လောမသကဿပဇာတ်

ဝီကီပီးဒီးယား မှ

နဝကနိပါတ် - (၄၃၃) လောမသကဿပဇာတ်

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကိလေသာပျော်မွေ့လွန်ငြီးငွေ့[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်းသီတင်းသုံးတော်မူစဉ် ကိလေသာအစွမ်းဖြင့် သာသနာတော်၌ ငြီးသောရဟန်းတပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

လောကပြစ်ရှုရသေ့ပြု[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်ထိုဗြဟ္မဒတ်မင်း၏သားကား ဗြဟ္မဒတ္တသတို့သား မည်၏၊ ပုရောဟိတ်၏သားကား လောမသကဿပ သတို့သားမည်၏၊ ထိုသတိုသားတို့သည် ငယ်ရွယ်စဉ် ကပင်အဆွေခင်ပွန်းဖြစ်၍ ဆရာတဦးတည်းထံမှာပင်အတတ်ပညာကိုသင်ကြားကြကုန်၏။ နောက်အဖို့၌ အဘလွန်လက်သော်မင်းသားသည် မင်းအဖြစ်ကိုရ၏။ ထိုအခါကဿပသည် ငါ၏အဆွေခင်ပွန်းကားမင်းအဖြစ်ကိုရပေပြီ၊ ငါ့ကိုလည်းများစွာသော စည်းစိမ်ဥစ္စာကိုပေးလတံ့၊ စည်းစိမ်ဥစ္စာဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံစည်ပြီးလျှင် အမိအဘနှင့် မင်းကြီးတို့ကို ပန်ကြား၍ ဟိမဝန္တာသို့ ဝင်ကာ ရသေ့ရဟန်းပြုပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ အဘိညာဉ်သမာပတ်ကိုရလေ၏၊ ဆွမ်းခံသွား၍ မျှတ၏၊ အမည်ကို လောမသကဿပရသေ့ဟု အများသိကြကုန်၏။

သိကြားမင်းဆင်းသက်သီလဖျက်[ပြင်ဆင်ရန်]

ထိုအခါရသေ့၏ပြင်းထန်သောအကျင့်တန်ခိုးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်လေ၏၊ သိကြားမင်းသည် ဆင်ခြင်လတ်သော်ထိုအကြောင်းသိ၍ ဤရသေ့ သိကြား၏ နေရာကိုပင် တုန်လှုပ်စေနိုင်၏၊ အကျင့်သီလကို ဖျက်ဆီးရပါမူ ကောင်းလိမ့်မည်ဟု ကြံစည်လျက် ညဉ့်သန်းခေါင်ယာမ်အခါ ဗာရာဏသီမင်း၏ ကြက်သရေတိုက်ခန်းသို့ သွား၍ ကောင်းကင်၌ ရပ်တည်လျက် “မြတ်သောမင်းကြီး သင်သည် လောမသကဿပရသေ့ကို ပင့်ဆောင်ကာ အခြေလေးချောင်းတို့ကို သတ်၍ ယဇ်ပူဇော်စေငြားအံ့၊ သင့်အားဇမ္ဗူဒိပ်တကျွန်းလုံး ဧကရာဇ်မင်းဖြစ်လိမ့်မည်။ သိကြားမင်းကဲ့သို့ မအိုမသေနေရလိမ့်မည်”-ဟု မင်းကြီးအား ပြောဆိုလေ၏။

မင်းယုံကြည်လင့်ရသေ့ပင့်[ပြင်ဆင်ရန်]

မင်းကြီးလည်းသိကြားမင်းကိုယ်တိုင်လာ၍ ပြောကြားသည့်အတွက် အလွန်ယုံကြည်သဖြင့် နက်ဖြန်နေ့၌ သေယှအမတ်ကို ခေါ်စေ၍ အချင်းလောမသကဿပ ရသေ့ထံသွား၍ စကားဖြင့် လျှောက်ထားလေပါ”ဟု ပြော၏။

