လောဟကုမ္ဘီဇာတ်

ဝီကီပီးဒီးယား မှ

စတုက္ကနိပါတ် - ၂။ ပုစိမန္ဒဝဂ် -(၃၁၄) လောဟကုမ္ဘိဇာတ်။ ။ ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲတွင် ဒု-သ-န-သော မျှသာ ဆိုနိုင်သည့် သူဌေးသား ၄ဦး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

သူဌေးသားတွေ ကာမ၊ ပွေ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီသည် ညဉ့်အဖို့၌ ငရဲသားလေးယောက်တို့၏ အသံကိုကြားသတတ်၊ တစ်ယောက်ကား “ဒု” အက္ခရာကို၊ တစ်ယောက်ကား “သ” အက္ခရာကို၊ တစ်ယောက်ကား “န” အက္ခရာကို၊ တစ်ယောက်ကား “သော” အက္ခရာကိုဆို၏။

ထိုငရဲသားတို့သည် ရှေးအခါ သာဝတ္ထိပြည်ဝယ် သူဌေးသား လေးယောက်တို့ဖြစ်ကုန်၍ သူတစ်ပါးတို့ ထိးန်သိမ်းစောင့်ရှောက်အပ်သောမိန်းတို့၌ ပြစ်မှားကျူးလွန်သော ကာမေသုမိစ္ဆာစာရ မကောင်းမှုကံကြောင့် သေလွန်သောအခါ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းတို့ပတ်လုံး ကျရောက်ကုန်လျက် အထက်သို့တက်၍ ငရဲအိုးမျက်နှာဝကိုမြင်လျှင် ကျယ်လောင်စွာသောအသံဖြင့် ဟစ်အော်ကြွေးကြော်ကြကုန်၏။ မင်းကြီးလည်း ငရဲသားတို့ အသံကိုကြားလျှင် သေဘေးမှ ကြောက်လန့်သဖြင့် မအိပ်ဝံ့နိုင်တော့ဘဲ ထိုင်လျက်သာ မိုးလင်းလေ၏။

နံနက်အခါ ပုဏ္ဏားတို့သည် မင်းကြီးထံလာ၍ “ချမ်းသာစွာ အိပ်ရပါ၏လော” ဟု မေးလျှောက်ကုန်၏။ မင်းကြီးသည် “ငါ့မှာ အဘယ်မှာ ချမ်းသာစွာ အိပ်ရပါမည်နည်း၊ လွန်ခဲ့သောညဉ့်အဖို့၌ ကြောက်မက်ဖွယ်သော အသံကြီးလေးခွန်းကို ကြားရသည်” ဟု ပြောကြားလေလျှင် ပုဏ္ဏားတို့သည် လက်ဖျားခါကြကုန်၏။

အသံကုစား ပုဏ္ဏားများ[ပြင်ဆင်ရန်]

ထိုအခါ မင်းကြီးသည် ပုဏ္ဏားတို့အား “ဆရာတို့ ... ကုစား၍ရကောင်းသော အသံတို့လော၊ သို့မဟုတ် မရကောင်းသောအသံတို့လော” ဟု မေး၏။ “အရှင်မင်းကြီး ... စင်စစ်ကုစား၍မရကောင်းသော အသံတို့ဖြစ်သည်၊ သို့သော်လည်း အကျွန်ုပ်တို့သည် ဗေဒင်ကျမ်းတို့ကို ကောင်းစွာတတ်မြောက်ကုန်၏” ဟု လျှောက်လေ၏။ “ဆရာတို့ ... ဘယ်လိုကုစားကြမည်နည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... ကုစားနည်းအမျိုးမျိုးရှိရာ ‘သဗ္ဗစတုက္က’ ယစ်ပူဇော်ရသောနည်းဖြင့် ကုစားပါမည်။ သို့အတွက် ဆင် လေးကောင်၊ မြင်း လေးကောင်၊ နွားလေးကောင်၊ လူလေးယောက်၊ နှံစုတ်ငှက် လေးကောင် စသည်ဖြင့် လေးကောင်စီ၊ လေးကောင်စီ ဖြစ်သောသတ္တဝါတို့ အသား၊ အသွေးကိုယူ၍ ယဇ်ပူဇော်ကာ လွတ်ငြိမ်းချမ်းသာအောင် ပြုလုပ်မည်” ဟု လျှောက်လေ၏။ “ဆရာတို့ ...ကောင်းပြီ၊ ရအောင်ရှာပေးမည် ယဇ်ပူဇော်ကြကုန်လော့ လိုရာကို တောင်းကြကုန်လော့” ဟု အမိန့်ပေးလေ၏။

