မာတိကာသို့ ခုန်သွားရန်

ဝါဆိုဝါကပ်

ဝီကီပီးဒီးယား မှ

ပုရိမိကာ[] ဝါကပ်ခြင်း, ပစ္ဆိမိကာ[] ဝါကပ်ခြင်းဟူ၍ ဝါကပ်ခြင်း နှစ်ပါး ရှိ၏၊ ဝါဆို, ဝါခေါင် နှစ်လသည် ဝါကပ်လ မည်၏၊ ဝါဆိုလပြည့် ကျော် ၁-ရက်နေ့, ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့၊ ဤနှစ်ရက်တို့သည် အစဉ်အတိုင်း ပုရိမ, ပစ္ဆိမ ၂-ချက် ဝါကပ်ရက်တည်း။[]

ပုရိမဝါကပ်ခြင်း

[ပြင်ဆင်ရန်]

ဝါဆိုလပြည့်ကျော်(၁) ရက်မှ သီတင်းကျွတ် လပြည့်အထိ သုံးလ။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့၌ ဝါကပ်ရသည်။ [][]

ဝါထပ်သည့်နှစ် ဖြစ်ခဲ့သော် တစ်လရွေ့၏၊ ဒုတိယဝါဆို လဆုတ် ၁-ရက်နေ့၌ ပုရိမဝါ၊ ဝါခေါင်လဆုတ် ၁-ရက်နေ့၌ ပစ္ဆိမဝါ ကပ်ရသည်။ ဝါကပ်ရက်ငင်မှုမည်သည် မင်းစိုးရာဇာတို့နှင့် စပ်၏၊

မင်းစိုးရာဇာတို့က နိုင်ငံအဝန်းနှင့်တကွ ယခုနှစ် ဝါထပ်ရမည်ဟု ပြဋ္ဌာန်း ခဲ့လျှင် ရဟန်းသံဃာတော်တို့ကလည်း ထပ်ကြရမည်။ မင်းစိုးရာဇာတို့က ဝါထပ်မှု မရှိခဲ့လျှင် သံဃာတော်တို့ကလည်း ဝါထပ်မှု မပြုရ ဟူလိုသည်။[]

ပစ္ဆိမဝါကပ်ခြင်း

[ပြင်ဆင်ရန်]

နောက်ဝါ၊ ပစ္ဆိမဝါ၊ ဒုတိယဝါ၊ ပစ္ဆိမဝါ–ဒုတိယဝါကပ်ခြင်း။ [] ဝါခေါင်လပြည့်ကျော်(၁) ရက်မှ တန်ဆောင်မုန်း လပြည့်အထိ သုံးလ။ ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့၌ ဝါကပ်ရသည်။[]

ဝါကပ်ရမည့် ကျောင်းနေရာ

[ပြင်ဆင်ရန်]

(၁) အမိုးနှင့် ပြည့်စုံခြင်း၊ (၂) အကာနှင့် ပြည့်စုံခြင်း၊ (၃) တံခါးအိမ်, တံခါးဘွဲ့, တံခါးရွက်နှင့် ပြည့်စုံခြင်း။ (၄) ဝါတွင်း ၃-လ အမြဲနေရန် ကျောင်း ဖြစ်ခြင်း၊ ဤအင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ကျောင်းမျိုး၌သာ ပြည့်စုံသော ဝစီဘေဒကို မြွက်ဆို၍ ကပ်ရမည်။

လမ်းခရီးသွားဆဲ ဖြစ်သော လှည်းဝိုင်း, သွားဆဲဖြစ်သော လှေ, သင်္ဘော, နွားကျောင်းသားတို့နေရာ နွားခြံဌာနတို့၌လည်း ဝါကပ်ရ၏၊

ရွာ၌ ဝါကပ်ပြီးမှ တစ်စုံတစ်ခုသော ဘေးရန်ကြောင့် ဝါတွင်းမှာပင် ဌာနတစ်ပါးသို့ ထိုရွာ ပြောင်းရွှေ့၍ သွားခဲ့သော် ရဟန်းသည် လည်း ထိုရွာသွားရာသို့ လိုက်၍ နေရ၏၊ ဝါ မပျက်။

ဝါကပ်နည်း

[ပြင်ဆင်ရန်]

ဝါကပ်နည်းသည် ဝစီဘေဒက မြွက်ဆို၍ ကပ်နည်း, စိတ္တုပ္ပါဒ အာလယမျှ ပြု၍ ကပ်နည်းဟူ၍ နှစ်ပါးရှိ၏၊

(၁) ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ။ ဤကျောင်း၌ ဤဝါတွင်း သုံးလပတ်လုံး နေခြင်းသို့ ရောက်၏၊ တစ်နည်း — ဤကျောင်း တိုက်တာ အရံအတွင်း၌ ဤဝါတွင်း သုံးလပတ်လုံး ကပ်ပါ၏၊ (ဝါ) ဝါဆိုပါ၏၊ [စကားပြည့်စုံနည်း။]

