လောသကဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၅။ အတ္ထကာမဝဂ် -၄၁- လောသကဇာတ်။ ။ ရဟန္တာအားပြစ်မှားကျူးလွန်သဖြင့် ငရဲကျ၍ ဘဝများစွာ ငတ်မွတ်သော လောသက တိဿ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

တံငါရွာမှ ခွဲထုတ်ကြ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လောသကတိဿအလောင်းသည် ကောသလတိုင်း တံငါမျိုး တစ်ထောင်တို့နေရာ တစ်ခုသော တံငါရွာကြီး၌တံငါမတစ်ယောက်ဝမ်းဝယ် ပဋိသန္ဓေ နေသတတ်။

ထိုအခါကစ၍တံငါတို့သည် ကွန်လက်စွဲကာ ရှာဖွေကြသော်လည်း ငါးကြီးကို ထားဘိဦး၊ ငါးလေးကိုမျှမရကြ။ အလွန် ဆင်းရဲလှ၏။ ရွာ၌လည်း မီး ခုနစ်ကြိမ်လောင်၍ မင်းဒဏ် ခုနစ်ကြိမ်အသင့်ခံရ၏။ တံငါတို့သည် မဖြစ်ဘူးမြဲ ဖြစ်လာသည်ကို တွေးတောဆင်ခြင်ကြသော် “ဧကန္တငါတို့ အထဲမှာ သူယုတ်မာ ရှိတန်ရာ၏၊ ဘယ်သူမှန်းလည်း မသိ၊ တဖြည်းဖြည်း သိရမည်” ဟုငါးရာစီနေကြရန် ခွဲလိုက်၏။

မိဘနှစ်ပါးပစ်ခွာသွား[ပြင်ဆင်ရန်]

ထိုသူငယ် အမိပါသော အစုမှာလာဘ်လာဘ ဆုတ်ယုတ်ကာ ငတ်မွတ်ခေါင်းပါးလျက် အလွန်ဆင်းရဲ၏။ အခြား တစ်စုကားကြီးပွားလျက် ဝပြောသာယာလှ၏။ နောက် နှစ်ရာ့ငါးဆယ်စီမှ စ၍ တစ်ဦးစီ ရောက်အောင်ခွဲခဲ့ရ၏။ ခွဲတိုင်း ခွဲတိုင်း ထိုသူငယ်အမိပါရာမှာ ဆင်းရဲ၏။ နောက်တံငါတို့သည် ထိုသူငယ် မိဘတို့ကို“သူယုတ်မာ” ဟု နှင်ထုတ်ကုန်၏။

မိဘတို့သည်ကိုယ်ဝန်ရင့်လတ်သော် သားကို ဖွားမြင်၏။ အရဟတ္တဖိုလ်ရမည့် ပစ္ဆိမဘဝိက ဖြစ်၍မဖျက်ဆီးနိုင်ကြကုန်။ အမိသည် သူငယ်ကို ဆင်းဆင်းရဲရဲ မွေးမြူကာပြေးလွှားနိုင်သည့်အရွယ်သို့ ရောက်လတ်သော် သည်းမခံနိုင်တော့သဖြင့် သူငယ်အားခွက်တစ်ခုပေးကာ အိမ်တစ်အိမ်သို့ အတောင်းခိုင်းလိုက်၍ စွန့်လွှတ်ကာ ထွက်ပြေးလေ၏။

ကျောင်းသို့ခေါ်ကာရှင်ပြုရှာ[ပြင်ဆင်ရန်]

သူငယ်လည်း အမိအဖ မရှိ၊ဆင်းဆင်းရဲရဲ ရှာဖွေစားသောက်ကာ ရေလည်း မချိုး၊ ကိုယ်ကိုလည်း မသုတ်သင်ဘဲဘုတ်ရုပ်ကဲ့သို့ လမ်းကြားတွင် နေရ၏။ တစ်နေ့မှလည်း ဝမ်းပြည့်အောင် စားရသည် မရှိ၊မသေရုံသာ စားရ၏။

