သစ္စံကိရဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၈။ ဝရုဏဝဂ် -(၇၃) သစ္စံကိရဇာတ် ကျေးဇူးရှင် ရသေ့အား ပြစ်မှား၍ မှန်သော စကားကို ဆိုသဖြင့် ပြည်သူပြည်သားများ သုတ်သင်ခံရသော မင်းမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဒေဝဒတ်ကြံမှု သတ်ရန်ပြု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကို သတ်ရန် လုံ့လပြု၍ နေ၏။ ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ်အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ … ဒေဝဒတ်သည် ယခုအခါမှသာ ငါဘုရားကို သတ်ရန် လုံ့လပြုသည် မဟုတ်၊ ရှေးအခါကလည်း လုံ့လပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

တိုင်ပင်နှီးနှော မြစ်တွင်မျှော[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ဒုဋ္ဌကုမာရမည်သော သား တစ်ယောက် ရှိလေ၏။ တုတ်၊ လှံတံဖြင့် ထိခတ်မိသော မြွေဟောက်ကဲ့သို့ ရုန့်ရင်း ကြမ်းကြုတ်လှ၏။ မဆဲရေး မပုတ်ခတ်ဘဲ စကားပြောလေ့ မရှိ။ လူတို့သည် မင်းသားကိုမြင်လျှင် စားတော့မည်လာသော ဘီလူးကဲ့သို့ ကြောက်ရွံ့ကြကုန်၏။ အလွန် ရွံမုန်းကြကုန်၏။

တစ်နေ့သ၌ မြစ်သို့ ရေကစားသွားကြရာ မြစ်တွင်းသို့ ဆင်းသက်၍ ကစားခိုက် အရပ်လေးမျက်နှာမှ အုံ့မှိုင်း မှောင်မည်းလျက် မိုးကြီးတက်လတ်၏။ ထိုအခါ ကျွန်အမှုလုပ်တို့သည် အခွင့်ကောင်းရပြီ၊ ဤမင်းသားယုတ်ကို မြစ်လယ်မှာ သေစေမည်ဟု တိုင်ပင်ညီညွတ်ကာ “ဟယ် မင်းသားယုတ် … သေပေတော့” ဟု ဆို၍ မြစ်လယ်၌ ထားခဲ့ပြီး သူ့ထက်ငါ ကုန်းပေါ်သို့တက်၍ ပြန်ကြကုန်၏။ မင်းကြီးမေးသောအခါ ရှေ့က ပြန်သွားနှင့်ကြောင်း လျှောက်ထားလျှင် မင်းကြီးက ပြန်၍ ရှာချေဟု စေခိုင်းပြန်သဖြင့် မြစ်နားသွား၍ ရှာသော်လည်း မတွေ့ကြဘဲ မိုးကြီးရွာ၍ ပြန်လာကြရကုန်၏။

ဒုဋ္ဌကုမာရမင်းသားလည်း ထင်းတုံးတစ်ခုကို တွယ်၍ စီးကာ ငိုကြွေးဟစ်အော်လျက် မြစ်ထဲတွင် မျောလေ၏။

ကံတူပေးငြား လေးဦးသား[ပြင်ဆင်ရန်]

ဗာရာဏသီမြို့နေ သူဌေး တစ်ယောက်သည် မြစ်ကမ်းနားဝယ် ဥစ္စာကုဋေလေးဆယ် မြှုပ်၍ သေလွန်သောအခါ ဥစ္စာ၌ စွဲလမ်းမိသောကြောင့် ဥစ္စာစောင့်မြွေ ဖြစ်လေ၏။ ၎င်းမြို့နေ သူဌေးတစ်ယောက်လည်း မြစ်ကမ်းနားမှာပင် ဥစ္စာကုဋေသုံးဆယ် မြှုပ်၍ သေလွန်သောအခါ ဥစ္စာ၌ စွဲလမ်းမိသောကြောင့် ဥစ္စာစောင့်ကြွက် ဖြစ်လေ၏။

