သင်္ကပ္ပရာဂဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၁။ သင်္ကပ္ပဝဂ် -(၂၅၁) သင်္ကပ္ပရာဂဇာတ် မိဖုရား၏ အမူအရာကိုမြင်၍ ကာမဝိတက် ကြံဆသဖြင့် ဈာန်လျှောကာ ဆင်းရဲစွာ ခံစားရသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မိန်းမအတွက် ငြီးငွေ့ချက်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား အမျိုးသားတစ်ယောက်သည် သာသနာတော်၌ အသက်ပေး၍ ရဟန်းပြု၏။ တစ်နေ့သ၌ မြို့တွင်းသို့ ဆွမ်းခံသွားသည်ရှိသော် တန်ဆာဆင်ထားသော မိန်းမတစ်ယောက်ကိုမြင်လျှင် ကိလေသာရာဂဖြစ်၍ သာသနာတော်၌ မမွေ့မလျော်ခြင်း ဖြစ်လေ၏။

ဆရာဥပဇ္ဈာယ်တို့သည် ထိုရဟန်းကို အလိုမရှိဘဲလျက် မြတ်စွာဘုရားထံ ဆောင်ယူသွားကြကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို မေးတော်မူလျှင် ထိုရဟန်းသည် မြတ်စွာဘုရားကို ဟုတ်မှတ်သောအတိုင်း လေဆာက်ထားလေ၏။

မြတ်စွာဘုရားသည် ထိုရဟန်းကို “ချစ်သားရဟန်း .... မိန်းမတို့မည်သည်ကား - ရှေးအခါ ဈာန်အဘိညာဉ်တန်ခိုးဖြင့် ကိလေသာကိုခွာ၍ စင်ကြယ်သောသူတို့အားလည်း ကိလေသာကို ဖြစ်စေကုန်ပြီ၊ သင်ကဲ့သို့ ဈာန်အဘိညာဉ် တန်ခိုးမရှိ အချည်းနှီးသောသူအား အဘယ်မှာမဖြစ်စေနိုင်ဘဲ ရှိအံ့နည်း” ဟု စသည်ဖြင့် မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ရသေ့သူမြတ် ကြည်ညိုလတ်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော *ဗြဟ္မဏ မဟာသာလမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားပြီးလျှင် ဗာရာဏသီပြည်သို့ပြန်၍ အိမ်ထောင်ပြုကာ သားမယား မွေးမြူလေ၏။ (*ဗြဟ္မဏ - တစ်ဆယ့်ရှစ်ကုဋေမက ကြွယ်ဝချမ်းသာသော ပုဏ္ဏားမျိုး)

နောက်အခါ မိဘတို့သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုပြီးလျှင် ကျန်ရစ်သော ရွှေငွေရတနာဥစ္စာတို့ကို ကြည့်ရှုလတ်သော် “ဤဥစ္စာတို့ု မြင်ရသေး၏။ ဥစ္စာရှင်ကိုကား မမြင်ရတော့ပြီ” ဟု ဆင်ခြင်လျက် သတိသံဝေဂဖြစ်ကာ ကိုယ်မှချွေးတို့သည် ယိုစီး၍ကျကုန်၏။ ပုဏ္ဏားသည် လူတို့ဘောင်၌ အလှူပေးကာ ကြာမြင့်စွာနေပြီးလျှင် သားမယားဆွေမျိုးအပေါင်း စွန့်ခွာ၍ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာအရပ်သို့သွားလျက် သစ်ရွက်မိုးကျောင်းတွင် သစ်သီးဝလံစသော အာဟာရတို့ဖြင့် မျှတမှီဝဲကာ ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ဈာန်ကစားလျက် နေလေ၏။

တစ်နေ့သ၌ ရသေ့သည် ချဉ်ဆားမှီဝဲလို၍ ဗာရာဏသီပြည်သို့သွားကာ မင်းဥယျာဉ်၌ တည်းခို၍ နံနက်အခါ၌ တည်းခို၍ နံနက်အခါ၌ မြို့တွင်းသို့ ဆွမ်းခံဝင်လေ၏။ မင်းအိမ်တံခါးသို့ ရောက်လတ်သော် မင်းကြီးသည် လေသွန်တံခါးမှကြည့်ခိုက် မြင်တော်မူ၍ ရသေ့၏ဣရိယာပုတ်၌ ကြည်ညိုသဖြင့် အမတ်တစ်ယောက်ကိုခေါ်ကာ ရသေ့ကို နန်းတော်သို့ ပင့်ရန် စေလွှတ်လေ၏။