ပုဏ္ဏားဝမ်းမြောက် မင်းကြီးကြောက်[ပြင်ဆင်ရန်]

ပုဏ္ဏားတို့လည်း မင်းကြီးထံမှ ခွင့်ရလျှင် ယဇ်တွင်းတူးခြင်း၊ ယဇ်တိုင်စိုက်ခြင်း၊ လေးကောင်၊ လေးကောင်သော သတ္တဝါတိုပကို ယူဆောင်ကာ ယဇ်တိုင်၌ချည်ခြင်း စသော အစီအရင်တို့ုကို ပြုလုပ်ကြကုန်၏။ မင်းကြီး ကြောက်ရွံ့သဖြင့် စိတ်ညစ်သလောက် ပုဏ္ဏားတို့မှာ အမဲသား ငါးတို့ကို စားရမည်၊ ပစ္စည်းဥစ္စာရမည် ဖြစ်သဖြင့် ဝမ်းမြောက်ကြကုန်၏။ ဘယ်ပစ္စည်းကိုလိုသည်၊ ဘယ်ဝတ္ထုကိုလိုသည်ဟု မင်းကြီးထံ အခေါက်ခေါက် သွားကြကုန်၏။

မလ္လိကာမိဖုရားကြီးသည် ပုဏ္ဏားတို့ ပြုံးရယ်ကြလျက် မင်းကြီးထံ အခေါက်ခေါက်လာကြသည်ကို မြင်လျှင် မင်းကြီးထံကပ်၍ မေးလျှောက်ရာ “မိဖုရား ... ဤအမှုဖြင့် သင့်မှာ အဘယ်အကျိုးရှိသနည်း သင်တို့မည်မျှ ငါဆင်းရဲနေသည်ကို မသိ စည်းစိမ်ယစ်၍သာ နေသည်” ဟု ပြောလေ၏။ “မြတ်သောမင်းကြီး ... မင်းကြီးနှင့် အကျွန်ုပ်မှာ ဆင်းရဲချမ်းသာ အတူအမျှ ဖြစ်ပါသည်၊ ပြောပါ” ဟု အဖန်ဖန် လျှောက်လေလျှင် ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောကြားလေ၏။

ကြောက်ခြင်းပျောက်အောင် အတိတ်ဆောင်[ပြင်ဆင်ရန်]

ထိုအခါ မိဖုရားကြီးသည် မင်းကြီးအား လောကသုံးပါးတွင် အမြတ်ဆုံးပုဏ္ဏားဖြစ်သော မြတ်စွာဘုရားထံ လျှောက်ထားရမည်ဟု ခေါ်ဆောင်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၏။ မြတ်စွာဘုရားသည် မင်းကြီးအား မေးတော်မူ၍ အကြောင်းစုံ လျှောက်ထားလေလျှင် “မြတ်သောမင်းကြီး ... ဤအသံကြီးတို့ကို ကြားရခြင်းကြောင့် တစ်စုံတစ်ခုသော ဘေးအန္တရာယ်မဖြစ်နိုင်၊ ဤအသံကြီးတို့ကား ဆင်းရဲကိုခံရသော ငရဲသူသတ္တဝါတို့ ဟစ်ကြွေးသော အသံကြီးများဖြစ်သည်။ သင်မင်းကြီးသာ ဤအသံကြီးတို့ကို ကြားသည်မဟုတ်၊ ရှေးအခါ မင်းတို့လည်း ကြားဖူကုန်ပြီ။ သတ္တဝါတို့ကိုသတ်၍ ယဇ်ပူဇော်မည့်ဆဲဆဲတွင် ပညာရှိတို့သည် အသံအကြောင်းကို ပြောကြားကာ သတ္တဝါတို့ကို လွှတ်စေ၍ ချမ်းသာခြင်းကို ပြုဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ပုဏ္ဏားဉာဏ်ချော် ယစ်ပူဇော်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မထင်ရှားသော ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမဂုဏ်တို့၏ အပြစ်ကိုမြင်၍ စွန့်လွှတ်ကာ ရသေ့ရဟန်းပြုလျက် ဟိမဝန္တာအရပ်ဝယ် မွေ့လျော်ဖွယ်ရှိသော တောအုပ်၌နေ၍ အဘိညာဉ် သမာပတ်ကို ဖြစ်စေလျက် ဈာန်ကစားကာနေ၏။