တစ်နေ့သ၌အိမ်တစ်အိမ်တွင် ထမင်းလုံးကို ကောက်ကာ စားနေရာ ရှင်သာရိပုတ္တရာ နှင့် တွေ့၍ အလွန်ကြင်နာသနားတော်မူလှသဖြင့် ခေါ်ယူကာ အကြောင်းစုံ မေးမြန်း၍ သိလတ်သော်ထမင်းကျွေးပြီးလျှင် ကိုယ်တိုင် ရေချိုး သုတ်သင်ပေးလေ၏။ ခုနစ်နှစ် ရှိသောအခါရှင်သာမဏေပြုစေ၍၊ နောက် အသက်နှစ်ဆယ် ရှိသောအခါ ရဟန်းပြုစေပြီးလျှင်၊ နောက်ဝိပဿနာပွားကာ ရဟန္တာအဖြစ်သို့ ရောက်၍ သာသနာတော်တွင် လောသကတိဿမထေရ်ဟု တွင်လေ၏။

လောသကတိဿဆွမ်းမရ[ပြင်ဆင်ရန်]

ထိုမထေရ်အား ဘုန်းကံမရှိလာဘ်သပ်ပကာ နည်းလှ၏။ ဆွမ်းခံ၍လည်း မရ၊ ဆွမ်းလောင်းလာသူတို့မှာ သပိတ်မှာဆွမ်းပြည့်နေသည် ထင်မှတ်၍ မလောင်းကြ၊ အသဒိသအလှူကြီး ပေးခိုက်နှင့် ကြုံသော်လည်းဝမ်းဝအောင် မဘုဉ်းပေးရ။

ထိုသို့အစဉ်အတိုင်း လာခဲ့ရာ ပရိနိဗ္ဗာန်ပြုမည့်နေ့ ရောက်လတ်သော် ရှင်သာရိပုတ္တရာက သိတော်မူ၍“ယနေ့ ငါသည် လောသကတိဿကို ဆွမ်းအာဟာရဝအောင် စားစေမည်” ဟု ကြံလျက် ခေါ်ဆောင်ကာသာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လတ်သော် လှူဒါန်းနေကျ ဒါယကာတို့သည် လှူဒါန်းဖို့ဝေးစွလက်အုပ်ချီသူပင် မရှိလေ။

ရှင်သာရိပုတ္တရာသည်ငါ့ရှင် ပြန်နှင့်၊ ဆွမ်းစားဇရပ်မှာ စောင့်နေပါဟု စေလွှတ်ပြီးလျှင် ဆွမ်းကိုဆက်လက်၍ ခံသောအခါ လှူဒါန်းသူတွေ အလွန်ပေါများလှ၏။ ဆွမ်းပင့်၍ ကျွေးကြ၏။ရှင်သာရိပုတ္တရာလည်း လောသကတိဿသို့ ပို့ခိုင်းလေ၏။ ပို့သူတို့လည်း လောသကတိဿကိုမတွေ့၍ ကိုင်တိုင် စားကြ၏။ ရှင်သာရိပုတ္တရာ ပြန်လာသောအခါ လောသကတိဿကိုမေးလျှင်မစားရသေးကြောင်း လျှောက်ထားလေ၏။

ပရိနိဗ္ဗာန်နီးမှဝမ်းတော်ဝ[ပြင်ဆင်ရန်]