“အရှင်ဘုရားအရှင်သည် ခြေလေးချောင်းသတ္တဝါတို့ကို သတ်၍ အကယ်၍ ယစ်ပူဇော်အံ့၊ မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းလုံး ဧကရာဇ်မင်းဖြစ်လိမ့်မည်။ မအိုမသေနေရလိမ့်မည်၊ အရှင်ဘုရားတို့လည်းလိုရာကိုရလိမ့်မည်၊ သို့အတွက်ယင်ပူဇော်ရန်အကျွန်ုပ်နှင့် အတူလိုက်ခဲ့”ဟု လျှောက်ထားရန်မှာကြား၍ သေယှအမတ်ကို စေလွှတ်လိုက်၏။

လေဘအပြစ်ရှုကျင့်ကြံမှု[ပြင်ဆင်ရန်]

သေယှအမတ်လည်း လမ်းသိသောမူဆိုးတဦးကိုရှေ့ဆောင်ပြုကာ လောမသကဿပ ရသေ့ထံ သွားလေ၏၊ ရောက်လျှင် မင်းကြီးမှာလိုက်သောအတိုင်း အကြောင်းစုံကို လျှောက်ထားလေ၏၊ ထိုအခါ လောမသကဿပရသေ့သည်-

အို-သေယှအမတ်-ငါကားကဲ့ရဲဘွယ်နှင့် တကွဖြစ်လျက် သမုဒ္ဒရာအခြံအရံနှင့် တကွဖြစ်၍ သမုဒ္ဒရာ၏ နားဍောင်းသဘွယ်ဖြစ်သော ဤမြေကို အလိုမရှိဟု သိပါလော။

“အို-သေယှအမတ်ငရဲသို့ ကျစေတတ်သောအမှုဖြင့်၎င်း, အဓမ္မမှုကို ပြုကျင့်ခြင်းဖြင့်၎င်း, ဥစ္စာရခြင်းစည်းစိမ်ရခြင်းဟူသော ကြီးပွားခြင်းကို ငါစက်ဆုပ်လှ၏”

ဆွမ်းခံကျင့်လေ့လွန်ပျော်မွေ့[ပြင်ဆင်ရန်]

“အို-သေယှအမတ်အဓမ္မမှုကို ပြုကျင့်ခြင်းဖြင့်ပစ္စည်း ဥစ္စာရှာမှီးခြင်းထက် ရသေ့ရဟန်းပြု၍ သပိတ်ကိုလက်စွဲကာ ဆွမ်းခံသွား၍ အသက်မွေးရခြင်းသည် မွန်မြတ်လှ၏ “အို-သေယုအမတ် လောက၌ သူတပါးကိုမညှဉ်းဆဲဘဲ ရသေ့ရဟန်းပြု၍ သပိတ်ကို လက်စွဲကာ ဆွမ်းခံသွားရခြင်းသည် မင်းအဖြစ်ထက်မွန်မြတ်လှ၏”-ဟုသေယှအမတ်ကို ဆုံးမလေ၏။ ထိုအခါ သေယှအမတ်သည် ရသေ့စကားကို ကြားနာရလျှင် မိမိအလိုသို့ မလိုက်မှန်းသိ၍ ဗာရာဏသီပြည်သို့ ပြန်ကာ ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားလေ၏၊ မင်းကြီးသည် မလာသော် အဘယ်သို့ ပြုနိုင်အံ့နည်းဟု နှလုံးသွင်းလျက် ဆိတ်ဆိတ်သာနေလေ၏။

သိကြားလိုတိုင်းမင်းကိုခိုင်း[ပြင်ဆင်ရန်]

