ဝီဏာဂုဏဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၉။ ဥပါဟနဝဂ် -(၂၃၂) ဝီဏာဂုဏဇာတ်။ ။ ယောကျ်ားမြတ် ဥသဘထင်၍ ငကုန်းနှင့်အတူ ထွက်ပြေးရာ ခရီးပန်း၍ ငကုန်းကွေးအိပ်နေမှ နောင်တရ၍ ငိုကြွေးသော သူဌေးသမီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ပညာနည်းပါး မိန်းမများ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်-ယ် သူဌေးသမီး တစ်ယောက်သည် နွားမင်း ဥသဘအး ချီးမြှောက်သည်ကို မြင်လျှင် မိခင်ကို “မိခင် ... ဤနွားကား အဘယ်ကြောင့် ချီးမြှောက်ခြင်းကိုရသနည်း” ဟု ေးမလျှင်၊ “ချစ်သမီး ... နွားမင်း ဥသဘဖြစ်၍ ရပေသည်” ဟု ပြောလေ၏။

ထိုသူဌေးသမီးသည် တစ်နေ့သ၌ နေရာပြာသာဒ်ပေါ်မှ လမ်းခရီးကို ကြည့်လတ်သော် ငကုန်းတစ်ယောက်ကိုမြင်လျှင် နွားမင်းဥသဘမှာ ကျောကုန်းတွင် လဘို့ရှိသည်။ ဤသူလည်း ကျောကုန်း၌ လဘို့ရှိသည်။ လူတို့တွင် ယောကျ်ားဥသဘ ဖြစ်ရာသည်။ ၎င်း၏ခြေက်ရင်း၌ အလုပ်အကျွေး မယားပြုရလျှင် ကောင်းလိမ့်မည်ဟု ကြံစည်ကာ ဥစ္စာကိုယူလျက် မထင်ရှားသောအသွင်ဖြင့် ပြာသာဒ်မှ ဆင်းသက်၍ ငကုန်းနှင့်တကွ ပြေးလေ၏။ ထိုအကြောင်းသည် လူ့ဘောင်တွင် လည်းကောင်း၊ ရဟန်းဘောင်တွင် လည်းကောင်း တစ်နေ့တခြား ထင်ရှားလေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ .... ဤသူဌေးသမီးသည် ယခုအခါ၌သာ ငကုန်းကို တပ်စွန်းသည်မဟုတ်၊ ရှေးအခါ၌လည်း တပ်စွန်းဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ငကုန်းကိုပင် ဥသဘထင်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နိဂုံးရွာတစ်ခုဝယ် သူဌေးမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်ရာတည်ထောင်ကာ သားသမီးများ ပေါက်ဖွားလျက်ရှိလေ၏။

တစ်နေ့သ၌ အရွယ်ရောက်သောသားအတွက် သူဌေးသမီးတစ်ယောက်နှင့် ထမ်းမြားလက်ထပ်ရန် နေ့ရက်ချိန်းချက်ထားလေ၏။ ထိုသူဌေးသမီးသည် မိမိတို့အိမ်ဝယ် နွားမင်း ဥသဘအား ကောင်းစွာချီးမြှောက်ခြင်း၊ မြတ်နိုးခြင်းပြုသည်ကို မြင်လတ်သော် “အဘယ်ကြောင့် ဤသို့ပြုသနည်း” ဟု စုံစမ်းမေးမြန်းရာ နွားမင်းဥသဘဖြစ်၍ ပြုကြောင်း သိလေ၏။

ထိုအခါ ခရီးလမ်းအလယ်ဖြင့်သွားနေသော ငကုန်းတစ်ယောက်ကိုမြင်လျှင် ငါတို့အိမ်က နွားမင်းဥသဘတွင် လဘို့ရှိသည်။ ဤသူလည်း ကျောကုန်းတွင် လဘို့ရှိ၍ ယောကျ်ားဥသဘ ဖြစ်ပေလိမ့်မည်ဟု ကြံစည်ကာ ဥစ္စာကိုယူ၍ မထင်ရှားသောအသွင်ဖြင့် ငကုန်းနှင့်တကွ ပြေးလေ၏။ သားရှင်ဖြစ်သော နိဂုံူသူဌေးသည် သူဌေးသမီးကို ဆောင်ယူမည်ဟု အခြံအရံများစွာဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ငကုန်းနှင့် ထိုသူဌေးသမီးကို ပြေးရာလမ်းဖြင့်ပင် သွားမိလေ၏။

