မာတိကာသို့ ခုန်သွားရန်

လဇ္ဇီ

ဝီကီပီးဒီးယား မှ

လဇ္ဇီ ဆိုသည်မှာ ပါဠိဘာသာစကားဖြစ်ပြီး (မကောင်းမှုဒုစရိုက်မှ) ရှက်ခြင်းရှိသူ၊ ရှက်တတ်သူဟု အဓိပ္ပာယ်ရသည်။ သက္ကတဘာသာဖြင့် လဇ္ဇိန် ဟု ခေါ်ဆိုကာ အမျိုးသမီးဖြစ်ပါက လဇ္ဇိနီ ဟု သုံးနှုန်းသည်။ ဗုဒ္ဓဘာသာကျမ်းဂန်များတွင် လဇ္ဇီပုဂ္ဂိုလ်ကို အရှက်အကြောက် (ဟိရိဩတ္တပ္ပ) ရှိသူ၊ သိက္ခာကို အလိုရှိသူအဖြစ် ဖွင့်ဆိုထားသည်။[]

လဇ္ဇီပုဂ္ဂိုလ် အမျိုးအစားများ

[ပြင်ဆင်ရန်]

ကျမ်းဂန်များတွင် လဇ္ဇီပုဂ္ဂိုလ်ကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားသည် -
၁။ သုတ်၊ အဘိဓမ္မာလာ လဇ္ဇီပုဂ္ဂိုလ်: ကာယဒုစရိုက် စသည်တို့မှ ရှက်တတ်သော လူ၊ ရှင်၊ ရဟန်းအားလုံးကို ဆိုလိုသည်။
၂။ ဝိနည်းလာ လဇ္ဇီပုဂ္ဂိုလ်: ရဟန်းသံဃာတော်များအတွင်း ဝိနည်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းသော ပုဂ္ဂိုလ်ကိုသာ ရည်ညွှန်းသည်။

လဇ္ဇီပုဂ္ဂိုလ်၏ အင်္ဂါရပ်များ (ဝိနည်းအရ)

[ပြင်ဆင်ရန်]

ဝိနည်းဒေသနာတော်အရ လဇ္ဇီပုဂ္ဂိုလ်တစ်ဦးတွင် အောက်ပါအင်္ဂါရပ် သုံးပါးနှင့် ပြည့်စုံရမည်ဖြစ်သည် -

  • သဉ္စိစ္စ အာပတ္တိံ နာပဇ္ဇတိ: သိလျက်နှင့် စေ့ဆော်သောစိတ်ဖြင့် အာပတ်ကို တမင်တကာ မကျူးလွန်ခြင်း။
  • အာပတ္တိံ န ပရိဂူဟတိ: အကယ်၍ မသိ၍ဖြစ်စေ၊ စိတ်ကို မချုပ်တည်းနိုင်၍ဖြစ်စေ အာပတ်သင့်ခဲ့ပါက ထိုအာပတ်ကို ဖုံးလွှမ်းလျှို့ဝှက်၍ နေ့ကူးအောင် မထားဘဲ ဒေသနာကြားခြင်း (ဖော်ထုတ်ဝန်ခံခြင်း)။
  • အဂတိဂမနဉ္စ န ဂစ္ဆတိ: ပစ္စည်းဘဏ္ဍာ ဝေဖန်ရာတွင်ဖြစ်စေ၊ အဆုံးအဖြတ်ပေးရာတွင်ဖြစ်စေ ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ ဟူသော အဂတိလေးပါးသို့ မလိုက်စားခြင်း။

လဇ္ဇီ နှင့် အလဇ္ဇီ ကွာခြားချက်

[ပြင်ဆင်ရန်]

လဇ္ဇီနှင့် ဆန့်ကျင်ဘက်မှာ အလဇ္ဇီ ဖြစ်သည်။ အလဇ္ဇီသည် သိလျက်နှင့် အာပတ်ကို ကျူးလွန်ခြင်း၊ အာပတ်ကို ဖုံးကွယ်ထားခြင်းနှင့် အဂတိလိုက်စားခြင်း စသည့် လက္ခဏာများ ရှိသည်။ ထူးခြားချက်မှာ လဇ္ဇီ သို့မဟုတ် အလဇ္ဇီ ဖြစ်ခြင်းသည် မျိုးရိုးအစဉ်အလာအရ ဖြစ်တည်နေခြင်းမဟုတ်ဘဲ စိတ်အစဉ် (စိတ္တက္ခဏ) အပေါ် မူတည်သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ထိုင်တည်းမှာပင် အာပတ်ကျူးလွန်က အလဇ္ဇီဖြစ်နိုင်ပြီး၊ ထိုအာပတ်ကို နောင်တရ၍ ဒေသနာကြားကာ ရှောင်ကြဉ်ရန် ဆုံးဖြတ်ပါက လဇ္ဇီပြန်ဖြစ်နိုင်သည်။