ထိုအခါ ရှင်သာရိပုတ္တရာသည်သံဝေဂရ၍ ကာလအချိန်ကို ကြည့်လတ်သော် မလွန်သေးမှန်း သိသဖြင့် ကိုယ်တိုင်ကောသလမင်းကြီး နန်းတော်သို့ကြွကာ စတုမဓုကို လှူစေပြီးလျှင် ပြန်ရောက်၍ လောသကတိဿကိုခေါ်ကာ သပိတ်ကို ပိုက်လျက်ပင် “ငါ့ရှင် အလိုရှိသလောက် ဘုဉ်းပေးပါ” ဟု ဆို၏။ လောသကတိဿလည်း ရှင်သာရိပုတ္တရာကိုရိုသေသဖြင့် မဘုဉ်းပေးဝံ့ဘဲရှိလျှင် “ငါ့ရှင် ငါ့လက်က ပေးလိုက်လျှင်ပျောက်ကွယ်သွားမည်၊ ဘုဉ်းပေးရမည်မဟုတ်၊ ဘုဉ်းပေးပါ” ဟု ခွင့်ပြုလျှင် လောသကတိဿလည်းအလိုရှိတိုင်း ဝမ်းပြည့်အောင် ဘုဉ်းပေး၍ ထိုနေ့၌ပင်လျှင် ပရိနိဗ္ဗာန်ပြုလေ၏။

မြတ်စွာဘုရားသည်လောသကတိဿမထေရ်၏ အလောင်းအနီး၌ ရပ်တော်မူလျက် သဂြိ င်္ုဟ်စေပြီး လျှင် ဓာတ်တော်တို့ကိုစေတီတည်စေ၏။

ထိုအခါရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိကြ၍ “ငါ့ရှင်တို့ ... အံ့ဖွယ်သရဲ ရှိပေစွ၊လောသကတိဿ မထေရ်ကား ဘုန်းကံလာဘ်သပ်ပကာ နည်းပါးလျက် အရဟတ္တဖိုလ်ကို ရသေးသည်” ဟုပြောဆိုကြစဉ် မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ ... လောသကတိဿသည် ရှေးအခါသူတစ်ပါးလာဘ်ကို အန္တရာယ်ပြုမိသည့် အတွက် ဘုန်းကံလာဘ်သပ်ပကာ နည်းပါးသည်၊အလွန်အားထုတ်၍ ဝိပဿနာ ရှုဖူးသည့်အတွက် အရဟတ္တဖိုလ်ကို ရသည်” ဟု မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဒေသစာကြွလာရဟန္တာ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ကဿပဘုရားလက်ထက်တော်ဝယ် ရဟန်းတစ်ပါးသည် သူကြွယ်တစ်ဦးကို အမှီပြု၍ ရွာငယ်ကျောင်းတွင် နေ၏။အကျင့်သီလနှင့် ပြည့်စုံ၏။ ဝိပဿနာကို အလွန် အားထုတ်လေ့ရှိ၏။

တစ်နေ့သ၌ရဟန္တာတစ်ပါးသည် အစဉ်အတိုင်း ကြွလာရာ ထိုရဟန်း၏ သူကြွယ်အိမ်သို့ ရောက်လေ၏။ သူကြွယ်သည်ဣရိယာပုတ်ကို ကြည်ညို၍ အိမ်သို့ပင်ဆောင်ကာ ဆွမ်းလုပ်ကျွေးပြီးလျှင်အနည်းငယ်တရားနာ၍ “အရှင်ဘုရား ... တပည့်တော်တို့ ကိုးကွယ်သော ရွာကျောင်းသို့ကြွနှင့်ပါ၊ ညနေချမ်းအခါ အဖူးအမြော် လာပါမည်” ဟု လျှောက်ထား၍ လွှတ်လိုက်၏။

ဆွမ်းဘုဉ်းပေးရန်ပင့်လျှောက်ပြန်[ပြင်ဆင်ရန်]