(၂) ဝိဟာရ, တေမာသသဒ္ဒါ မပါစေဘဲ “ဣဓ ဝဿံ ဥပေမိ” ဤမျှဆို၍ ကပ်သည်ကား စကားမပြည့်စုံနည်း။

ကျောင်းမဟုတ်သော ခရီးသွားဆဲ လှည်း, လှေ, သင်္ဘောတို့မှာ အမိုး အကာ တံခါးတို့နှင့်တကွ ယာယီကုဋီ ပြုလုပ်၍ ဝါကပ်ရာ၌ “ဣဓ ဝဿံ ဥပေမိ” ဤမျှသာ ဆို၍ ကပ်ရမည်။

ထိုကဲ့သို့သော ကုဋီကိုမျှ မရခဲ့သော် လှည်း, လှေ အမိုးတွင်းသို့ ဝင်၍ “ဣဓ ဝဿံ ဝသိဿာမိ - ဤအရပ်၌ ဝါကပ်သီတင်းသုံး ပါ၏”ဟု စိတ္တုပ္ပါဒ အာလယမျှကို ပြု၍ ကပ်ရသည်။ ကျောင်းမဟုတ်သောကြောင့် ဝိဟာရသဒ္ဒါကို မဆိုရ။

လှည်း လှေ သင်္ဘောတို့၌ ဝါဆို၍ လိုက်သွားရာ ဝါတွင်းမှာပင် မိမိ အလိုရှိရာ ရပ်ရွာသို့ ရောက်ခဲ့လျှင် ဆင်း၍ နေရစ်ရ၏၊ ထိုရွာမှာ ဝါကျွတ်စေရ၏၊ ထို့ကြောင့် “တေမာသံ” သဒ္ဒါကို မဆိုရ၊ လှည်း, လှေ, သင်္ဘောတို့၌ပင် ဝါကျွတ်သည်တိုင်အောင် နေရလိမ့်မည်ဖြစ်လျှင် “တေမာသံ” သဒ္ဒါကို ဆိုသင့်၏၊

အင်္ဂါနှင့်ပြည့်စုံသော ကျောင်းမှာ ကပ်ရာ၌ နှုတ်မြွက်၍ မဆိုမိသော်လည်း ဤကျောင်း၌ ၃-လ ပတ်လုံး ငါနေမည်ဟု စိတ်ဖြစ်ခဲ့လျှင် ဝါကပ်ခြင်း မြောက်သည် ဟူ၍ မိုးထိမူနှင့် ဦးဗုဓ်မူ ဝိနည်းငယ်လေးစောင် နိဿယ၊ ခုဒ္ဒသိက္ခာ နိဿယ၊ ဝိဿူပနာယိက နိဒ္ဒေသတို့၌ ဆိုသည်။ [ဤကျောင်း၌ ဝါဆိုအံ့ဟု ဝန်ခံပြီးမှ ဝါမဆိုလျှင် ပဋိဿဝဒုက္ကဋ်အာပတ်သင့်၏၊]

ဆိုပြီးသော ဝါကို ဖျက်ထိုက်သော အကြောင်း

[ပြင်ဆင်ရန်]

ဆိုပြီးသော ဝါကို ဖျက်ထိုက်သော အကြောင်း (၃၂)ပါး ရှိ၏၊ ထို (၃၂)ပါးသော အကြောင်းတို့တွင် တစ်ခုခုသော အကြောင်း ရှိနေခဲ့သော် ပုရိမဝါဆိုနေ့၌ ဝါမဆိုဘဲနေခြင်းငှာလည်း အပ်၏၊ ထိုအန္တရာယ် မရှိခဲ့ လျှင် ဒုတိယဝါ၌ ဆိုရ၏၊ ဒုတိယဝါ၌လည်း ထိုအန္တရာယ် ရှိခဲ့ပြန်သော် ဒုတိယဝါ၌ ဝါမဆိုဘဲလည်း နေအပ်၏၊

