၃၈-ပါး)တို့၌ တစ်ပါးတစ်ပါးသော ကုသိုလ် နာမက္ခန္ဓာသည် သုံးပါးသုံးပါးကုန်သော ကုသိုလ်နာမက္ခန္ဓာတို့အား၊ သုံးပါးသုံးပါး ကုန်သော ကုသိုလ်နာမက္ခန္ဓာတို့သည် တစ်ပါး တစ်ပါးသော ကုသိုလ်နာမက္ခန္ဓာအား၊ နှစ်ပါး နှစ်ပါးကုန်သော ကုသိုလ်နာမက္ခန္ဓာတို့သည် နှစ်ပါးနှစ်ပါးကုန်သော ကုသိုလ်နာမက္ခန္ဓာတို့အား သမ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု ကြသည်။ အကုသိုလ်နာမက္ခန္ဓာ, ဝိပါက် နာမက္ခန္ဓာ, ကြိယာနာမက္ခန္ဓာတို့၌လည်း ဤနည်းပင်တည်း။ (ပစ္စယုပ္ပန်အားဖြင့် ဝေဖန်ပုံ) [][]

သမ္ပယုတ္တပစ္စည်းက တစ်ပါးကုန်သော ပစ္စည်းအမည်တို့ကိုလည်း ရနိုင်ပုံ

[ပြင်ဆင်ရန်]

သမ္ပယုတ္တပစ္စည်းသည် သမ္ပယုတ္တပစ္စည်း၏အဖြစ်ကို မစွန့်ပဲလျက်သာလျှင် ထိုက်သည့် အားလျော်စွာ တစ်ပါးကုန်သော ဟေတု, အဓိပတိ, သဟဇာတ, အညမည, နိဿယ, ကမ္မ, ဝိပါက, အာဟာရ, ဣန္ဒြိယ, ဈာန, မဂ္ဂ, အတ္ထိ, အဝိဂတ-ပစ္စည်းဟူသော ၁၃-ပါးကုန်သော အမည်တို့ကိုလည်း ရနိုင်သည်။

ရနိုင်ပုံကား-ကုသိုလ်ဟိတ် သုံးပါးတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ကုသိုလ်နာမက္ခန္ဓာ အား၊ အကုသိုလ်ဟိတ် သုံးပါးတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော အကုသိုလ်နာမက္ခန္ဓာအား၊ ဝိပါက်အဗျာကတဟိတ်သုံးပါးတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ဝိပါက်နာမက္ခန္ဓာအား၊ ကြိယာအဗျာကတဟိတ်သုံးပါးတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ကြိယာနာမက္ခန္ဓာအား ဟေတုပစ္စယသတ္တိဖြင့်လည်း ကျေးဇူး ပြုသည်။

ကုသိုလ်စိတ် ၂၁-ပါးဟူသော စိတ္တာဓိပတိ, ယင်း၌ရှိသော ဆန္ဒစေတသိက်ဟူသော ဆန္ဒာဓိပတိ, ဝီရိယစေတသိက်ဟူသော ဝီရိယာဓိပတိ, အမောဟစေတသိက်ဟူသော ဝီမံသာဓိပတိတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော အဓိပတိတရားကိုယ်ကြဉ်သော ကုသိုလ် နာမက္ခန္ဓာအား၊ လောဘမူစိတ်-၈-ပါး၊ ဒေါသမူစိတ် ၂-ပါးအားဖြင့် အကုသိုလ်စိတ် ၁၀-ပါးဟူသော စိတ္တာဓိပတိ, ယင်း၌ရှိသော ဆန္ဒစေတသိက်ဟူသော ဆန္ဒာဓိပတိ, ဝီရိယာ စေတသိက်ဟူသော ဝီရိယာဓိပတိတို့သည် မိမိနှင့်သမ္ပယုတ်ဖြစ်သော အဓိပတိတရား ကိုယ်ကြဉ်သော အကုသိုလ်နာမက္ခန္ဓာအား၊ ဖိုလ်စိတ် ၄-ခုဟူသော စိတ္တာဓိပတိ, ယင်း၌ ရှိသော ဆန္ဒစေတသိက်ဟူသော ဆန္ဒာဓိပတိ, ဝီရိယစေတသိက်ဟူသော ဝီရိယာဓိပတိ, အမောဟစေတသိက်ဟူသော ဝီမံသာဓိပတိတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော အဓိပတိ-တရားကိုယ်ကြဉ်သော လောကုတ္တရာဝိပါက် နာမက္ခန္ဓာအား၊ မဟာကြိယာစိတ် ၈-ပါး၊ မဟဂ္ဂုတ်ကြိယာ ၉-ပါးအားဖြင့် ကြိယာစိတ် ၁၇-ပါးဟူသော စိတ္တာဓိပတိ, ယင်း၌ရှိသော ဆန္ဒစေတသိက်ဟူသော ဆန္ဒာဓိပတိ, ဝီရိယ စေတသိက်ဟူသော ဝီရိယာဓိပတိ, အမောဟ စေတသိက်ဟူသော ဝီမံသာဓိပတိတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော အဓိပတိတရား ကိုယ်ကြဉ်သော ကြိယာနာမက္ခန္ဓာအား သဟဇာတာဓိပတိပစ္စယသတ္တိဖြင့်လည်း ကျေးဇူးပြုသည်။