ရဟန္တာမထေရ်လည်းကျေင်းသို့ရောက်လျှင် အာဂန္တုက ဝတ်ကိုပြု၍ အာလာပသလ္လာပ စကားကို ပြောဟောလျက်ကျောင်းနေရဟန်းက “ ငါ့ရှင် ဆွမ်းစားပြီးပြီလော” ဟု လျှောက်သောအခါ စားပြီးပါပြီဟုဆိုလေ၏။ အဘယ်မှာ စားသနည်းဟု လျှောက်ပြန်ရာ၊ “သူကြငွယ်အိမ်မှာ စားပါသည်” ဟုမိန့်ဆိုပြီးလျှင် မိမိနေရန် ကျောင်းကို ပန်ကြား၍ သုတ်သင်ရှင်းလင်းပြီးလျှင်သင်္ကန်းသပိတ်ကို သိုမှီး၍ ဈာန်ချမ်းသာဖြင့် လည်းကောင်း၊ ဖိုလ်ချမ်းသာဖြင့်လည်းကောင်း နေထိုင်လျက် အချိန်ကာလကို လွန်စေ၏။

သူကြွယ်လည်းညနေချမ်းအခါ ပန်းနံ့သာနှင့် မီးထွန်းရန် ဆီတို့ကို လက်စွဲလျက် ကျောင်းသို့လာ၍ ကျောင်းနေဆရာရဟန်းထံဆည်းကပ်ပြီးလျှင် အာဂန္တုရဟန်းနေရာကို မေးမြန်းလျှောက်ထားကာ အာဂန္တုရဟန်းထံ ဆည်းကပ်၍တရားနာပြီးလျှင် စေတီ၊ ဗောဓိပင်တို့ကို ပန်း၊ ဆီမီး ပူဇော်၍ ရဟန်းနှစ်ပါးလုံးကိုပင် နက်ဖြန် အိမ်သို့ဆွမ်းဘုဉ်းပေးကြွရန် ဖိတ်မန်ကာ ပြန်ခဲ့လေ၏။

ကျောင်းနေဘိက္ခုဝန်တိုမှု[ပြင်ဆင်ရန်]

ကျောင်းနေရဟန်းသည် အာဂန္တုရဟန်းအပေါ်၌ ဣဿာ၊ မစ္ဆေရ ဖြစ်ကာ “ ဤသူကြွယ်ကား ပျက်စီးလေပြီ၊ ဤ အာဂန္တုရဟန်းဤကျောင်းမှာနေလျှင် ငါ့ကို အရေးစိုက်တော့မည် မဟုတ်၊ ဤ အာဂန္တုရဟန်းကို ဤကျောင်းမှာမနေနိုင်အောင် လုပ်မည်” ဟု နှလုံးသွင်း၍ မိမိထံ ဆည်းကပ်လာသော အခါ သူကြွယ်အား တစ်စုံတစ်ရာစကားမဆိုဘဲ နေလေ၏။

အာဂန္တုရဟန်းလည်းကျောင်းနေရဟန်း၏ စိတ်အလိုကိုသိ၍ “ဤကျောင်းနေရဟန်းကား ငါ့မှာ အလုပ်အကျွေးဒါယကာ၌လည်းကောင်း၊ ဂိုဏ်းအခြံအရံ၌ လည်းကောင်း တပ်စွမ်းခြင်း မရှိသည်ကို မသိယောင်တကား” ဟုနှလုံးသွင်းလျက် မိမိနေရာသို့ပြန်၍ ဈာန်ချမ်းသာ၊ ဖိုလ်ချမ်းသာဖြင့် နေလေ၏။