ထိုအခါ ဗာရာဏသီမင်းသည် ညဉ့်အခါ ငရဲသား လေးယောက်တို့ ဟစ်အော်သော “ဒု-သ-န-သော” ဟူသော အသံကြီးလေးခွန်းကြား၍ ကြောက်လန့်ရကား ပုဏ္ဏားတို့ကို မေးရာ သုံးပါးသောအန္တရာယ်တို့တွင် တစ်ပါးပါးသော အန္တရာယ် ဖြစ်လိမ့်မည်ဟု ဟောသဖြင့် ထိုအန္တရာယ်တို့ ပပျော်ရန် “သဗ္ဗစတုက္က” ယဇ်ပူဇော်ခြင်းဖြင့် ပူဇော်မည်ဟု ယဇ်တွင်းတူးခြင်း၊ ယစ်တိုင်စိုက်ခြင်း စသည်တို့ကို စီရင်ကာ လေးကောင်၊ လေးကောင်သော သတ္တဝါတို့ကို ဆောင်ယူပြီးလျှင် ယဇ်တိုင်တွင် ချည်ကာ အသင့်စီမံ၍ ထားကြကုန်၏။

မေတ္တာရှေ့ထား ရသေ့သွား[ပြင်ဆင်ရန်]

ဟိမဝန္တာအရပ်၌နေသော ရသေ့သည် မေတ္တာဘာဝနာကို ရှေ့ထား၍ ဒိဗ္ဗစက္ခု အသိဉာဏ်ဖြင့် လောကကို ကြည့်ရှုလတ်သော် ယဇ်ပူဇော်ရန် စိရင်နေကြသည်ကို မြင်လျှင် ငါသွားခြင်းငှာ သင့်၏။ ငါသွားလျှင် များစွာသောသတ္တဝါတို့ ချမ်းသာရာရလိ်မ့်မည်ဟု ကြံစည်ကာ ကောင်းကင်ခရီးဖြင့်သွား၍ ဗာရာဏသီပြည် ဥယျာဉ်တော်အတွင်း မင်္ဂလာကျောက်ဖျာထက်၌ ရွှေဆင်းတုကဲ့သို့နေ၏။

ထအခါ ပုရောဟိတ်၏ တပည့်ကြီးဖြစ်သော ပုဏ္ဏားသည် ဆရာပုရောဟိတ်သို့ကပ်၍ “ဆရာ ... အကျွန်ုပ်တို့ ဗေဒင်ကျမ်းတို့၌ သူ့အသက်ကိုသတ်၍ ချမ်းသာကိုပြုလုပ်ခြင်းမည်သည် မရှိသည် မဟုတ်ပါလော” ဟု မေးလျှောက်ရာ “တပည့် ... သင်ားမင်၏ဥစ္စာကို စောင့်၏။ များစွာသော ငါး အမဲတို့ကို စားရလတ္တံ့၊ ဥစ္စာကိုလည်း ရလတ္တံ့၊ ဆိတ်ဆိတ်သာနေလော့” ဟု တားမြစ်၏။ တပည့်လည်း ဤယဇ်ပူဇော်သောအမှု၌ အဖော်မလိုဟု ကြံစည်ကာ ဥယျာဉ်တော်သို့ သွားလတ်သော် ရသေ့ကိုမြင်လျှင် ဆည်းကပ်ကာ ရှိခိုးလျက် ပဋိသန္တာရစကား ပြောကြားကနေ၏။