ထိုမြွေနှင် ကြွက်တို့သည်လည်း မိုးကြီးရွာသောအခါ မိမိတို့ နေရာ တွင်း၌ ရေဝင်၍ ထွက်လာကြရာ ရေအယဉ်တွင် မျောလျက် မင်းသားစီးလာသော ထင်းတုံးနှင့် တွေ့၍ အစွန်းတစ်ဖက်တွင် မြွေ၊ တစ်ဖက်တွင် ကြွက်တို့လည်း တွယ်ကပ်လျက် လိုက်ပါကြကုန်၏။ ထိုမြစ်ကမ်းရှိ လက်ပံပင်လည်း အမြစ်ကို ရေတိုးဝှေ့သဖြင့် မြစ်ထဲသို့ လဲကျပြန်ရာ ၎င်းတွင် နေသော ကျေးသားငယ်လည်း မပျံနိုင်သဖြင့် ထိုမင်းသားစီးသည် ထင်းတုံးနံဘေး တစ်ဖက်မှာပင် နားကာ လိုက်ပါလေ၏။ ဤသို့လျှင် မင်းသား၊ မြွေ၊ ကြွက်၊ ကျေးသားလေးဦးတို့ ကံတူအကျိုးပေးဖြစ်၍ တွေ့ဆုံကာ မြစ်တွင် မျောကြကုန်၏။

ကယ်တင်မွေးလေ့ ရှင်ရသေ့[ပြင်ဆင်ရန်]

ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လျှင် ရသေ့ရဟန်းပြု၍ မြစ်ကွေ့တစ်ခုရှိ သင်္ခမ်းကျောင်း၌ နေလေ၏။ ညဉ့်သန်းခေါင်ယံအခါ စင်္ကြသွားလတ်သော် မင်းသားငိုသံကိုကြား၍ မြစ်တွင်းသို့ ဆင်းလျက် အသက်အလှူပေးမည်ဟု လေးဦးလုံးဆယ်ယူကာ သင်္ခမ်းကျောင်းသို့ ဆောင်လေ၏။

ကျောင်းသို့ရောက်လျှင် မီးမွှေး၍ ရှေးဦးစွာ အားနည်းသော မြွေ၊ ကြွက်၊ ကျေးသားတို့ကို လှုံစေ၍ နောက်မှ မင်းသားကို လှုံစေ၏။ အစာကျွေးသောအခါ လည်း နည်းတူ ကျွေးလေ၏။

ကျေးဇူးတင်လှ ပင့်ဖိတ်ကြ[ပြင်ဆင်ရန်]

ထိုအခါ မင်းသားယုတ်သည် ငါ မင်းသားဖြစ်လျက် ဂရုမစိုက်၊ တိရစ္ဆာန်တို့ကို သာ ဂရုစိုက်သည်ဟု ရသေ့၌ ရန်ငြိုးဖွဲ့လေ၏။ နှစ်ရက်၊ သုံးရက် လွန်သဖြင့် အားရှိလာကြသောအခါ မြစ်ရေလည်း ပြတ်သဖြင့် မြွေသည် ရသေ့ကို ရှိခိုး၍ “အရှင်ဘုရား … အရှင်ဘုရားသည် အကျွန်ုပ်အား ကျေးဇူးပြုပေသည်၊ အကျွန်ုပ်မှာ ဥစ္စာကုဋေလေးဆယ် ရှိပါသည်၊ အလိုရှိက လှူပါမည်၊ မည်သည့်အရပ်သို့ ကြွကာ မြွေ - ဟု ခေါ်ပါ” ဟု မှာထား၍ ပြန်လေ၏။ ကြွက်လည်း “မိမိမှာ ဥစ္စာကုဋေသုံးဆယ်ရှိကြောင်း၊ အလိုရှိက လှူမည်ဖြစ်ကြောင်း၊ မည်သည့်အရပ်သို့ ကြွကာ ကြွက် - ဟု ခေါ်ပါ” ဟု မှာထား၍ ပြန်လေ၏။ ကျေးသားလည်း “မည်သည့်ကြွပါ သလေးနီဖြင့် အလိုရှိလျှင် လှူပါမည်၊ ကျေးသား - ဟု ခေါ်ပါ” ဟု မှာထား၍ ပြန်လေ၏။

အဆွေခင်ပွန်းကို ပြစ်မှားတတ်သော မင်းသားယုတ်သည် မပင့်ဖိတ်ဘဲ သွားလျှင် မလျော်သဖြင့် ပင့်ဖိတ်မည် လာသောအခါ သတ်မည်ဟု အကောက်ကြံ၍ “အရှင်ဘုရား … အကျွန်ုပ် မင်းဖြစ်သောအခါ ကြွလာပါ၊ ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးပါမည်” ဟု ပင့်ဖိတ်၍ ပြန်လေ၏။ မင်းသားလည်း မကြာမီ မင်းဖြစ်လေ၏။

ကယ်ဆယ်ဖူးထား စုံစမ်းသွား[ပြင်ဆင်ရန်]