ကျောင်းနေရဟန်းလည်းနက်ဖြန် မိုးသောက်ထသောအခါ ဝတ်ကျေဝတ်တုံ ကျောက်စည်ကို လည်းကောင်း၊ကျောင်းတံခါးရွက်ကို လည်းကောင်း လက်သည်းဖြင့်ခတ်၍ သူကြွယ်အိမ်သို့ သွားလေ၏။သူကြွယ်သည် သပိတ်ကိုယူ၍ နေရာ၌ နေစေပြီးလျှင် “အရှင်ဘုရား ... အာဂန္တုရဟန်းဘယ်မှာနည်း” ဟု လျှောက်လေလျှင် “ဒါယကာ ... သင့်ဆရာ အကြောင်းကို ငါ မသိ၊ကျောက်စည်တို့ကို ထိုး၍ တံခါးရွက်ကို ခေါက်ပါလျက် အိပ်ယာမှ မနိုးပေ၊ ယမန်နေ့ကဘောဇဉ်၊ ခဲဖွယ်ကောင်းတွေကို စားပြီးလျှင် အိပ်ပျော်နေပုံ ရသည်၊ သင်ကြည်ညိုနေသည်မှာ ဤရဟန်းမျိုးကို ရွေးချယ်ကာ ကြည်ညိုတတ်ပေသည်” ဟု မိန့်ဆိုလေ၏။

လွန်ကျူးပြီးမှသံဝေဂ[ပြင်ဆင်ရန်]

အာဂန္တုရဟန်းလည်း မိမိဆွမ်းခံချိန်ကို မှတ်သား၍ အရပ်တစ်ပါးသို့ ကြွသွားလေ၏။ သူကြွယ်လည်းကျောင်းနေရဧန်းကို လုပ်ကျွေးပြီးလျှင် ပျား၊ သကာတို့ဖြင့် စီရင်ထားသောဃနာနို့ဆွမ်းကို သပိတ်ပြည့်အောင် ထည့်၍ “ အာဂန္တုရဟန်းအား လှူဒါန်းပါ” ဟုမှာထားလိုက်၏။

ကျောင်းနေရဟန်းလည်းမလှူဒါန်းနှင့်ဟု မတားမြစ်ဘဲ သပိတ်ကို ဆောင်ယူကာ “ဤရဟန်းကား ဤဃနာနို့ဆွမ်းကိုသောက်ရလျှင် လည်ပင်းကိုင်၍ ထုတ်သော်လည်း ဤကျောင်းမှ သွားတော့မည် မဟုတ်” ဟု အောက်မေ့၍ ငြူစူဝန်တိုလျက် လမ်းတွင် ယာခင်းမီးလောင်နေသည့် မီးကျီးစုတစ်ခုဝယ် အစပျောက်အောင် သွန်းလောင်းခဲ့၍ ကျောင်းသို့ပြန်လေ၏။

ကျောင်းသို့ရောက်လျှင်အာဂန္တုရဟန်းကို မမြင်သောအခါ “ဤရဟန်းကား ဧကန်စင်စစ် ရဟန္တာ ဖြစ်လိမ့်မည်၊ ငါ့အလိုကိုသိ၍အရပ်တစ်ပါးသို့ သွားနှင့်လိမ့်မည်၊ အံ့ဖွယ်ရှိပေစွ၊ ငါသည် ဝမ်းတစ်လုံးအတွက်မသင့်တင့်သော အမှုကို ပြုမိလေစွ၊ ဝန်လေးသော အမှုကို ပြုမိလေစွ” ဟု သတိ သံဝေဂရကာနှလုံးမသာခြင်းဖြင့် ပြင်းစွာနှိပ်စက်လျက် လူပြိတ္တာဖြစ်၍ သေလွန်သောအခါ ငရဲသို့ကျလေ၏။

ဖြစ်ရာဘဝဆင်းရဲရ[ပြင်ဆင်ရန်]

နှစ်ပေါင်း အသိန်းမကငရဲ၌ခံရ၍ လွတ်လာသောအခါ၌လည်း ဝိပါက်ကြွင်းကြောင့် ဘဝငါးရာ ဘီလူးဖြစ်၍ တစ်နေ့မှဝမ်းပြည့်အောင် မစားရလေ။ တစ်နေ့သ၌ ကိုယ်ဝန်အညစ်အကြေးကို ရ၍ ဝမ်းပြည့်အောင်စားရဖူး၏။ တစ်ဖန် ဘဝငါးရာ ခွေးဖြစ်၏။ တစ်နေ့သ၌ အန်ဖတ်ထမင်းကို ရသဖြင့်ဝမ်းပြည့်အောင် စားရဖူး၏။ ကြွင်းသောကာလ ဘဝတို့၌ကား ဝမ်းပြည့်အောင် စားရဖူးသည်မရှိ။

