ဝဏ္ဏာရောဟဇာတ်

ဝီကီပီးဒီးယား မှ

ပဉ္စကနိပါတ် - ၂။ ဝဏ္ဏာရောဟဝဂ် -(၃၆၁) - ဝဏ္ဏာရောဟဇာတ်

မြေခွေး ကုန်းတိုက်သော်လည်း မယုံကြည် အချင်းချင်း တစ်ဦးအား တစ်ဦး ချီးမွမ်းစကား ပြောကြားကာ အသက်ထက်ဆုံး မိတ်ဆွေဖြစ်ကြသော ခြင်္သေ့နှင့်ကျား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကုန်းတိုက်လျှောက်ထား စားကြွင်းစား[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဂ္ဂသာဝက နှစ်ပါးတို့သည် ဤဝါတွင်းဝယ် ဆိတ်ငြိမ်ရာအရပ်၌ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းပွားများကြမည်ဟု မြတ်စွာဘုရားထံ ပန်ကြားပြီးလျှင် အခြံအရံကိုခွာ၍ ဇေတဝန်ကျောင်းတော်မှ ထွက်လျက် ပစ္စန္တရွာတစ်ခုကိုမှီ၍ တော်၌နေကြကုန်၏။

ထိုအခါ မထေရ်တို့ကို မှီ၍နေသော စားကြွင်းစား တစ်ယောက်သည် ရှိသတတ်။ ထိုစားကြွင်းစားသည် မထေရ်တို့ အညီအညွတ်နေခြင်းကိုမြင်၍ ဤမထေရ်တို့ကား အလွန်ညီညွတ်ကြကုန်၏။ အချင်းချင်း ကွဲပြားစိမ့်သောငှာ တတ်နိုင်ကောင်း၏ဟု ကြံစည်လျက် ရှင်သာရိပုတ္တရာထံ ဆည်းကပ်၍ - “အရှင်ဘုရား … အရှင်ဘုရားတို့အား ရှင်မောဂ္ဂလာန်နှင့် တစ်စုံတစ်ရာ ခိုက်ရန်ဖြစ်ဖူးပါသလား” ဟု လျှောက်၏။ “ဒါယကာ … အဘယ်သို့ ဆိုသနည်း” ဟု ပြော၏။ “အရှင်ဘုရား … အရှင်မောဂ္ဂလာန်သည် အကျွန်ုပ် ဆည်းကပ်သောအခါ၌ ရှင်သာရိပုတ္တရာကား အမျိုးအနွယ်ဇာတ်အားဖြင့် လည်းကောင်း၊ အကြားအမြင် ဉာဏ်ပညာအားဖြင့် လည်းကောင်း၊ တန်ခိုးအာနုဘော်အားဖြင့် လည်းကောင်း အဘယ်မှာ ထူခြားအံ့နည်းဟု အရှင်တို့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုပါသည်” ဟု ကုန်းတိုက်လေ၏။ ရှင်သာရိပုတ္တရာသည် ပြုံး၍ “ဒါယကာ … သွားလော့” ဟု ဆိုလိုက်၏။

သာဝကနှစ်ပါးပင် ကွဲစေချင်[ပြင်ဆင်ရန်]

ထိုစားကြွင်းစားသည် နောက်အခါ ရှင်မောဂ္ဂလာန်ထံ ဆည်းကပ်ပြန်၍ ရှေးနည်းအတူ ကုန်းတိုက်ပြန်၏။ ရှင်မောဂ္ဂလာန်လည်း ပြုံး၍ “ဒါယကာ … သွားလော့” ဟု ဆိုလိုက်ပြန်၏။ ရှင်မောဂ္ဂလာန်သည် ရှင်သာရိပုတ္တရာထံ သွား၍ “အရှင်ဘုရား … ဤစားကြွင်းစားသည် အရှင်ဘုရားတို့ထံမှာ တစ်စုံတစ်ခုသော စကားကို ဆိုလာပါသလော” ဟု လျှောက်၏။ “ငါ့ရှင် … ဆိုလာသည်” ဟု ပြောကြားလျှင် “ထိုစားကြွင်းစားကို နှင်ထုတ်ရန်သင့်၏” ဟု တိုင်ပင်ကာ စားကြွင်းစားကို နှင်ထုတ်ပြီးလျှင် မထေရ်နှစ်ပါးတို့သည် ညီညွတ်စွာ နေကြကုန်၏။

နောက်အခါ မထေရ်နှစ်ပါးတို့သည် မြတ်စွာဘုရားထံ ဆည်းကပ်၍ ထိုစားကြွင်းစားအကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရားသည် “ချစ်သားတို့ … ထိုစားကြွင်းစားသည် ယခုအခါ၌ သာ သင်တို့ကို ကွဲပြားအောင်မပြုလုပ်နိုင်သဖြင့် ထွက်ပြေးရသည်မဟုတ်၊ ရှေးအခါ၌ လည်း ထွက်ပြေးရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ချစ်သူနှစ်ဦးကို ပျက်ပြားလို[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော ဘုရားအလောင်းသည် တောတစ်ခုဝယ် ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုအခါ ခြင်္သေ့နှင့် ကျားတို့သည် အဆွေခင်ပွန်းဖြစ်၍ လိုက်ဂူတစ်ခုတွင် နေကြကုန်၏။ မြေခွေးတစ်ကောင်သည် ခြင်္သေ့နှင့် ကျားတို့ကို ခစားကာ စာကြွင်းကိုစားလျက် ဝဖြိုးသောကိုယ်ရှိ၏။