ကုသိုလ်စိတ် ၂၁-ပါး၊ စေတသိက် ၃၈-ပါးဟူသော ကုသိုလ်နာမက္ခန္ဓာလေးပါးတို့တွင်၊ တစ်ပါးတစ်ပါးသော နာမက္ခန္ဓာသည် သုံးပါး သုံးပါးကုန်သော နာမက္ခန္ဓာတို့အား၊ သုံးပါး သုံးပါးကုန်သော နာမက္ခန္ဓာတို့သည် တစ်ပါး တစ်ပါးသော နာမက္ခန္ဓာအား၊ နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့သည် နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့အား၊ အကုသိုလ် ၁၂-ပါး၊ စေတသိက် ၂၇-ပါးဟူသော အကုသိုလ်နာမက္ခန္ဓာလေးပါးတို့တွင် တစ်ပါးတစ်ပါးသော နာမက္ခန္ဓာသည် သုံးပါးသုံးပါးကုန်သော နာမက္ခန္ဓာတို့အား၊ သုံးပါးသုံးပါးကုန်သော နာမက္ခန္ဓာတို့သည် တစ်ပါးတစ်ပါးသော နာမက္ခန္ဓာအား၊ နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့သည် နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့အား၊ ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါးဟူသော ဝိပါက်နာမက္ခန္ဓာ လေးပါးတို့တွင် တစ်ပါးတစ်ပါးသော နာမက္ခန္ဓာသည် သုံးပါးသုံးပါးကုန်သော နာမက္ခန္ဓာတို့အား၊ သုံးပါးသုံးပါးကုန်သော နာမက္ခန္ဓာတို့သည် တစ်ပါးတစ်ပါးသော နာမက္ခန္ဓာအား၊ နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့သည် နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့အား၊ ကြိယာစိတ် ၂၀၊ စေတသိက် ၃၈-ပါးဟူသော ကြိယာနာမက္ခန္ဓာလေးပါးတို့တွင် တစ်ပါးတစ်ပါးသော နာမက္ခန္ဓာသည် သုံးပါးသုံးပါးကုန်သော နာမက္ခန္ဓာတို့အား၊ သုံးပါးသုံးပါးကုန်သော နာမက္ခန္ဓာတို့သည် တစ်ပါးတစ်ပါးသော နာမက္ခန္ဓာအား၊ နှစ်ပါး နှစ်ပါးကုန်သော နာမက္ခန္ဓာတို့သည် နှစ်ပါး နှစ်ပါးကုန်သော နာမက္ခန္ဓာတို့အား သဟဇာတပစ္စယသတ္တိ, အညမညပစ္စယသတ္တိ, သဟဇာတနိဿယပစ္စယသတ္တိ, သဟဇာတတ္ထိ-ပစ္စယသတ္တိ, သဟဇာတအဝိဂတပစ္စယသတ္တိ တို့ဖြင့်လည်း ကျေးဇူးပြုသည်။