သိကြားမင်းသည် နောက်တဖန်သန်းခေါင်ယာမ်၌ လာလတ်၍ ကောင်းကင်တွင်ရပ်ကာ “မြတ်သောမင်းကြီး လောမသကဿပရသေ့ကို ပင့်ဆောင်ကာယဇ်ပူဇော်စေ၏လော”ဟု မေး၏၊ “သိကြားမင်း အကျွန်ုပ်ပင့်ရန် စေလွှတ်သော်လည်း မလာပါ”ဟု ပြော၏၊ “မြတ်သောမင်းကြီးသမီးတော်စန္ဒဝတီကိုတန်ဆာဆင်စေပြီးလျှင် သေယှအမတ်နှင့် အတူစေလွှတ်၍ ရသေ့ထံရောက်သောအခါ “အရှင်ဘုရားအရှင်သည် အကျွန်ုပ်နှင့် အတူလိုက်၍ အကယ်၍ ယဇ်ပူဇော်ငြားအံ့၊ ဤစန္ဒဝတီမင်းသမီးကို ပေးပါလိမ့်မည်ဟု လျှောက်ထားခိုင်းပါ၊ လောမသကဿပရသေ့သည် မင်းသမီး၌ တပ်စွန်းသဖြင့် ဧကန်လိုက်လာပါလိမ့်မည်”ဟု မင်းကြီးအားပြောဆိုပြန်၏၊ မင်းကြီးလည်းနက်ဖြန်မိုးသောက်သောအခါ သေယှအမတ်ကိုခေါ်ပြန်၍ သိကြားမင်း အကြံပေးအတိုင်း မှာထားကာ စန္ဒဝတီမင်းသမီးကို သေယှအမတ်လက်သို့ အပ်နှင်း၍ ရသေ့ထံလွှတ်ပြန်၏။

တဏှာနှစ်ခြိုက်တောမှလိုက်[ပြင်ဆင်ရန်]

အမတ်လည်းမင်းသမီးကိုယူ၍ ရသေ့ထံသွား၍ ရှိခိုးလျက်နေ၏၊ ရသေ့လည်းမင်းသမီးကိုဣန်ဒရေဖျက်၍ ကြည့်သဖြင့် တပ်စွန်းသော စိတ်ရှိရကား ဈာန်မှကွယ်လေ၏။ အမတ်လည်း ရသေ့ကို အကဲခတ်ရာ တပ်စွန်းသောစိတ်ရှိသည် ကိုသိလျင် “အရှင်ဘုရား အရှင်ဘုရားတို့သည် အကျွန်ုပ်နှင့် လိုက်၍ ယဇ်ပူဇော်ငြားအံ့၊ မင်းကြီးသည် အရှင်ဘုရားတို့အား ဤစန္ဒဝတီမင်းသမီးကို အလုပ်အကျွေးပြုရန် ပေးပါလိမ့်မည်”ဟု လျှောက်ထားလေ၏၊ ရသေ့လည်း ကိလေသာဖြင့် တုန်လှုပ်ချောက်ချားလျက် “အမတ်မင်း ကောင်းပြီ မင်းသမီးကို ရမည်ဖြစ်လျှင် ယဇ်ပူဇော်မည်”ဟု ဝန်ခံကာ ရထားပေါ်သို့ တက်၍ လိုက်လေ၏။

သ္မီးတော်လိုမှုဝန်ခံပြု[ပြင်ဆင်ရန်]

မင်းကြီးလည်း ရသေ့လိုက်လာကြောင်းကို ကြားလျှင် ယဇ်တွင်းတို့ကို တူးစေပြီးလျှင် ယဇ်ပူဇော်ဘွယ်အလုံးစုံတို့ကို အသင့်စီမံ၍ ထားနှင့် ၏၊ လောမသကဿပရသေ့ ရောက်လာသည်ကိုမြင်လျှင် “ရှင်ရသေ့အားလုံးစီမံပြီးပြီ၊ ယဇ်ပူဇော်လော့၊ ပူဇော်သည်ရှိသော်ငါ့မှာသိကြားနှင့်တူသည် ဖြစ်လတံ့၊ သင့်အားလည်းယဇ်ပူဇော်ပြီးသောအခါ ဤမင်းသမီးကိုပေးအံ့”ဟု ပြောဆိုလေ၏။