တစ်နေ့သ၌ မြေခွေးသည် ငါကား ခြင်္သေ့နှင့် ကျားတို့အသားကို မစားစဖူး၊ ခြင်္သေ့နှင့် ကျားတို့ကို အချစ်ပျက်အောင် ကုန်းတိုက်မည်၊ တစ်ဦးတစ်ဦး ခိုက်ရန်ဖြစ်၍ ကိုက်သတ်ကြသည်ရှိသော် အသားတို့ကို စားရလိမ့်မည်ဟု ကြံစည်လျက် -

မြေခွေးယုတ်မိုက် ကုန်းချောတိုက်[ပြင်ဆင်ရန်]

ခြင်္သေ့ထံကပ်၍ “အရှင် … ကျားနှင့် တစ်စုံတစ်ရာ ခိုက်ရန်ဖြစ်ဖူးပါသလော” ဟု မေး၏။ “အချင်း … ခိုက်ရန် မဖြစ်ဖူးပါ” ဟု ပြော၏။ “အရှင် … ဤကျားကား အကျွန်ုပ်သွားသောအခါ အဆင်းသဏ္ဌာန် အလုံးအရပ် အမျိုး ဇာတိ လုံ့လဝီရိယအားဖြင့် ဆယ့်ခြောက်စိတ်စိတ်၍ ငါ့ကို တစ်စိတ်မျှ မမီနိုင်ဟု အရှင်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုပါသည်” ဟု ကုန်းတိုက်လေ၏။ ထိုအခါ ခြင်္သေ့သည် “ဟယ် မြေခွေး … သင်သွားလော့၊ ကျားသည် ဤသို့ မပြောဆိုတန်ရာ” ဟု ခြိမ်းခြောက်လိုက်၏။

မြေခွေးသည် တစ်ဖန်ကျားထံသို့ ကပ်ပြန်၍ ရှေးနည်းအတူ ကုန်းတိုက်ပြန်၏။ ထိုအခါ ကျားသည် ခြင်္သေ့ထံ သွား၍ -

“အဆွေ ခြင်္သေ့မင်း … သင်သည် ကျားကား အဆင်းသဏ္ဌာန် အလုံးအရပ် အမျိုးဇာတိ လုံ့လဝီရိယ အားဖြင့် ငါ့ထက် မမြတ်လွန်းဟု ပြောဆိုမိပါသလော” - ဟု ခြင်္သေ့အား မေးလေ၏။

မိတ်ဆွေအတွက် ချစ်မပျက်[ပြင်ဆင်ရန်]

ထိုအခါ ခြင်္သေ့သည် ကျား၏ စကားကိုကြားလျှင် -

“အဆွေကျား … သင်နှင့် အညီအညွတ်နေသော ငါ့ကို မြေခွေးကုန်းတိုက်စကားကို ယုံကြည်၍ သင် ငါ့ကို ပြစ်မှားပါမူ ငါသည် ယခုအခါ သင်နှင့်အတူတကွ မနေလိုတော့ပြီ”။

“အဆွေကျား … သူတစ်ပါးတို့ ကုန်းတိုက်သော စကားကို အဟုတ်အမှန် ထင်မှတ်ကာ ယုံကြည်သော သူမိုက်၌ အဆွေခင်ပွန်းသည် လျင်မြန်စွာ ပျက်စီးရာ၏။ ရန်လည်း များစွာတိုးပွားရာ၏”။

“အဆွေကျား … အခါခပ်သိမ်း မမေ့မလျော့ သတိရှိသည်ဖြစ်၍ အဆွေခင်ပွန်း၏ ပျက်စီးခြင်းကို အလိုမရှိသောသူ၊ အဆွေခင်ပွန်း ပျက်စီးခြင်းကို ရွံရှာသောသူ၊ အဆွေခင်ပွန်း ပျက်စီးခြင်းအကြောင်းကို အစဉ် ရှုသော သူသည်သာ အဆွေခင်ပွန်းဖြစ်၏”။

“အဆွေကျား … သားသည် အမိရင်ခွင်၌ ရွံရှာခြင်းကင်းလျက် နေသကဲ့သို့ ရွံရှာခြင်းကင်းလျက်နေသောသူ၊ သူတစ်ပါးတို့ကြောင့် မကွဲပြားသောသူသည်သာ စင်စစ် အဆွေခင်ပွန်းဖြစ်၏”

ဟု ကျားအား အဆွေခင်ပွန်းတို့ ဂုဏ်ကျေးဇူးကို ပြောဆိုသည်ရှိသော် ကျားသည် ခြင်္သေ့မင်းအပေါ်၌ သံသယကင်းလျက် ငါ့အားသာ အပြစ်ရှိပေသည်ဟု ခြင်္သေ့မင်းကို ကန်တော့ တောင်းပန်လေ၏။ ထိုကျားနှင့် ခြင်္သေ့တို့သည် ရှေးနည်းအတူသာလျှင် အဆွေခင်ပွန်း မပျက်ကြဘဲ အညီအညွတ် နေကြကုန်၏။ ထိုအခါ မြေခွေးသည် မနေဝံ့သဖြင့် အရပ်တစ်ပါးသို့ ထွက်ပြေးလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ စားကြွင်းစား။

ခြင်္သေ့သည် - သာရိပုတ္တရာ။

ကျားသည် - မောဂ္ဂလာန်။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကုန်းတိုက်စကား၊ မယုံငြား၊ ရှည်လျားချစ်မိတ်ဆွေ။

(၂) ကုန်းကိုယုံချက်၊ အဆွေပျက်၊ ရန်ဆက်ပွားတတ်သော။

(၃) မပျက်လိုမှု၊ ရွံရှာမှု၊ ကြောင်းရှုချစ်မိတ်ဆွေ။

(၄) ရွံရှာကင်းလစ်၊ ပေါင်းသင်းလစ်၊ စင်စစ်ချစ်မိတ်ဆွေ။

ဝဏ္ဏရောဟဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