ကုသိုလ်စိတ် ၂၁-ပါး၌ ရှိသော စေတနာ စေတသိက်သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ကုသိုလ်နာမက္ခန္ဓာအား၊ အကုသိုလ်စိတ် ၁၂-ပါး၌ရှိသော စေတနာစေတသိက်သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော အကုသိုလ်နာမက္ခန္ဓာအား၊ ပဝတ္တိအခါ၌ ဝိပါက်စိတ် ၃၆-ပါး၌ရှိသော စေတနာစေတသိက်သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ပဝတ္တိဝိပါက်နာမက္ခန္ဓာအား၊ ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် ၁၉-ပါး၌ရှိသော စေတနာစေတသိက်သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ပဋိသန္ဓေဝိပါက်နာမက္ခန္ဓာ ကြိယာစိတ် ၂၀-၌ရှိသော စေတနာ စေတသိက်သည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ကြိယာနာမက္ခန္ဓာအား၊ သဟဇာတကမ္မပစ္စယ သတ္တိဖြင့်လည်း ကျေးဇူးပြုသည်။ ပဝတ္တိအခါ၌ ဝိပါက်စိတ် ၃၆-၊ စေတသိက် ၃၈-ပါးဟူသော နာမက္ခန္ဓာလေးပါးတို့တွင် တစ်ပါးတစ်ပါးသော နာမက္ခန္ဓာသည် သုံးပါး သုံးပါးကုန်သော နာမက္ခန္ဓာတို့အား၊ သုံးပါး သုံးပါးကုန်သော နာမက္ခန္ဓာတို့သည် တစ်ပါး တစ်ပါးသော နာမက္ခန္ဓာအား၊ နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့သည် နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့အား၊ ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် ၁၉-ပါး၊ စေတသိက် ၃၅-ပါး ဟူသော နာမက္ခန္ဓာလေးပါးတို့တွင် တစ်ပါး တစ်ပါးသော နာမက္ခန္ဓာသည် သုံးပါးသုံးပါးကုန်သော နာမက္ခန္ဓာတို့အား၊ သုံးပါးသုံးပါးကုန်သော နာမက္ခန္ဓာတို့သည် တစ်ပါးတစ်ပါးသော နာမက္ခန္ဓာအား၊ နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့သည် နှစ်ပါးနှစ်ပါးကုန်သော နာမက္ခန္ဓာတို့အား ဝိပါကပစ္စယသတ္တိဖြင့်လည်း ကျေးဇူးပြုသည်။

ကုသိုလ်စိတ် ၂၁-ပါး၊ စေတသိက် ၃၈-ပါး၌ရှိသော ဖဿ, စေတနာ, ဝိညာဉ်ဟုဆိုအပ်သော နာမ်အာဟာရသုံးပါးတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်ကုန်သော ကုသိုလ် နာမက္ခန္ဓာလေးပါးတို့အား၊ အကုသိုလ် ၁၂-ပါး၊ စေတသိက် ၂၇-ပါး၌ရှိသော ဖဿ, စေတနာ, ဝိညာဉ်ဟုဆိုအပ်သော နာမ်အာဟာရသုံးပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော အကုသိုလ် နာမက္ခန္ဓာလေးပါး တို့အား-

ပဝတ္တိအခါ၌ ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါး၌ရှိသော ဖဿ, စေတနာ, ဝိညာဉ်ဟု ဆိုအပ်သော နာမ်အာဟာရသုံးပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော ဝိပါက်နာမက္ခန္ဓာလေးပါးတို့အား၊ ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် ၁၉-ပါး၊ စေတသိက် ၃၅-၌ရှိသော ဖဿ, စေတနာ, ဝိညာဉ်ဟု ဆိုအပ်သော နာမ်အာဟာရသုံးပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော ပဋိသန္ဓေ ဝိပါက်နာမက္ခန္ဓာ လေးပါးတို့အား၊ ကြိယာစိတ် ၂၀-ပါး၊ စေတသိက် ၃၅-ပါး၌ရှိသော ဖဿ, စေတနာ, ဝိညာဉ်ဟုဆိုအပ်သော နာမ်အာဟာရသုံးပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော ကြိယာနာမက္ခန္ဓာလေးပါးတို့အား အာဟာရပစ္စယသတ္တိဖြင့်လည်း ကျေးဇူးပြုသည်။