ခွေးအဖြစ်မှစုတေကာ ကာသိတိုင်း ရွာငယ်တစ်ခု ဝယ် သူဆင်းရဲမျိုး၌ ဖြစ်ရပြန်၏။ တစ်မျိုးလုံးဆင်းရဲလျက် ဝမ်းပြည့်အောင် မစားရကြကုန်။ ထိုသူငယ်ကို မိတ္တဝိန္ဒက ဟု ခေါ်တွင်ကြ၏။နောက်အခါ မိဘတို့လည်း ငတ်မွတ်ခြင်း ဆင်းရဲကို သည်းမခံနိုင်ကြသည့်အတွက် သားအရင်းမိတ္တဝိန္ဒကိုပင် ရိုက်နှက်ကာ နှင်ထုတ်ကြကုန်၏။

ဇနပုဒ်ကနှင်ထုတ်ကြ[ပြင်ဆင်ရန်]

မိတ္တဝိန္ဒကလည်း မိဘတို့နှင်ထုတ်သဖြင့် ကိုးကွယ်ရာမဲ့ဖြစ်၍ သွားလေသော် ဗာရာဏသီပြည်ဝယ် တပည့် ငါးရာကိုပညာသင်ပေးနေသည့် ဒိသာပါမောက္ခ ဆရာကြီးထံ ရောက်၍ တောင်းပန်ကာ ပညာသင်ကြားလျက်နေပြန်၏။ ဆရာ၏ အဆုံးအမကိုလည်း မနာယူ၊ သူတစ်ပါးတို့နှင့်လည်း ခိုက်ရန်ဖြစ်တတ်၏။

တစ်နေ့သ၌ခိုက်ရန်ဖြစ်ကာ ဆရာထံမှ ပြေးလေသော် ပ္စန္တရာဇ် ရွာငယ်တစ်ခုသို့ ရောက်လျက် သူဆင်းရဲမတစ်ယောက်နှင့် အိမ်ထောင်ကျကာ သားနှစ်ယောက် ရပြန်လေ၏။ ထိုရွာဝယ် မိတ္တဝိန္ဒကရောက်သည့်နေ့မှစ၍ မီးခုနစ်ကြိမ်လောင်၍ မင်းဒဏ် ခုနစ်ကြိမ်သင့်လျက် ငတ်မွတ်ကြကုန်၏။

ထိုအခါရွာသားတို့သည် ဤသူယုတ်မာ ရောက်လာမှ ဖြစ်ရသည်ဆိုကာ သား၊ မယားနှင့် တကွနှင်ထုတ်ခံရပြန်သဖြင့် တော်တစ်ခုသို့ ရောက်သွားပြန်လေရော မယားနှင့်သားနှစ်ယောက်တို့ကို ဘီလူးစားသဖြင့် မိမိတစ်ကိုယ်တည်း အလွတ်ရုန်းကာ ပြေးခဲ့ရပြန်၏။

ရှေးကုသိုလ်ကံထောက်ပံ့ပြန်[ပြင်ဆင်ရန်]

တစ်ဖန် ဂမ္ဘီရ မည်သောသင်္ဘောဆိပ်တစ်ခုသို့ ရောက်ပြန်၍ သင်္ဘောသားတို့နှင့်အတူ သမုဒ္ဒရာခရီးသို့လိုက်ပါသွားပြန်ရာ သင်္ဘောသည် ခုနစ်ရက် ခုတ်မောင်း၍ သွားမိလျှင် မသွားတော့ဘဲရေလယ်တွင် ကျောက်တိုင်၊ ကျောက်ခဲဆွဲသည့်အလား ရပ်တန့်ကာ နေလေ၏။ ထိုအခါသင်္ဘောသားတို့သည် သူယုတ်မာကို မဲချသောအခါ မိတ္တဝိန္ဒကချည်း သုံးကြိမ် တိုင်အောင်မဲကျလေ၏။