ရသေ့လည်း တပည့်လုလင်အား “လုလင် ... မင်းကြီးသည် တရားသဖြင့် မင်းပြုပါ၏လော” ဟု မေး၏။ “အရှင်ဘုရား ... တရားသဖြင့် မင်းပြုပါ၏။ သို့ရာတွင် ညဉ့်အခါ ဟစ်အော်သော အသံကြီးလေးခွန်းကိုကြား၍ ကြောက်လန့်ရကား ပုဏ္ဏားတို့ကိုမေးရာ ‘သဗ္ဗစတုက္က’ ယဇ်ပူဇော်ကာ ချမ်းသာအောင် ပြုလုပ်မည်ဆို၍ မင်းကြီးသည် မိမိကိုယ်ကို ချမ်းသာရန် များစွာသော သတ္တဝါတို့ကို ယဇ်တိုင်သို့ဆောင်ယူ၍ ထားပါကုန်၏။ အရှင်ဘုရားတို့သည် ထိုအသံကြီးလေးခွန်းတို့၏ ဖြစ်ရာအကြောင်းကို မြင်တော်မူလျှင် မင်းကြီးအား ပြောကြားဆုံးမ၍ သတ္တဝါတို့ကို သေဘေးမှ လွတ်အောင် ပြုရန်သင့်သည် မဟုတ်ပါလော” ဟု လျှောက်ထားလေ၏။ “လုလင် ... မင်းသည် ငါ့ကိုမသိ၊ ငါလည်းမင်းကိုမသိ၊ ဤအသံကြီးလေးခွန်းဖြစ်ခြင်း အကြောင်းကိုကား ငါသိ၏။ အကယ်၍ မင်းကြီးလာ၍ မေးလျှင် ယုံမှားမရှိရအောင် ဖြေကြားဆုံးမမည်” ဟု ပြော၏။ “အရှင်ဘုရား ... ကောင်းပြီ၊ မင်းကြီးကို ခေါ်လာသည်တိုင်အောင် ခဏမျှဆိုင်းငံ့တော်မူပါ” ဟု လျှောက်ထားလေ၏။

လုလင်လည်း ရသေ့ကိုတောင်းပန်ပြီးလျှင် မင်းကြီးထံသွားကာ အကြောင်းစုံလျှောက်ကြား၍ မင်းကြီးကိုခေါ်ဆောင်လျက် ရသေ့ထံသို့ သွားလေ၏။ ရောက်လျှင် မင်းကြီးသည် “အရှင်ဘုရား ... အကျွန်ုပ်ကြားရသော အသံကြီးလေးခွန်းတို့၏ ဖြစ်ရာအကြောင်းကို သိကုန်၏ဟူသည် မှန်ပါသလော” ဟု လျှောက်ထားလေ၏။ “မြတ်သောမင်းကြီး ... မှန်ပါ၏” ဟု ပြော၏။ “အရှင်ဘုရား ... အမိန့်ရှိတော်မူပါ” ဟု တောင်းပန်လေ၏။

မေထုန်မှားပြု ကာမေသု[ပြင်ဆင်ရန်]

ထိုအခါ ရသေ့သည် “မြတ်သောမင်းကြီး ... မင်းကြီးကြားရသော အသံကြီးလေးခွန်းတို့မှာ ငရဲသားတို့ ဟစ်အော်သော အသံကြီးများဖြစ်သည်။ ထိုငရဲသားတို့သည် ရှေးဘဝ၌ သူတစ်ပါးတို့ စောင့်ရှောက် ထိန်းသိမ်းအပ်သော မိန်းမတို့၌ ပြစ်မှားကျူးလွန်ခြင်း ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကြောင့် သေလွန်သောအခါ ဗာရာဏသီပြည်အနီး လေးလုံးသော လောဟကုမ္လီငရဲအိုးကြီးတို့၌ ဖြစ်ကြကုန်၏။ ကျိုက်ကျိုက်ဆူသော ဆားငန်ရေဖြင့် အမြှုပ်ထကာ ကျက်လျက် အနှစ်ခြောင်းသောင်းတို့ပတ်လုံး အောက်သို့ ဆင်းသွားပြီးလျှင် အနှစ်ခြောက်သောင်းတို့ ပတ်လုံးပင် အထက်သို့တက်ကာ ငရဲအိုး၏မျက်နှာကို မြင်သောအခါ တစ်ယောက်တစ်ဂါထာစီ လေးဂါထာ အပြည့်အစုံ ဆိုလိုကြလျက် မဆိုနိုင်ကြဘဲ အစတစ်လုံးစီဖြစ်သော “ဒု-သ-န-သော”ဟူသော အက္ခရာလေးလုံးကိုသာ ဆိုနိုင်ကြ၍ တစ်ဖန် နစ်မြှုပ်ကြပြန်၏။

ဒု၊ သ၊ န၊ သော၊ ဝေဖန်ပြော[ပြင်ဆင်ရန်]

ထိုလေးလုံးသောအက္ခရာတို့တွင် “ဒု” အက္ခရာအစ၌ပါသော ဂါထာ၏ အဓိပ္ပါယ်ကား အောက်ပါအတိုင်း ဖြစ်၏။