ရသေ့လည်း တစ်နေ့သ၌ ငါစုံစမ်းမည်ဟု မြွေထံသွား၍ မြွေ - ဟု ခေါ်၏။ မြွေလည်း လာ၍ “အရှင်ဘုရား … ဥစ္စာ ကုဋေလေးဆယ်ကို ယူပါ” ဟု လှူလေ၏။ ရသေ့လည်း “ရှိစေဦး၊ အလိုရှိသောအခါ ငါပြောမည်” ဟု ဆိုပြီးလျှင် ကြွက်ထံသွား၍ ကြွက် - ဟု ခေါ်၏။ ကြွက်လည်း လာ၍ “အရှင်ဘုရား … ဥစ္စ ကုဋေသုံးဆယ်ကို ယူပါ” ဟု လှူလေ၏။ ရသေ့လည်း “ ရှိစေဦး၊ အလိုရှိသောအခါ ငါပြောမည်” ဟု ဆိုပြီးလျှင် ကျေးသားထံသွား၍ ကျေးသား “ ဟု ခေါ်၏။ ကျေးသားလည်း “အရှင်ဘုရား … သလေးနီကို ဆောင်ရမည်လော” ဟု လျှောက်ထား၏။ ရသေ့လည်း “ရှိစေဦး၊ အလိုရှိသောအခါ ငါပြောမည်” ဟု ဆိုပြီး လျှင် မိမိနေရာသို့ ပြန်လေ၏။

ရသေ့လည်း မြွေ၊ ကြွက်၊ ကျေးသား တို့ကား ကျေးဇူးသိကြပါပေသည်၊ ခွင့်ဝတ်ကျေကြပါပေသည်၊ မင်းသားကို သိရအောင် စုံစမ်းမည်ဟု ကြံစည်ကာ မင်းသားထံ သွား၍ ဥယျာဉ်တော်၌ တည်ခိုပြီး နံနက် ဆွမ်းခံချိန်တွင် မြို့တွင်းသို့ ဆွမ်းခံကြွလေ၏။

လိမ်ဉာဏ်နှင့်ပင့် မင်းယုတ်ကျင့်[ပြင်ဆင်ရန်]

ထိုအခိုက်တွင် မင်းယုတ်လည်း မင်္ဂလာဆင်တော်ကို စီးကာ အခြွေအရံနှင့် မြို့ကို လက်ယာရစ်လှည့်စဉ် ရသေ့ကို မြင်၍ အင်း … ရသေ့ရောက် လာပြီ၊ ငါ့ထံ စားသောက်ကာ နေလိုဟန်တူသည်၊ ငါ့ကိုပြုထားသော ကျေးဇူးကို လူများကို မပြောကြားမီ အသတ်ခိုင်းမည်ဟု ကြံစည်လျက် မင်းချင်းတို့ကို ကြည့်လေ၏။

မင်းချင်းတို့လည်း “အရှင်မင်းကြီး … ဘယ်အမှုကို ပြုရမည်နည်း” ဟု လျှောက်လျှင် “မောင်မင်းတို့ … ဤရသေ့ကို ဖမ်းဆီးချုပ်နှောင်ကာ လမ်းဆုံတိုင်း၊ လမ်ဆုံတိုင်း ရိုက်နှက်လျက် မြို့ပြင်ထုတ်၍ သုသာန်၌ ဦးခေါင်းကိုဖြတ်ကာ တကျင်လျှိုကြကုန်” ဟု အမိန့်ပေးလေ၏။

သူယုတ်ကယ်မ ဆင်းရဲရ[ပြင်ဆင်ရန်]

မင်းချင်းတို့လည်း ရသေ့ကို ဖမ်းဆီး ချုပ်နှောင်ကာ လမ်းဆုံတိုင်း၊ လမ်းဆုံတိုင်း ရိုက်နှက်ကြကုန်၏။ ရသေ့လည်း ရိုက်နှက်တိုင်း၊ ရိုက်နှက်တိုင်း အမေ အဖေ စသည် မမြည်တမ်းဘဲ -

“မြစ်တွင် မျောလာသော သစ်တုံးကို ဆယ်တင်ခြင်းက မြတ်သေးသည်၊ အဆွေခင်ပွန်း ပြစ်မှားသော သူယုတ်မာကို ဆယ်တင်ရခြင်းမှာ မမြတ်သည်သာတည်း” ဟု လောက၌ တချို့ပညာရှိတို့ မှန်သောစကားကို ဆိုကြကုန်သတတ် -ဟူသော စကားကိုသာ ဆိုမြည်းတမ်းလေ၏။