သင်္ဘောသားတို့သည်မိတ္တဝိန္ဒကကို ဝါးစည်းတစ်ခုကို ကိုင်စေလျက် သမုဒ္ဒရာသို့ ပစ်ချပြီးလျှင်လိုရာအရပ်သို့ သွားကြကုန်၏။ မိတ္တဝိန္ဒကလည်း ကဿပဘုရား လက်ထက်တွင် စောင့်ထိန်းခဲ့သောသီလတန်ခိုးကြောင့် ဝါးစည်းပေါ်တွင် အိပ်လျက် သမုဒ္ဒရာရေပြင်၌ သွားသည်ရှိသော်ဖန်ဗိမာန်သို့ရောက်၍ နတ်သမီးလေးယောက်နှင့် ပျော်ပါးလျက် ခုနစ်ရက်ပတ်လုံးနတ်စည်းစိမ်ကို ခံစားကာ နေလေ၏။

ဗိမာန်ရှင် ပြိတ္တာနတ်သမီးတို့ကား ခုနစ်ရက် နတ်စည်းစိမ်၊ ခုနစ်ရက် ငရဲ ဤသို့ အလဲအလှယ် ခံစား စံစားကြရ၏။ငရဲခံအလှည့် ရောက်သောအခါ မိတ္တဝိန္ဒကကို ငါတို့ လာအောင် စောင့်ပါဟု မှာခဲ့၍သွားကြလေ၏။

မိတ္တဝိန္ဒကလည်းမစောင့်တော့ဘဲ ဝါးစည်း၌အိပ်ကာ သမုဒ္ဒရာရေအပြင်၌ သွားပြန်သော် ငွေဗိမာန်တွင် နတ်သမီးရှစ်ယောက်၊ ၎င်းနောက် ပတ္တမြား ဗိမာန်တွင် နတ်သမီး ဆယ့်ခြောက်ယောက်၊ ၎င်းနောက်ရွှေဗိမာန်တါင် နတ်သမီး သုံးဆယ့်နှစ်ယောက်တို့ကို တွေ့၍ အစဉ်အတိုင်း နတ်စည်းစိမ်ကိုခံစားလျက် သွားပြန်သော် ဘီးလူးတို့နေရာ ကျွန်းတစ်ခုသို့ ရောက်ပြန်၏။

ဆိတ်ယောင်ဆောင်နေသောဘီလူးမ တစ်ယောက်ကို တွေ့ပြန်ရာ ဆိတ်သားစားမည်ဟု ဆိတ်မခြေကိုင်၍ ဖမ်း၏။ ဘီလူးမလည်း မိတ္တဝိန္ဒကကိုချီး၍ပစ်လိုက်ရာ ကံအားလျော်စွာ ဗာရာဏသီမြို့ ကျုံးအပြင် ဆူုးချုံထပ်၌ ကျ၍ လိမ့်ကာမြေ၌တည်လေ၏။ထိုအခါ ဆိတ်ကို သတ်စားလေ့ရှိသော သူခိုးတို့ကိုဖမ်းရန်ဆိတ်ကျောင်းသားတို့သည် ပုန်းအောင်းလျက် စောင့်နေကြ၏။

ဆရာကယ်မချမ်းသာရ[ပြင်ဆင်ရန်]