“အချင်းတို့ ... ငါတို့ကား ယုတ်မာသော အသက်မွေးခြင်းဖြင့် အသက်မွေးမိခဲ့ကြကုန်ပြီ၊ စည်းစိမ်ဥစ္စာတို့ ရှိပါကုန်လျက် မလှူမဒါန်းမိခဲ့ကြကုန်၊ မိမိတို့ မှီခိုအားထားရာကို မပြုမိခဲ့ကြကုန်။”

“သ” အက္ခရာအစ၌ပါသော ဂါထာ၏အဓိပ္ပါယ်ကား အောက်ပါအတိုင်း ဖြစ်၏။

“အချင်းတို့ ... ငရဲ၌ခံရကုန်သော ငါတို့အား အလုံးစုံအခြင်းအရာဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ခဲ့ပြီ၊ ဘယ်အခါ ငရဲ၏အဆုံးသည် ဖြစ်ပါအံ့နည်း”။

“န”အက္ခရာအစ၌ပါသော ဂါထာ၏အဓိပ္ပါယ်ကား အောက်ပါအတိုင်း ဖြစ်၏။

“အချင်းတို့ ... ငါသည် လည်းကောင်း၊ သင်တို့သည် လည်းကောင်း ရှေးအခါ၌ များစွာသော မကောင်းမှုတို့ကို ပြုအပ်ကုန်ပြီ၊ ငရဲ၏အဆုံးသည်မရှိ အဆုံးသည်မထင်၊ အဘယ်မှာ အဆုံးရှိမည်နည်း”။

“သော” အက္ခရာအဉ်ပါသော ဂါထာ၏အဓိပ္ပါယ်ကား အောက်ပါအတိုင်းဖြစ်၏။

“အချင်းတို့... ငါသည် ဤငရဲမှ လွတ်မြောက်ကာ လူအဖြစ်ကိုရရှိပြန်လျှင် သူတောင်ကောင်းတို့ အဆုံးအမ၌တည်၍ အကျင့်သီလနှင့် ပြည့်စုံလျက် စင်စစ်များစွာသော ကုသိုလ်ကောင်းမှုကို ပြုလုပ်တော့မည်”

ဤသို့ ရသေ့သည် မင်းကြီးအား ငရဲသားလေးယောက်တို့ ဟစ်အော်သော အက္ခရာလေးလုံးကို ခွဲခြားကာ အပြည့်အစုံ လေးဂါထာတို့ဖြင့် ဝေဖန်၍ ဟောကြားတော်မူပြီးလျှင် “အရှင်မင်းကြီး ... ငရဲသားလေးယောက်တို့မှာ အကိုသိုလ်ကံအလျောက် ငရဲ၌ခံကြရကုန်၏။ ထိုသူတို့အသံကို ကြားခြင်းကြောင့် သင်မင်းကြီးတို့အား တစ်စုံတစ်ရာ အန္တရာယ်မဖြစ်နိုင်၊ မကြောက်ပါလင့်” ဟု မိန့်ဆိုကာ အသံကြီးလေးခွန်း ဖြစ်ခြင်း၏ အကြောင်းရင်းကို ဖြေကြားဆုံးမတော်မူသည်။

ထိုအခါမင်းကြီးသည် များစွာသော သတ္တဝါတို့ကို လွှတ်စေလျက် တစ်မြို့လုံး စည်လည်စေ၍ ယဇ်တွင်း ယဇ်တိုင်တို့ကို ဖျက်စေ၏။ ရသေ့လည်း များစွာသော သတ္တဝါတို့အား အသက်ကိုပေး၍ ချမ်းသာခြင်းကို ပြုပြီးလျှင် ဥယျာဉ်တော်၌ပင် နှစ်ရက်၊ သုံးရက်နေ၍ ဟိမဝန္တာအရပ်သို့ သွးကာ မယုတ်လျော့သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုရောဟိတ်တပည့်ကြီးသည် - ယခုအခါသာရိပုတ္တရာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) သူဌေးသားများ၊ မေထုန်မှား၊ ကျငြားငရဲမှာ။

(၂) ပေါ်လာခဏ၊ ဟစ်အော်ကြ၊ “ဒု-သ-နသော”သာ။

(၃) မင်းကြီးကြားလတ်သော်၊ ယဇ်ပူဇော်၊ မလျော်ပြုမိရာ။

(၄) ရသေ့သူမြတ်၊ ဆုံးမလတ်၊ ဘေးလွတ်သတ္တဝါ။

လောဟကုမ္ဘီဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