ကုသိုလ်စိတ် ၂၁-ပါး၊ စေတသိက် ၃၈-ပါး၌ရှိသော ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာဟုဆိုအပ်သော နာမ်ဣန္ဒြေရှစ်ပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော ကုသိုလ်နာမက္ခန္ဓာ လေးပါးတို့အား၊ အကုသိုလ်စိတ် ၁၂-ပါး၊ စေတသိက် ၂၇-ပါး၌ရှိသော ဇီဝိတ, စိတ်, သဒ္ဓါ, ဝီရိယ, ဧကဂ္ဂတာဟုဆိုအပ်သော နာမ် ဣန္ဒြေငါးပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော အကုသိုလ်နာမက္ခန္ဓာလေးပါးတို့ အား-

ပဝတ္တိအခါ၌ ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါး၌ရှိသော ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာ-ဟုဆိုအပ်သော နာမ်ဣန္ဒြေရှစ်ပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော ပဝတ္တိဝိပါက် နာမက္ခန္ဓာလေးပါးတို့အား၊ ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် ၁၉-ပါး၊ စေတသိက် ၃၅-ပါး ၌ရှိသော ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာ-ဟုဆိုအပ်သော နာမ်ဣန္ဒြေရှစ်ပါးတို့သည် မိမိတို့နှင့် သမ္ပယုတ် ဖြစ်ကုန်သော ပဋိသန္ဓေဝိပါက်နာမက္ခန္ဓာ လေးပါးတို့အား၊ ကြိယာစိတ် ၂၀-၊ စေတသိက် ၃၅-ပါး၌ရှိသော ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာ-ဟုဆိုအပ်သော နာမ်ဣန္ဒြေရှစ်ပါးတို့သည် မိမိတို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော ကြိယာနာမက္ခန္ဓာ လေးပါးတို့အား သဟဇာတိန္ဒြိယပစ္စယသတ္တိ ဖြင့်လည်း ကျေးဇူးပြုသည်။ ဤသို့လျှင် သမ္ပယုတ္တပစ္စည်းသည် သမ္ပယုတ္တပစ္စည်း၏ အဖြစ်ကို မစွန့်ပဲလျက် သာလျှင် ထိုက်သည့်အားလျော်စွာ တစ်ပါးကုန်သော ဟေတုအစရှိကုန်သော ၁၃-ပါးကုန်သော အမည်တို့ကိုလည်း ရနိုင်သည်။ [] []

သုံးချက်စုတရား

[ပြင်ဆင်ရန်]

အချင်းချင်းအားတပ်သော အလုံးစုံသော စိတ်တစ်ခုယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသဟူသော ပဝတ္တိ, ပဋိသန္ဓေနာမက္ခန္ဓာ လေးပါး၊ ဤတရားတို့သည် သမ္ပယုတ္တပစ္စည်း တပ်သော တရားတို့မည်ကုန်၏။

အချင်းချင်းမှ ထောက်အပ်သော အလုံးစုံ သော စိတ်တစ်ခုယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသ-ဟူသော ပဝတ္တိ၊ ပဋိသန္ဓေ နာမက္ခန္ဓလေးပါး၊ ဤတရားတို့သည် သမ္မယုတ္တပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သော တရားတို့မည်ကုန်၏။

သမ္ပယုတ္တပစ္စယကရဏ စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်, ဗာဟိရရုပ်, အာဟာရဇရုပ်, ဥတုဇရုပ်, အသညသတ် ကမ္မဇရုပ်, ပဝတ္တိကမ္မဇရုပ်, ဤတရားတို့သည် သမ္ပယုတ္တပစ္စည်း၏ ပစ္စနိက်ဖြစ်သော တရား တို့မည်ကုန်၏။ []

သမ္ပယုတ္တပစ္စည်း ဥပမာ

[ပြင်ဆင်ရန်]