၃၂-ပါးသော အကြောင်းဆိုသည်ကား -၁။ သားရဲဘေး၊ ၂။ မြွေ, ကင်းဘေး၊ ၃။ ခိုးသူ, ဓားပြဘေး၊ ၄။ ဘီလူး, သားဘက်ဘေး၊ ၅။ ဆွမ်း မပြည့်စုံခြင်း၊ ၆။ ကျောင်း မပြည့်စုံခြင်း၊ ၇။ ဆေးပစ္စည်း မပြည့်စုံခြင်း၊ ၈။ မိမိ သပ္ပာယဖြစ်သော ဆွမ်းပစ္စည်း, ဆေးပစ္စည်းကို မရခြင်း၊ ၉။ ပတိရူပဖြစ်သော ဒကာဥပါသကာ အလုပ်အကျွေးကို မရခြင်း၊ ၁၀။ ဗြဟ္မစရိယန္တရာယ်မျိုး ၉-ပါး၊ ၁၁။ အရပ် တစ်ပါး၌ သံဃာကွဲပြားရန် အားထုတ်မှုကို ကြားသိရ၍ ညီညွတ်စေဖို့ ဆောင်ရွက်ရန် သွားခြင်း စသည်တို့တည်း။ ဤအကြောင်းစုတို့ တစ်ခုခု ရှိခဲ့လျှင် ဆိုပြီး သော ဝါကို ဖြတ်၍ အရပ်တစ်ပါးသို့ သွားရ၏၊ [ဝါပြတ်ခြင်းကြောင့် အာပတ် မသင့်။][]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ပုရိမိက (တိ) [ပုရိမ+က္ကက] ပုရိမဝါ။
  2. ပစ္ဆိမိကာ (ထီ) [ပစ္ဆာ+ဣမ+က+အာ]
  3. ၃.၀ ၃.၁ ၃.၂ ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး
  4. ကေနစိ အန္တရာယေန ပုရိမိကံ အနုပဂတေန ပစ္ဆိမိကာ ဥပဂန္တဗ္ဗာ။ ဝိ၊ဋ္ဌ၊၃၊၃၄၉။ ပုရေ ဘဝါ ပုရိမာ၊ ...သာ ဧဝ ပုရိမိကာ။ ဝိနယာလင်္ကာ၊၁၊၄၀၄။ ပါစိတ်၊ ယော။ ၃၂၂။ ဒွေမာ ဘိက္ခဝေ ဝေပနာယိကာ၊ ပုရိမိကာ ပစ္ဆိမိကာ။ ဝိ၊၃၊၁၉၂။ (အံ၊၁၊၅၃။) ပုရိမိကာတိ အပရဇ္ဇုဂတာယ အာသာဠှိယာ ဥပဂန္တဗ္ဗာ ပုရိမကတ္တိကပုဏ္ဏမီပရိယောသာနာ ပဌမာ တေမာသီ။ အံ၊ဋ္ဌ၊၂၊၈။
  5. တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၃
  6. ဣဓ ပန ဘိက္ခဝေ ဘိက္ခုနာ ဝဿာဝါသိကော ပဋိဿုတော ဟောတိ ပစ္ဆိမိကာယ။ ဝိ၊၃၊၂၁၆။ ဒွေမာ ဘိက္ခဝေ ဝဿုပနာယိကာ ပုရိမိကာ ပစ္ဆိမိကာ။ ... မာသဂတာယ အာသာဠှိယာ ပစ္ဆိမိကာ ဥပဂန္တဗ္ဗာ။ ဝိ၊၃၊၁၉၂။ ဒွေမာ ဘိက္ခဝေ ဝဿုပနာယိကာ။ ကတမာ ဒွေ? ပုရိမိကာ စ ပစ္ဆိမိကာ စ။ အံ၊၁၊၅၃။ ပစ္ဆိမိကာတိ မာသဂတာယ အာသာဠှိယာ ဥပဂန္တဗ္ဗာ ပစ္ဆိမကတ္တိကပရိယောသာနာ ပစ္ဆိမာ တေမာသီ။ အံ၊ဋ္ဌ၊၂၊၈။သာ ဧဝ ပုရေ ဘဝါ ပုရိမာဘဝတ္တေ ဣမပစ္စယဝသေန၊ သာ ဧဝ ပုရိမိကာ သကတ္ထေ က ပစ္စယဝသေန၊ တသ္မိံ ပရေ ဣတ္ထိလိင်္ဂေ အကာရဿ ဣကာရာဒေသော။ ပစ္ဆာ ဘဝါ၊ သာဝ ပစ္ဆိမာ။ ဝိနယာလင်္ကာရ၊ဋီ၊၁၊၄၀၄။ (ဝိ၊၅၊၂၁၅။ ဝိ၊ဋ္ဌ၊၁၊၂၄၀။ ဝိ၊ဋ္ဌ၊၂၊၃၀၉။ ဝိ၊ဋ္ဌ၊၃၊၅၉၊ ၂၉၆၊ ၃၄၉၊ ၃၀၊ ၃၀၀၊ ၄၂၅။ ကင်္ခါ၊၉၄။ ဝိ၊သင်္ဂဟ၊၂၁၄။ ဝဇိရ၊၄၇၃၊ ၄၈၉။ သာရတ္ထ၊၂၊၁၂၊ ၁၄။ သာရတ္ထ၊၃၊၄၄၊ ၂၅၆၊ ၂၈၅။ ဝိမတိ၊၁၊၁၅၉။ ဝိမတိ၊၂၊၄၇၊ ၁၁၇၊ ၁၂၉၊ ၁၉၃။ ကင်္ခါ၊ဋီ၊သစ်၊ ၁၅၂၊ ၂၇၄၊ ၂၉၉။)
  7. တိပိဋကအဘိဓာန် အတွဲ-၁၃