မိတ္တဝိန္ဒကလည်း သမုဒ္ဒရာအလယ်ကျွန်းမှ ဆိတ်မခြေကို ကိုင်မိသည့်အတွက် ဆိတ်မက ချီပစ်သဖြင့် ဤအရပ်သို့ရောက်လာရသည်။ ယခုလည်း ဆိတ်မခြေကို ကိုင်ဦးမည်။ ဆိတ်မက ချီးပစ်လိုက်ပြန်လျှင်သမုဒ္ဒရာ အလယ်ကျွန်းရှိ နတ်သမီး ဗိမာန်သို့ ရောက်တန်ရာ၏ ဟု အထင်လွဲကာ ဆိတ်မခြေကို ကိုင်ပြန်၏။ထိုအခါ ဆိတ်မက အော်မြည်သဖြင့် ဆိတ်ကျောင်းသားတို့ ဝိုင်းဝန်းလျက် ဆိတ်သူခိုးဟုဖမ်း၍ ချည်နှောင်ပြီးလျှင် မင်းထံသို့ ဆောင်သူသွားကြလေ၏။

ဒိသာပါမောက္ခဆရာကြီးလ်း တပည့်ငါးရာ ခြံရံ၍ လာခိုက် ကြုံသဖြင့် တွေ့မြင်သောအခါ ဆရာကြီးက“အမောင်တို့ ... ဤသူကား ငါ့တပည့် ဖြစ်သည်၊ ဆိတ်သူခိုး မဟုတ်၊ ကျွန်ပြု၍ ခိုင်းစေရန်ငါ့အား ပေးကြပါ” ဟု တောင်းလျှင် ဆိတ်ကျောင်းသားတို့လည်း လွှတ်၍ သွားကြကုန်၏။ တစ်ဖန်ဆရာကြီးက မိတ္တဝိန္ဒကအား “အမောင် ... ဤမျှကြာအောင် ဘယ်အရပ်သို့ သွားနေသနည်း” ဟု မေးရာ မိတ္တဝိန္ဒကမိမိ ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြန်ပြောင်းကာ ပြောကြားလေ၏။ ထိုအခါဒိသာပါမောက္ခဆရာကြီးသည် -

“အမောင်တို့ ... မိတ္တဝိန္ဒကမှာဆိတ်မခြေကို အဆွဲမှားသဖြင့် စိုးရိမ် ဆင်းရဲရသလို လောကမှာ အကျိုးစီးပွားကိုအလိုရှိသူ လူပညာရှိတို့ အဆုံးအမကို မနာယူသော သူမှာ အမြဲမပြတ် စိုးရိမ်ဆင်းရဲ၏”

ဟု တပည့်တို့အားတရားဟောလေ၏။

ဤသို့ လောသကတိဿမထေရ်သည် ရဟန္တာ၏ လာဘ်လာဘကို အန္တာရယ်ပြုကာ ပြစ်မှားဖူးသော အကုသိုလ်ကံကြောင့်ဘဝများစွာ သံသရာဝယ် ဝမ်းဝအောင် မစားရဘဲ ဘီလူးဘဝ ကိုယ်ဝန်အညစ်အကြေး တစ်ကြိမ်၊ခွေးဘဝ အန်ဖတ်ထမင်း တစ်ကြိမ်၊ ပရိနိဗ္ဗာန်ပြုမည့်ဘဝ ရှင်သာရိပုတ္တရာ တန်ခိုးကြောင့်စတုမဓု တစ်ကြိမ် ဤသုံးကြိမ်သာ ဝမ်းဝအောင် စားရဖူးသည်။ [အလွန်ကြောက်မက်ဖွယ်ကောင်းလေစွတကား။]

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိတ္တဝိန္ဒကသည် - ယခုအခါ လောသကတိဿရဟန်း။

ဒိသာပါမောက္ခ ဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကျိုးလိုဆုံးမ၊ မနာက၊ နိစ္စစိုးရိမ်ပွား။

(၂) နတ်ထံရောက်လေ၊ ဝိန္ဒကေ၊ ဆိတ်ခြေအကိုင်မှား။

လောသကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