ထောပတ်, ပျားဆီ, တင်လဲ ဟူသော စတုမဓုကို ရောစပ်ကြိုချက်လိုက်သောအခါ မည့်သည့်အရသာကား ထောပတ်၏ အရသာ လက္ခဏာ, မည့်သည့် အရသာကား ပျား၏အရသာ စသည်ဖြင့် ခွဲခြားဝေဖန်၍ မရ၊ အရသာ လေးပါးလုံး တစ်ပေါင်းတစ်စုတည်း ဖြစ်သကဲ့သို့ မည်သည့်လက္ခဏာက ဖဿ၏ မည်သည့်လက္ခဏာက ဝေဒနာ၏ လက္ခဏာ စသည်ဖြင့် သမ္ပယုတ္တတရားတို့၏ လက္ခဏာ အသီးသီးကို ခွဲခြမ်းဝေဖန်၍ မရနိုင်လောက်အောင် တစ်ခုတည်းကဲ့သို့ ဖြစ်ကြကုန်သော နာမက္ခန္ဓာလေးပါး အချင်းချင်းသာ သမ္ပယုတ္တ ပစ္စည်း, ပစ္စယုပ္ပန်အဖြစ်ဖြင့် ကျေးဇူးပြုကြလေသည်။ []

သမ္ပယုတ္တပစ္စည်း အရကောက်

[ပြင်ဆင်ရန်]

နာမ်ခန္ဓာ၄ပါးတို့ အတူတကွ ယှဉ်ကြသည့်အခါ ဤသဘောက ဝိညာဏက္ခန္ဓာ ဤသဘောက ဝေဒနက္ခန္ဓာစသည်ဖြင့် ခွဲခြား၍ မသိသာအောင် သမကြသည်။ (မေး) အဘယ်တရားတို့ကို သမ္ပယုတ္တပစ္စည်းဟု ခေါ်ဆိုရပါသနည်း။ အဘယ်ကြောင့်နည်း။

(ဖြေ) ဧကုပ္ပါဒ-အတူဖြစ်ခြင်း, ဧကနိရောဓ-အတူချုပ်ခြင်း, ဧကာလမ္ဗန-အာရုံတူခြင်း, ဧကဝတ္ထုက တည်ရာတူခြင်း ဟူသော သမ္ပယောဂလက္ခဏာ လေးပါးတို့၏အစွမ်းဖြင့် ကျေးဇူးပြုတတ်သော သောကြောင့် စိတ်-၈၉ ပါး စေတသိက်-၅၂ ပါး (နာမက္ခန္ဓာ) တရားတို့ကို သမ္ပယုတ္တပစ္စည်း ဟု ဆိုရပါသည်။ []

သမ္ပယုတ္တနှင့်သဟဇာတအထူး

[ပြင်ဆင်ရန်]

ဤသမ္ပယုတ္တပစ္စည်းသည် သဟဇာတပစ္စည်းကဲ့သို့ တပြိုင်နက်တကွဖြစ်ပေါ် ရုံမျှနှင့် ရနိုင်သော ပစ္စည်း မဟုတ်ချေ။ သမ္ပယောဂလက္ခဏာလေးပါးနှင့် ညီညွတ်မှသာလျှင် သမ္ပယုတ္တပစ္စည်းတပ်နိုင်သည်။ ဥပမာအားဖြင့် ရူပါရုံကို အာရုံပြု၍ လောဘမူပထမစိတ် ဖြစ်ပေါ်ရာ၌ စေတသိက် ၁၉-ပါးတို့သည်လည်း ပါဝင်ကုန်၏။ ထိုစိတ်နှင့်တပြိုင်တည်းပင် စိတ္တဇရုပ်တို့လည်း ဖြစ်ပေါ်ကုန်၏။ ထိုတွင် လောဘမူပထမစိတ်နှင့် စေတသိက် ၁၉-ပါးတို့သည် သဘောလက္ခဏာအားဖြင့် တမျိုးစီဖြစ်ကုန်သော်လည်း သမ္ပယောဂလက္ခဏာလေးပါးဖြင့် အချင်းချင်း နှီးနှောရောစပ်၍ ဖြစ်ကုန်၏။ တပေါင်းတည်းအဖြစ်သို့ရောက်လျက် အာရုံ၌ တပ်မက်ခြင်းကိစ္စကို ဆောင်ရွက်ကုန်၏။ တရားကိုယ် ၂၀-ပါးဖြစ်သော်လည်း အာရုံ၌တပ်မက်ခြင်း တမျိုးသာဖြစ်၏။ ထို့ကြောင့် စိတ်နှင့်စေတသိက် ၁၉-ပါးတို့သည် အချင်းချင်း သမ္ပယုတ္တပစ္စည်းအားဖြင့် ကျေးဇူးပြုသည်ဟု ဆိုရသည်။ စိတ္တဇရုပ်သည်ကား လောဘမူပထမစိတ်နှင့် တပြိုင်နက်ဖြစ်သော်လည်း ရုပ်တရားဖြစ်၍ နာမ်တရားတို့နှင့်ရောယှက်နှီးနှောခြင်း မရှိချေ။ ထို့ကြောင့် လောဘမူပထမစိတ်နှင့် စိတ္တဇရုပ်တို့သည် တချိန်တည်း၌ အတူတကွ ဖြစ်တည်ကြရုံမျှသာ ဖြစ်သဖြင့် သဟဇာတပစ္စည်းသာတပ်၍ သမ္ပယုတ္တပစ္စည်း မတပ်နိုင်ချေ။[၁၀]


