လာဘဂရဟဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၈၇) လာဘဂရဟဇာတ်။ ။ လူအများသည် များသောအားဖြင့် မကောင်းသော စီးပွားရှာမှုနှင့် အသက်မွေးမှုရှိ၏ဟု ဆရာ ပြောပြသဖြင့် စက်ဆုပ်ရွံရှာကဲ့ရဲ့သော ရသေ့ရဟန်းပြုလျက် တောထွက်သော လုလင်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ပါးအင်္ဂါစု လာဘ်ရမှု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်သာရိပုတ္တရာ၏ အတူနေ တပည့်ရဟန်းသည် ရှင်သာရိပုတ္တရာထံ ချည်းကပ်ပြီးလျှင် “အရှင်ဘုရား ... အကျွန်ုပ်အား လာဘ်ရကြောင်းဖြစ်သော အကျင့်ကို ဟောတော်မူပါ၊ အဘယ်သို့ ကျင့်သောသူသည် သင်္ကန်း စေသာ လာဘ်လာဘကို ရပါသနည်း” ဟု လျှောက်ထားလေ၏။

ထိုအခါ ရှင်သာရိပုတ္တရာသည် “ငါ့ရှင် ... ဟီရိဩတ္တပ္ပကို ဖျက်ပြီးလျှင် ရဟန်းအဖြစ်ကို စွန့်လွှတ်၍ -

(၁) မရူးသော် ရူးသကဲ့သို့ဖြစ်ခြင်း၊

(၂) ကုန်းတိုက်ခြင်း၊

(၃) ကချေသည်နှင့်တူခြင်း၊

(၄) ဖရိုဖရဲသော စကားရှိခြင်း။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော ရဟန်းအား လာဘသက္ကာရကို ရ၏။ ဤအကျင့်ကား လာဘ်လာဘ ရခြင်းအကြောင်းဖြစ်သော အကျင့်တည်း” ဟု ဟောတော်မူ၏။ ထိုအခါ ထိုတပည့်းရဟန်းသည် ထိုအကျင့်ကို ကဲ့ရဲ့ပြီးလျှင် နေရာမှ ထ၍သွားလေ၏။

ရှင်သာရိပုတ္တရာလည်း မြတ်စွာဘုရားထံ ချဉ်းကပ်၍

ထိုအကြောင်းကို လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် “ချစ်သား ရှင်သာရိပုတ္တရာ ... ထိုရဟန်းသည် ယခုအခါ၌သာ လာဘ်ရကြောင်းဖြစ်သော အကျင့်ကို ကဲ့ရဲ့သည် မဟုတ်၊ ရှေးအခါ၌လည်း ကဲ့ရဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

အင်္ဂါလေးသွယ် စက်ဆုပ်ဖွယ်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏာမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တစ်ဆယ့်ခြောက်နှစ် အရွယ်ကပင် ဗေဒင်သုံးပုံနှင့်တကွ တစ်ဆယ့်ရှစ်ပါးသော အတတ်တို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်လိမ္မာသဖြင့် ဒိသာပါမောက္ခဆရာဖြစ်၍ တပည့်လုလင် ငါးရာတို့အား အတတ်ပညာကို သင်ကြားကာနေ၏။

ထိုလုလင် ငါးရာတို့တွင် လုလင်တစ်ယောက်သည် အကျင့်သီလနှင့် ပြည့်စုံ၏။ ထိုလုလင်သည် တစ်နေ့သ၌ ဆရာထံသို့ ချဉ်းကပ်၍ “ဆရာ ... သတ္တဝါတို့အား အဘယ်ကြောင့် လာဘ်လာဘ ဖြစ်သနည်း၊ လာဘ်လာဘ ဖြစ်ကြောင်းဖြစ်သော အကျင့်ကို ပြောပါ” ဟု တောင်းပန်မေးမြန်း၏။ ထိုအခါ ဆရာသည် လုလင်အား -

“အမောင် ...

(၁) အရူးကဲ့သို့ ဖြစ်ခြင်း၊

(၂) ချောပစ်ကုန်းတိုက်ခြင်း၊

(၃) ကချေသည်ကဲ့သို့ ဖြစ်ခြင်း၊

(၄) ဖရိုဖရဲကြဲသော စကားရှိခြင်း -

ဤလေးပါးသော အကြောင်းနှင့် ပြည့်စုံသော သူသည် မိုက်မဲတွေဝေသူတို့ထံမှ လာဘ်လာဘကိုရ၏။ ဤသည်တို့ကား သင့်အား ပေးအပ်သော အဆုံးအမဖြစ်၏” –

ဟု ပြောဆိုလေ၏။ တပည့်လုလင်သည် ဆရာစကားကို ကြားလျှင် -

“ဆရာ ... ကိုယ်ကိုဖျက်ဆီး၍ အဓမ္မကို ကျင့်ခြင်းဖြင့် စည်းစိမ်ဥစ္စာ ရခြင်းကို အလွန်စက်ဆုပ်ပါ၏၊ အဓမ္မဖြင့် စည်းစိမ်ဥစ္စာကို ရှာမှီးခြင်းထက် ရသေ့ရဟန်း ပြုပြီးလျှင် နေရာမရှိဘဲ သပိတ် လက်စွဲ၍ ဆွမ်းခံကာ အသက်မွေးခြင်းသည် မွန်မြတ်လှ၏” –

ဟု လာဘ်လာဘ ဖြစ်ခြင်းအကြောင်းကို ကဲ့ရဲ့ပြစ်တင်၍ ရသေ့ရဟန်းအဖြစ်၏ ဂုဏ်ကျေးဇူးကို ပြောဆို ချီးကျူးပြီးလျှင် တောထွက်ကာ ရသေ့ရဟန်းပြု၍ တရားသဖြင့် ဆွမ်းကိုရှာမှီးလျက် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လာဘ်ရကြောင်းအကျင့်ကို ကဲ့ရဲ့သောလုလင်သည် - ယခုအခါ ကဲ့ရဲ့သောရဟန်း

ဆရာပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ရှက်, ကြောက်ဖျက်ပြန်၊ အရူးဟန်၊ တစ်တန်ကချေသွင်။

(၂) စည်းစိမ်, ဥစ္စာ၊ ဖြစ်ကြောင်းမှာ၊ မှတ်ပါဤလေးအင်။

(၃) ပညာရှိကား၊ သူတော်ကား၊ လားလားမလိုချင်။

လာဘဂရဟဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