နက်ဖြန်နေ့ဝယ် မင်းကြီးသည် လောမသကဿပရသေ့နှင့် စန္ဒဝတီမင်းသမီးတို့ကို ခေါ်၍ ယစ်ပူဇော်ရန်ယဇ်တွင်းသို့သွားလေ၏ယဇ်တွင်း၌ လည်းဆင်မြင်း,ဥသဘစသော အခြေလေးချောင်းရှိ သတ္တဝါတို့ကို အစဉ်အတိုင်းထားအပ်ကုန်၏၊ လောမသကဿပရသေ့လည်းသတ္တဝါတို့ကို ဆောင်ယူပြီးလျှင် သတ်၍ ယစ်ပူဇော်ရန်ပြင်ဆင်လျက်နေ၏။

တိုင်းပြည်လူများရသေ့တား[ပြင်ဆင်ရန်]

ထိုအခါလူအများသည် စည်းဝေးရောက်လာကုန်လျက် ငိုကြွေးမြည်တမ်းလျက်“လောမသကဿပရသေ့" သင်သည် ရသေ့တန်မဲ့၊ အဘယ့်ကြောင့် မသင့်လျော်သော အမှုကိုပြုဘိသနည်း”ဟု ဆိုပြီးလျှင် -

“အို-ရသေ့ကြီးလောက၌ လမင်းသည် အားရှိ၏၊ နေမင်းသည် အားရှိ၏၊ ရဟန်းပုဏ္ဏားတို့သည် အားရှိကုန်၏၊ သမုဒ္ဒရာ၏ကမ်းသည် အားရှိ၏၊ သို့သော်လည်း စန္ဒဝတီမင်းသမီးကား အဘမင်းကြီး၏ အကျိုးပြင်းထန်သော အကျင့်ငြိမ်သက်သော ရှိသော လောမသကဿပ ရသေ့ကြီးကိုပင် ယဇ်ပူစေဘိ၏၊ ထို့ကြောင့် မိန်းမသည်သာ အားအရှိဆုံးဖြစ်၏”ဟု ငိုကြွေးကား အပြစ်တင်ကြကုန်၏။

ယဇ်ပူဇော်ဆဲသန်လျက်ဆွဲ[ပြင်ဆင်ရန်]

လောမသကဿပရသေ့လည်း မင်္ဂလာဆင်တော်၏လည်ပင်းကို ဖြတ်မည်ဟု ရတနာသန်လျက်ကိုမိုး၏၊ ဆင်သည် သေဘေးမှ ကြောက်သဖြင့် သည်းစွာသောအသံကို မြည်ဟည်း၏၊ ဆင်မြည်သံကို ကြား၍ ကြွင်းသောသတ္တဝါတို့လည်း သေဘေးမှကြောက်သဖြင့် အသီးအသီး မြည်ဟည်းကြကုန်၏၊ လူများလည်း မြည်တမ်းကြကုန်၏။ ထိုအခါ လောမသကဿပရသေ့လည်း အုတ်အုတ်ကျက်ကျက် ဟစ်ကြွေးမြည်ဟည်းသံကြီးကို ကြားရ၍ ထိတ်လန့်တုန်လှုပ်လျက် ရှေးဦးစွာ မိမိဆံကျစ်တို့ကို ကြည့်မိ၏။ ရသေ့အား ဆံကျစ်မုတ်ဆိတ် လက်ကတီးမွေးတို့ကို မြင်ရ၏။

တဏှာပြစ်မြင်သတိဝင်[ပြင်ဆင်ရန်]