နာမ်နှင့်ရုပ် သမ္ပယုတ္တမဖြစ်

[ပြင်ဆင်ရန်]

စင်စစ်အားဖြင့် သဘာဝယုတ္တိကို စဉ်းစာစိစစ်လျှင် နာမ်တရားနှင့်ရုပ်တရားတို့ အချင်းချင်း သမ္ပယုတ္တပစ္စည်း မတပ်နိုင်ကြောင်းမှာ လွန်စွာထင်ရှားလှသည်။ နာမ်နှင့်ရုပ်တို့သည် အတူဖြစ်ခြင်း(ဧကုပ္ပါဒ) အတူချုပ်ခြင်း(ဧကနိရောဓ) တခါတရံ ရှိနိုင်ငြားသော်လည်း စိတ်သက်နှင့်ရုပ်သက် မတူရကား ဖြစ်ပျက်နှစ်ပါးစုံတူ (ဧကုပ္ပါဒ+ဧကနိရောဓ)ဟူသော လက္ခဏာနှစ်မျိုးကိုမူ မရနိုင်ချေ။ ထို့ပြင် ရုပ်တို့တွင် ဝိညတ်ဒွေးသည် ဖြစ်ပျက်နှစ်ပါးစုံတူ လက္ခဏာကို ရနိုင်သော်လည်း စိတ်သည် အာရုံယူတတ်သော (သာရမ္မဏ)တရားဖြစ်၍ ရုပ်သည်အာရုံကို မယူတ်သော (အနာရမ္မဏ) တရားဖြစ်ရကား တူသောအာရုံရှိမှု(ဧကာလမ္ဗဏ)ဟူသော လက္ခဏာကိုလည်း မရနိုင်ချေ။ စိတ်သည် ဝတ္ထုရုပ် ခြောက်ပါးကို မှီ၍ ဥပါဒါရုပ်တို့သည် မဟာဘုတ်လေးပါးကိုမှီကုန်၏။ မဟာဘုတ်လေးပါးတို့သည် ကား တပါးသည်တပါးကိုမှီကုန်၏။ ထို့ကြောင့် စိတ်နှင့်ရုပ်တို့၌ ဧကဝတ္ထုကဟူသော လက္ခဏာကိုလည်း မရနိုင်ချေ။ ဤသို့ သမ္ပယောဂလက္ခဏာလေးပါး မရှိသောကြောင့်ပင် နာမ်နှင့်ရုပ်တို့သည် အချင်းချင်း သမ္ပယုတ္တပစ္စည်း မတပ်ခြင်း ဖြစ်ပေသည်။ [၁၀]

ရုပ်အချင်းချင်းသမ္ပယုတ္တမဖြစ်

[ပြင်ဆင်ရန်]