ကျွေးမွေးဘောဇဉ် နန်းတော်တွင်[ပြင်ဆင်ရန်]

အမတ်လည်း မင်းကြီးစေခိုင်းသဖြင့် ရသေ့ထံသို့သွား၍ မင်းကြီးက နန်းတော်သို့ကြွရန် ပင့်ကြောင်း လျှောက်ထားလေလျှင် ရသေ့သည် အမတ်လက်သို့ သပိတ်ကိုပေးကာ ယူခဲ့စေလျက် နန်းတော်သို့ကြွလျှင် မြတ်သောရာဇပလ္လင်တွင် နေတော်မူ၏။

မင်းကြီးသည် ရသေ့အား မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့် ကပ်လှူပြီးလျှင် - ပဋိသန္ဓာရစကားဖြင့် အစေ့အစပ် ပြောဆိုကာ ရသေ့အား “အရှင်ဘုရား ... ဤအရပ်သို့ အဘယ်အကျိုးငှာ ကြွလာပါသနည်း”ဟု မေး၏။ “မြတ်သောမင်းကြီး ... ငါတို့အား မိုးကာလဝယ် အမြဲနေရန် နေရာရှာဖို့သင့်သည်” ဟု ပြောလေ၏။ “အရှင်ဘုရား ... ထိုသို့ဖြစ်လျှင် ဥယျာဉ်တော်၌ သီတင်းသုံးတော်မူပါ၊ အကျွန်ုပ်တို့သည် နတ်ပြည်၌ ဖြစ်စေတတ်သောကုသိုလ်ကောင်းမှုကို ပြုရပါမည်။ အရှင်ဘုရားတို့မှာလည်း ပစ္စည်းလေးပါးဖြင့် မပင်ပပန်းဖြစ်ပါမည်” ဟု လျှောက်ထားကာ ဥယျာဉ်တော်တွင် သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးလျှင် ကိုးကွယ်လေ၏။ ရသေ့လည်း ထိုအခါမှစ၍ ဆယ့်နှစ်နှစ်ပတ်လုံး ဥယျာဉ်တော်တွင် သီတင်သုံးလျက် နန်းတော်သို့ကြွကာ နေ့စဉ် ဆွမ်းဘုဉ်းပေးလေ၏။

တစ်နေ့သ၌ ပစ္စန္တရာဇ်တွင် ခိုးသူတို့ဖျက်ဆီးလေ၏။ မင်းကြီးလည်း ကြားတော်မူလျှင် ဆရာရသေ့အား ပြုစုလုပ်ကျွေးရန် မိဖုရားကြိးကို မှာထားခဲ့၍ စစ်သည်ဗိုလ်ပါ ခြံရံကာ ခိုးသူတို့ကို တိုက်ဖျက်ရန် ပစ္စန္တရာဇ်သို့ သွားလေ၏။ မိဖုရားကြီးလည်း မင်းကြီး မှာခဲ့သောအတိုင်း နန်းတော်သို့ကြွလာသော ဆရာရသေ့အား နေ့စဉ် ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ကပ်လှူလုပ်ကျွေးလေ၏။

ဣန္ဒြေမစောင့်ရှောက် ဈာန်ကွယ်ပျောက်[ပြင်ဆင်ရန်]

တစ်နေ့သောအခါ ဆရာရသေ့သည် ကြွလာနေကျ အချိန်တွင် မရောက်ဘဲ ကြာမြင့်လေ၏။ မိဖုရားကြီးလည်း ဆရာရသေ့ကို မျှော်လင့်ငံ့ဆိုင်းကာ နူးညံ့ပြေပြစ်သော အဝတ်ကို လျော့လျော့ဝတ်ဆင်လျက် ညောင်စောင်းတစ်ခုတွင် လျောင်းစက်၍ လေသာပြတင်းပေါက်ဖြင့် ကြည့်ရှုကာနေ၏။ ထိုခဏ၌ ရသေ့လည်း ကောင်းကင်ခရီးဖြင့် ကြွလာရာ လေသာပြတင်းသို့ ရောက်လာ၏။