ကျိုးကြောင်းပြောပြ ပြန်ခေါ်ရ[ပြင်ဆင်ရန်]

ငကုန်းနှင့် သူဌေးသမီးတို့သည် တစ်ညဉ့်လုံး သွားကြကုန်၏။ ငကုန်းသည် ခရီးပန်းကာ လေနာထ၍ သည်းထန်စွာသော ဆင်းရဲဝေဒနာသို့ရောက်လျက် အညှို့ပြတ်ပြီးသော စောင်းကဲ့သို့ ကွေးလျက်အိပ်၏။ သူဌေးသမီးလည်း ငကုန်း၏ ခြေက်ရင်း၌ နေလေ၏။

နိဂုံးသူဌေးသည် တဖြည်းဖြည်းလာ၍ ၎င်းနှစ်ယောက်တို့နှင့်ဆုံမိရာ ငကုန်း ခြေက်ရင်း၌နေသော သူဌေးသမီးကို မြင်လျှင် အနီးသို့ကပ်ကာ -

“ချစ်သမီး ... ဤငကုန်းနှင့် လိုက်လာသောအမှုကား သင်တစ်ယောက်တည်းသာ ကြံစည်အပ်သော အမှုဖြစ်လိမ့်မည်။ ဤမိုက်သော ငကုန်းကား ယောကျ်ားဥသဘ မဟုတ်၊ ချစ်သမီး ... သင်ကား ပုကွသော ငကုန်းနှင့် ပေါင်းဖော်နေခြင်းငှာ မသင့်လျော်မထိုက်တန်ပေ” – ဟု သူဌေးသမီးကို ပြောလေ၏။

သူဌေးသမီးလည်း နိဂုံးသူဌေးကားကို ကြားလျှင် -

“အရှင် ... အကျွန်ုပ်တို့အိမ်မှာ နွားတို့၏ အကြီးအမှူးဖြစ်သော နွားမင်းဥသဘမှာ ကျောကုန်းတွင် လဘို့ရှိ၏။ ဤသူလည်း ကျောကုန်းတွင် လဘို့ ရှိသဖြင့် လူတို့၏ အကြီးအမှူး ယောကျ်ားဥသဘ ဖြစ်ပေလိမ့်မည်ဟု မှတ်ထင်ကာ တပ်စွန်းမိပါ၏။ ထိုငကုန်းကား ယခုအခါ အညှို့ပြတ်ပြီးသော စောင်းကဲ့သို့ ခွေလျက်အိပ်ပါ၏” –

ဟု ပြန်၍ပြောလေ၏။ ထိုအခါ နိဂုံးသူဌေးသည် ဤသူဌေးသမီးကား မသိမလိမ္မာသည်၏ အဖြစ်ကြောင့် အိမ်မှထွက်ကာ ငကုန်းနှင့် လိုက်လာသည်၏ အဖြစ်ကိုသိလေလျှင် သူဌေးသမီးကို ရေချိုးစေပြီးလျှင် တန်ဆာဆင်အပ်သော ရထား၌တင်ကာ အိမ်သို့သွားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူဌေးသမီးသည် - ယခုအခါ သူဌေးသမီး။

ဗာရာဏသီ နိဂုံးသူဌေးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မိန်းမဓမ္မတာ၊ မလိမ္မာ၊ ပညာနည်းလှအင်။

(၂) နွားဥသဘနှုန်း၊ ကျောဖုလုံး၊ ငကုန်းအမြတ်ထင်။

ဝီဏဂုဏဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