ကလာပ်တမျိုးတည်းတွင် ပါဝင်သောရုပ်တို့သည် အချင်းချင်း ဖြစ်တူပျက်တူ ပင်ဖြစ်ကြသည်။ မှီရာမဟာဘုတ်အားဖြင့်လည်းတူကြသည်။ အဝိနိဗ္ဘောဂရုပ် ရှစ်ပါးတို့သည်ကား တပါးစီခွဲခြား၍ မရနိုင်အောင်ပင် သဘောအားဖြင့်လည်း ပေါင်းစပ်နှီးနှောမိကြသည်။ သို့သော်လည်း အနာရမ္မဏတရားဖြစ်၍ ဧကာလမ္ဗဏဟူသော သမ္ပယောဂလက္ခဏာကိုကား မရနိုင်ချေ။ ထို့ကြောင့် ရုပ်အချင်းချင်းလည်း သမ္ပယုတ္တပစ္စည်း မတပ်ကြောင်းကို မှတ်သားအပ်ပေသည်။ သမ္ပယုတ္တနှင့်အညမညအထူး။ ဤသမ္ပယုတ္တပစ္စည်းသည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုမှုပါသော ကြောင့် အညမညပစ္စည်းသတ္တိလည်းရှိသည်။ သို့သော် အညမညသတ္တိမှာ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုရုံမျှသာဖြစ်သည်။ သမ္ပယုတ္တပစ္စည်းကား အချင်းချင်း အပြန်အလှန် ကျေးဇူးပြုရုံမျှသာ မဟုတ်မူ၍ သမ္ပယောဂလက္ခဏာလေးပါးတို့ဖြင့် အချင်းချင်းမျှတ ညီညွတ်စွာ ပေါင်းစပ် ယှဉ်တွဲခြင်းကိုသာ ဆိုလိုသည်။ အညမညပစ္စည်း၌မူကား မဟာဘုတ် ရုပ်အချင်းချင်းသော်၎င်း, ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထုရုပ်တို့ အပြန်အလှန်အားဖြင့်သော်၎င်း ကျေးဇူးပြုခြင်းများ ပါဝင်နိုင်သည်။ ဤသမ္ပယုတ္တပစ္စည်း၌ကား နာမ်ခန္ဓာလေးပါးတို့ အပြန်အလှန်ကျေးဇူးပြုမှုတမျိုးသာ ပါဝင်လေသည်။[၁၀]

ပစ္စည်းသုံးမျိုးအထူး

[ပြင်ဆင်ရန်]

အချုပ်အားဖြင့် မှတ်သားလွယ်အောင် ဖော်ပြရပါမူ (၁) တပြိုင်နက် အတူတကွဖြစ်ပေါ် သော တရားအားလုံးသည် သဟဇာတပစ္စည်းဖြစ်၏။ (၂)ထိုတရားများအနက်မှ အချင်း ချင်း အပြန်အလှန်ကျေးဇူးပြုသော တရားများသည်သာလျှင် အညမညပစ္စည်းလည်းဖြစ်၏။ သဟဇာတပစ္စည်း လည်းဖြစ်၏။ ထိုအညမညတရားများအနက်မှ သမ္ပယောဂလက္ခဏာလေးပါးတို့ဖြင့် ညီညွတ်စွာ ပေါင်းစပ်ယှဉ် တွဲနိုင်သည့် နာမ်ခန္ဓာလေးပါးတို့သာလျှင် သမ္ပယုတ္တပစ္စည်းတပ်ပေသည်။ ဤကား အထူးတည်း။[၁၀]

ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
စိတ် ၈၉၊ စေ ၅၂ စိတ် ၈၉၊ စေ ၅၂ ရုပ် ၂၈

ပစ္စည်းတပ်ပုံ သာဓကပြယုဂ်

[ပြင်ဆင်ရန်]