မိဖုရားကြီးသည် ရသေ့၏ လျှော်တေသံကို ကြား၍ ရသေ့ကြွလာကြောင်းကို သိသဖြင့် အမြန်အိပ်ရာမှ ထရာ နူးညံ့ပြေပြစ်သော ကိုယ်ဝတ်သည် ကိုယ်မှလျှောကျလေ၏။ ရသေ့လည်း ဝိသဘာဂအာရုံကို မြင်ရလျှင် ဣန္ဒြေကိုဖျက်ကာ တင့်တယ်၏ဟု နှလုံးသွင်းမိသည့်အတွက် ပခြုပ်တွင်ထည့်ထားသော မြွေဟောက်သည် ပါးပျဉ်းထောင်၍ ထသကဲ့သို့ ဈာန်စိတ်၏ အစွမ်းဖြင့် ငြိမ်ဝပ်ပိပြား၍နေသော ကိလေသာတို့သည် ထကြွသောင်းကျန်းကာ ဈာန်အဘိညာဉ်တို့သည် ကွယ်ပျောက်လေကုန်၏။ အတောင်ကျိုးပြတ်သော ကျီးငှက်ကဲ့သို့ ကောင်းကင်ဖြင့် ကြွသွားခြင်းငှာ မစွမ်းနိုင်လေ၏။ မိဖုရားကြီးသည် ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ကပ်မြဲတိုင်း ကပ်လှူလေ၏။

ကာမဝိတက် မြားဒဏ်ချက်[ပြင်ဆင်ရန်]

ရသေ့လည်း ဣန္ဒြေမဆည်နိုင်တော့သဖြင့် နန်းတော်တွင် ဆွမ်းမဘုဉ်ပေးနိုင်တော့ဘဲ ရပ်လျက်သာ အလှူခံ၍ နေ့တိုင်းကဲ့သို့ ကောင်းကင်ခရီးဖြင့် မကြွနိုင်ဘဲ လူတိုင်းကဲ့သို့ နန်းတော်မှ ဆင်းသက်ကာ ခြေကျင်ကြွတော်မူ၏။ ဥယျာဉ်တော်သို့ရောက်လျှင် ဆွမ်းကိုမဘုဉ်ပေးနိုင်သဖြင့် ညောင်စောင်းတွင် သပိတ်ကိုသွင်း၍ ညောင်းစောင်းပေါ်တွင် လျောင်းစက်ကာ မိဖုရားကြီးကို အစွဲအလမ်းကြီးလျက် ခုနစ်ရက်တိုင်အောင် အိပ်လေ၏။ ဆွမ်းတို့လည်း ပုပ်သိုးလျက် ယင်မမဲရိုင်းတို့ဖြင့် ဝိုင်းအုံကာနေလေ၏။

မင်းကြီးသည် ပစ္စန္တရာဇ်၌ ခိုးသူရန်ကို ငြိမ်းအေးစေပြီးလျှင် စစ်သည်ဗိုလ်ပါနှင့်တကွ နေပြည်တော်သို့ ပြန်လာရာ ရောက်လျှင် နန်းတော်သို့ သွားလေ၏။ ရောက်လျှင် အမှိုက်တို့ဖြင့် ပြည့်နေသော သင်္ခမ်းကျောင်းကို မြင်လျှင် ဆရာရသေ့သည် အရပ်တစ်ပါးသို့ပင် ကြွသွားလေရော့သလားဟု အောက်မေ့ကာ ကျောင်းတံခါးကိုဖွင့်၍ ကျောင်းတွင်းသို့ ဝင်ပြန်သောအခါ လျောင်းစက်နေသော ရသေ့ကို မြင်ပြန်လျှင် တစ်စုံတစ်ရာ မချမ်းသာခြင်း ဖြစ်လိမ့်မယ်ဟု ဆင်ခြင်ပြန်၍ ပုပ်သိုးနေသော ဆွမ်းတို့ကို စွန့်စေ၏။ ကျောင်းကိုလည်း သုတ်သင်ရှင်းလင်းစေ၏။