ထိုအခါရသေ့သည် သတိရ၍ နှလုံးမသာဖြစ်ကာငါသည် စင်စစ်မသင့်လျော်သော အမှုကိုပြုဘိ၏တကားဟု သတိသံဝေဂရလျက်-

“မြတ်သောမင်းကြီးငါသည် ထက်မြက်သောအကျိုးရှိသည် ဖြစ်၍ ကာမဂုဏ်လျှင် အကြောင်းရင်းရှိသော ယဇ်ပူဇော်ခြင်းအမှုကို စန္ဒဝတီမင်းသမီးကို လိုချင်သောလောဘသည် ပြုအပ်ပေ၏၊ ထိုလောဘ၏ အမြစ်အရင်းကိုငါသည် ရှာမှီးတော့အံ့၊ အနှောင်အဖွဲ့နှင့် တကွ ရာဂကို ဖြတ်တော့အံ့”ဟု မင်းကြီးအား ပြောကြားလေ၏၊ ထိုအခါမင်းကြီးသည် “ရှင်ရသေ့မကြောက်လင့်၊ ယခုသင့်အား စန္ဒဝတီမင်းသမီးကို၎င်း၊ ရတနာခုနစ်ပါးကို၎င်း ပေးပါမည်၊ ယင်းကိုသာ ပြီးအောင် ပူဇော်ပါလော့”ဟု တိုက်တွန်း အားပေးပြန်၏။

တဏှာမြစ်ပြုတ်ဈာန်မယုတ်[ပြင်ဆင်ရန်]

ထိုအခါလောမသကဿပရသေ့သည် “မြတ်သော မင်းကြီးလောက၌ အလွန်များပြားသော ကာမဂုဏ်တို့ကို စက်ဆုပ်လှ၏၊ ကာမဂုဏ်တို့ထက်အကျင့်သီလသာလျင် မွန်မြတ်လှ၏၊ ငါသည် ကာမဂုဏ်တို့ကို စွန့်ပယ်၍ အကျင့် သီလကိုသာ ကျင့်တော့အံ့၊ တိုင်းပြည်နှင့် စန္ဒဝတီမင်းသမီးသည် သင်မင်းကြီး၏ဥစ္စာသာလျှင် ဖြစ်ပါစေတော့”ဟု မင်းကြီးအားပြောဆိုဆုံးမပြီးလျှင် ကသိုဏ်းပရိကံကိုအားထုတ်ကာခဏခြင်းလျှင် ပျောက်ကွယ်ပြီးသော ဈာန်ကိုရစေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေပြီးလျှင်

မင်းကြီးအားကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ဖြစ်ရစ်လောဟုသတိပေး၍ ယဇ်တွင်းတို့ကို ဖျက်စေပြီးလျှင် သတ္တဝါတို့ကို ဘေးမဲ့ပေးစေ၍ မင်းကြီးနှင့် လူအများတောင်းပန်စဉ် လျှင် မိမိနေရာသို့သွားလေ၏၊ မယုတ်သောဈာန်ရှိသည် ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့လားရ၏။ မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်,ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့-

ထိုအခါသေယှအမတ်သည်-ယခုအခါသာရိပုတ္တရာ၊

လောမသကဿပရသေ့သည်-ငါဘုရားဖြစ်လာပြီ-'ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁)လ,နေ,ရဟန်း သမုဒ်ကမ်း အားစွမ်းကြီးလှသည်။

(၂)သို့စဉ် ကြီးမား မိန်းမကား အားတွင်ကဲလွန်သည်။

(၃)ကျော်စောကင်းဘွယ် ညစ်နွမ်းဘွယ်ပျောက်ကွယ်ဈာန်မတည်။

(၄)မုန်တိုင်းအလား တိုက်ခတ်ငြားထွားထွားကြေစေသည်

(၅)သတိကြီးစွာ ပညာဝါ တည်ရာရချိမ့်မည်။

လောမသကဿပဇာတ်ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