လောဘမူ ပထမစိတ်ဖြစ်ပေါ်လာရာ၌ ထိုစိတ်တည်းဟူသော ဝိညာဏက္ခန္ဓာ သည် ပစ္စည်း၊ စေတသိက် ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်ဖြစ်သည်။ တဖန် စေတသိက် ခန္ဓာသုံးပါးကို ပစ္စည်းယူသော် ဝိညာဏက္ခန္ဓာသည် ပစ္စယုပ္ပန်ဖြစ်သည်။ ထို့အတူ ဝေဒနက္ခန္ဓာသည် ပစ္စည်း၊ ကျန်ခန္ဓာ သုံးပါးသည် ပစ္စယုပ္ပန်စသည်ဖြင့်လည်း သိရာ၏။ ထို့ပြင် ဝိညာဏက္ခန္ဓာ ဝေဒနက္ခန္ဓာ နှစ်ပါးသည် ပစ္စည်း၊ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ နှစ်ပါးသည် ပစ္စယုပ္ပန်စသည်ဖြင့် ခန္ဓာနှစ်ပါးစီတွဲ၍လည်း ပစ္စည်းပစ္စယုပ္ပန် အပြန်အလှန်ဖြစ်ပုံသိရာ၏။

ဤသို့လျှင် ပဋ္ဌာန်းပါဠိတော်၌ “ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ၊ တယော ခန္ဓာ ဧကဿ ခန္ဓဿ၊ ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ သမ္ပယုတ္တပစ္စယေန ပစ္စယော”စသည်ဖြင့် သမ္ပယုတ္တပစ္စည်းတပ်ပုံကို ခန္ဓာအနေအားဖြင့် သာ ပြတော်မူသည်။ ထိုနည်းသည် အသိလွယ်ရန် ပြဆိုတော်မူခြင်းသာ ဖြစ်သည်။ စင်စစ်အားဖြင့် လောဘမူပထမစိတ်နှင့်ယှဉ်သော ဖဿစေတသိက်သည် ပစ္စည်း၊ ကျန်စေတသိက် ၁၈ ပါးနှင့် စိတ်သည် ပစ္စယုပ္ပန်စသည်ဖြင့် စေတသိက် တပါးချင်းအနေဖြင့်လည်း သမ္ပယုတ္တပစ္စည်းတပ်ပုံကို ပြဆိုနိုင်ခွင့်ရှိပေသည်။ [၁၁][၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. သမ္ပယုတ္တပစ္စယ (ပု) [သမ္ပယုတ္တ+ပစ္စယ] သမ္ပယုတ္တပစ္စည်း၊
  2. မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော။ ပဋ္ဌာန၊၁၊၁။ အဘိ၊ဋ္ဌ၊၁၊၉။ ဝိသုဒ္ဓိ၊၂၊၁၆၃။ ဧကဝတ္ထုကဧကာရမ္မဏ-ဧကုပ္ပါဒေကနိရောဓသင်္ခါတေန သမ္ပယုတ္တဘာဝေန ဥပကာရကာ အရူပဓမ္မာ သမ္ပယုတ္တပစ္စယော။ အဘိ၊ဋ္ဌ၊၃၊၃၅၁။ သမံ ပကာရေဟိ ယုတ္တတာယ ဧကီဘာဝေါပဂမနေန ဝိယ ဥပကာရကတာ သမ္ပယုတ္တပစ္စယတာ။ မူလဋီ၊၃၊၁၇၄။ သမန္တိ အဝိသမံ သမ္မာ, သဟ ဝါ။ ပကာရေဟီတိ ဧကဝတ္ထုကတာဒိပ္ပကာရေဟိ။ ယုတ္တတာယာတိ သံသဋ္ဌတာယ။ အနုဋီ၊၃၊၂၃၇။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ တိပိဋကအဘိဓာန် အတွဲ-၂၂
  4. (အဘိ၊ဋ္ဌ၊၃၊၃၅၁)။
  5. (မူလဋီ၊၃၊၁၇၄)။
  6. အဘိ၊ဋ္ဌ၊၃၊၃၅၂-၃၊ ၃၈၁။
  7. အဘိ၊ဋ္ဌ၊၃၊၃၉၂။ ပဋ္ဌာန်းအရကောက်။
  8. (သုံးချက်စုဘာသာဋီကာ)
  9. (သုံးချက်စု ဘာဋီ ၂၄၆-၂၄၇)
  10. ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ ၁၀.၄ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်
  11. (ပရမတ္ထသံခိပ်ဋီကာ ဒု ၅၂၉-၅၃၂)