မင်းကြီးကူမ ဈာန်ပြန်ရ[ပြင်ဆင်ရန်]

တစ်ဖန် ရသေ့ထံသို့ ကပ်ကာ - “အရှင်ဘုရား အဘယ်ရောဂါဖြစ်ပါသနည်း” ဟု လျှောက်၏။ “မင်းကြီး ...ငါ့မှာ မြားစူးဝင်နေသည်” ဟု ပြောလေ၏။ ထိုအခါ မင်းကြီးသည် [တကယ်မြားစူးဝင်နေသည် မှတ်ထင်၍ - ငါ့ရန်သူတို့သည် ငါ့ကိုပစ်ခွင့်မရသဖြင့် ငါ့ဆရာရသေ့ကို ပစ်ကြလိမ့်မည်ဟု အောက်မေ့ကာ]

“ဘယ်နေရာမှာ စူးဝင်ပါသနည်း၊ စူးဝင်သောနေရာကို ပြတော်မူပါ” ဟု မေးပြန်၏။ ရသေ့သည် - “မြတ်သောမင်းကြီး ... ကာမဝိတက် ယှဉ်သောရာဂရေဖြင့် ဆေးကြောအပ်သော ကာမဝိတက်ကျောက်၌ သွေးအပ်သော ကောင်းသော တန်ဆာဆင်ခြင်းကင်းသော မြားသမားတို့ မချွန်အပ်သော လက်ယာနားစွန်း၌ ဆွဲငင်၍ မပစ်အပ်သော ဥဒေါင်းတောင်စသည်တို့ဖြင့် မြားလွှတ်ခြင်းငှာ မကပ်အပ်သော ခပ်သိမ်းသော ကိုယ်အင်္ဂါကို လောင်စွမ်းနိုင်သော ကိလေသာမြားသည် ငါ၏စိတ်နှလုံး၌ စူးဝင်အပ်လေပြီ။ မြတ်သောမင်းကြီး ... ကိလေသာ မြားစူးဝင်ခြင်းကြောင့် သွေးယိုစီးရာ၏။ စူးဝင်ရာအရပ်ကိုကား မမြင်ရချေ၊ အလွန်မသင့်မတင့် နှလုံးသွင်းသော စိတ်ရာဂသ်ည ပွားများခဲ့၏။ ငါသည် ကိုယ်တိုင်ဆင်းရဲကို ဆောင်ယူမိချေပြီ” – ဟု မင်းကြီးအား တရားဟောပြီးလျှင်မင်းကြီးနှင့်တကွ ပရိသတ်ကို ကျောင်းပြင်ပသို့ ထွက်စေ၍ ကသိုဏ်းပရိကံကိုပြုကာ ကွယ်ပျောက်ပြီးသော ဈာန်၊ အဘိညာဉ်ကို ပြန်ရစေချက် ကျောင်းမှထွက်ပြီးလျှင် ကောင်းကင်၌နေကာ “မြတ်သောမင်းကြီး ... ငါဟိမဝန္တာသို့ သွားတော့မည်၊ ငါ့မှာ ဤအရပ်တွင်နေမိသဖြင့် ဤကဲ့သို့ ဖောက်ပြန်ခြင်းသို့ရောက်ရသည်။ နေခြင်းငှာမသင့်” ဟု မိန့်တော်မူပြီးလျှင် မင်းကြီးက အကြွရန် အဖန်ဖန် တောင်းပန်စဉ်လျှင် ကောင်းကင် ခရီးဖြင့် ဟိမဝန္တာသို့ကြွကာနေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့လားလေ၏။

ဤဒေသနာတော်ကိုဆောင်ပြီး၍ သစ္စာကိုပြသည့်အဆုံး၌ ငြီးငွေ့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။ တချို့သော ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မြားကိလေသာ၊ စူးဝင်ရာ၊ ပူဆာနှလုံးထဲ။

(၂) ဝင်ပေါက်မရှိ၊ သွေးယိုဘိ၊ မချိလွန်းဆင်းရဲ။

(၃) ဈာန်ယာဉ်ကွယ်ရိုး၊ မြေလျှောက်လျှိုး၊ တောင်ကျိုးငှက်တူမြဲ။

သင်္ကပ္ပဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