ရသေ့စကားကို ကြားလျှင် ပညာရှိသော သူတို့သည် “အို ရှင်ရသေ့ ... အရှင်သည် အကျွန်ုပ်တို့ မင်းကြီးအား ပြုခဲ့ဖူးသောကျေးဇူး တစ်စုံတစ်ရာ ရှိပါသလော” ဟု မေးကြကုန်၏။ ထိုအခါ ရသေ့သည် မင်းကြီးအား မင်းသားဖြစ်စဉ် မြစ်ရေ၌ မျောလာရာမှ ဆယ်တင်ကာ အသက်ကို ကယ်ဆယ်ခဲ့ဖူးကြောင်း စုံလင်စွာ ပြောလေ၏။

သူယုတ်သုတ်သင် မင်းမြှောက်တင်[ပြင်ဆင်ရန်]

အမတ် ပုဏ္ဏား စသော သူတို့သည် “ဤမင်းယုတ်ကား အသက်ကို ပေးသည့် ကျေးဇူးရှင်ကိုပင် ပြစ်မှားသေးသည်၊ ဤမင်းယုတ်ကိုမှီ၍ အဘယ်မှာ အကျိုးစီးပွား ဖြစ်နိုင်မည်နည်း၊ မင်းယုတ်ကို ဖမ်းကြကုန်လော့” ဟု အမျက်ထွက်လျက် အရပ်လေးမျက်နှာမှ လေး၊ မြား၊ တုတ်၊ ဓား၊ ဆောက်ပုတ် စသည်တို့ဖြင့် ပစ်ခတ်ရိုက်နှက်၍ သတ်ကြပြီး ခြေနှစ်ချောင်းကိုကိုင်ကာ မြို့ပြင် ကျုံးထဲသို့ စွန့်ပစ်ကြကုန်၏။ ရသေ့ကိုလည်း ဘိသက်သွန်း၍ မင်းမြှောက်ကြကုန်၏။ ရသေ့မင်းလည်း တရားသဖြင့် မင်းပြုတော်မူ၏။

တစ်နေ့သ၌ အဆွေခင်ပွန်း ဖြစ်ကြသော မြွေ၊ ကြွက်၊ ကျေးသားတို့ထံ အခြွေအရံများစွာဖြင့်သွား၍ မြွေထံမှ ဥစ္စာ ကုဋေလေးဆယ်၊ ကြွက်ထံမှ ကုဋေသုံးဆယ်၊ ဤသို့ ဥစ္စာကုဋေခုနစ်ဆယ်ကို ယူဆောင်ပြီးလျှင် ကျေးသားထံမှလည်း သလေးနီးစပါးတို့ကို ဝန်ခံစေလျက် မြွေ၊ ကြွက်၊ ကျေးသားတို့ကို လည်း နန်းတော်သို့ ခေါ်ဆောင်၍ လာလေ၏။

မိတ်ဆွေလေးဝ တူနေကြ[ပြင်ဆင်ရန်]

နန်းတော်သို့ ရောက်လျှင် မြွေနေဖို့ ရွှေကျည်တောက်၊ ကြွက်နေဖို့ ရွှေပန်းလိုဏ်ခေါင်း၊ ကျေးသားနေဖို့ ရွှေချိုင့်တို့ကို ပြုလုပ်စေပြီးလျှင် အဆွေခင်ပွန်း သုံးဦးတို့ကို ချမ်းသာစွာ နေစေလျက် နေ့စဉ် အစာကျွေးမွေးတော်မူ၏။ မိမိလည်း ဥစ္စာကုဋေခုနစ်ဆယ်တို့ကို သိမ်းဆည်းကာ ကုသိုလ်ကောင်းမှုတို့ကို ပြုတော်မူ၏။

ဤသို့လျှင် မင်းနှင့်တကွ အဆွေခင်ပွန်း လေးဦးတို့သည် စိတ်တူကိုယ်မျှ အသက်ထက်ဆုံး ညီညွတ်ကြလျက် သေလွန်သည့် အခြားမဲ့၌ ကံအားလျော်စွာ လားကြရကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းယုတ်သည် - ယခုအခါ ဒေဝဒတ်။

မြွေသည် - သာရိပုတ္တရာ။

ကြွက်သည် - မောဂ္ဂလာန်။

ကျေးသားသည် - အာနန္ဒာ

မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကျေးဇူးရှိသူ၊ ပြစ်မှားမူ၊ လူတွင်ပျက်စီးရာ။

(၂) ထင်းတုံးနှင့်လူ၊ မြစ်မှာယူ၊ ထင်းမူမြတ်သည်သာ။

သစ္စံကိရဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