ဒုဿီလနှင့် ခွဲခြားခြင်း

[ပြင်ဆင်ရန်]

အာပတ်သင့်ရုံမျှဖြင့် ဒုဿီလ (သီလမရှိသူ) ဟု မခေါ်ဆိုနိုင်ပါ။ ဒုဿီလ ဟူသည်မှာ ပါရာဇိက အာပတ်ကျရောက်၍ ရဟန်းအဖြစ်မှ ဆုံးရှုံးသွားသော်လည်း "ငါသည် ရဟန်းဖြစ်သည်" ဟု ပဋိညာဉ်ခံကာ ရဟန်းကောင်းများအတိုင်း နေထိုင်သူကိုသာ ဆိုလိုသည်။ ပါရာဇိကမှ ကြွင်းသော အာပတ်များ သင့်နေသူကို အလဇ္ဇီဟုသာ ခေါ်ဆိုသင့်သည်။

သာသနာတော်အတွက် အရေးပါပုံ

[ပြင်ဆင်ရန်]

"ဝိနည်းတည်မှ သာသနာတည်မည်" ဟု ဆိုရာတွင် ထိုဝိနည်းသည် လဇ္ဇီပုဂ္ဂိုလ်များ၏ သန္တာန်၌ တည်ရှိမှသာ သာသနာတော် တည်တံ့နိုင်မည်ဖြစ်သည်။ အလဇ္ဇီပုဂ္ဂိုလ်များ ထောင်သောင်းချီ ရှိနေသော်လည်း သာသနာမထွန်းကားနိုင်ဘဲ လဇ္ဇီပုဂ္ဂိုလ် ငါးယောက်မျှ ရှိနေလျှင်ပင် သာသနာတော် တည်တံ့ထွန်းကားနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဒါယကာများအနေဖြင့် အလဇ္ဇီပုဂ္ဂိုလ်များကို မချီးမြှောက်ဘဲ လဇ္ဇီပုဂ္ဂိုလ်များကိုသာ ချီးမြှင့်ထောက်ပံ့ရန် ကျမ်းဂန်များက တိုက်တွန်းထားသည်။

လဇ္ဇီရဟန်းမြတ်တို့ ကျင့်ဆောင်အပ်သော အချက်များ

[ပြင်ဆင်ရန်]

လဇ္ဇီရဟန်းကောင်းတစ်ဦး ဖြစ်စေရန် အောက်ပါအချက်များကို ကျင့်ကြံသင့်သည် -
၁။ ဝိနည်း၌ ကျစ်ကျစ်လျစ်လျစ်ရှိခြင်း။
၂။ ဖြောင့်မတ်ခြင်း။
၃။ စိတ်ကောင်းရှိခြင်း။
၄။ ဆုံးမလွယ်ခြင်း။
၅။ သိမ်မွေ့ခြင်းနှင့် မာနမရှိခြင်း။
၆။ လာဘ်လာဘကို မတောင့်တဘဲ ရှိသမျှနှင့် တင်းတိမ်ခြင်း။
၇။ အစဉ်သဖြင့် ငြိမ်သက်တည်ကြည်သော ဣန္ဒြေရှိခြင်း။
၈။ ပညာရှိတို့ ကဲ့ရဲ့စရာ အသေးအဖွဲကိုပင် ရှောင်ကြဉ်ခြင်း။

အတိုချုပ်အားဖြင့် လဇ္ဇီပုဂ္ဂိုလ်ဆိုသည်မှာ မိမိ၏ အမှားကို ဝန်ခံရဲသော အရှက်အကြောက်တရားရှိပြီး၊ မြတ်စွာဘုရားရှင်၏ ပညတ်ချက်များကို အသက်ထက်ဆုံး တန်ဖိုးထား စောင့်ထိန်းသူကို ဆိုလိုသည်။[]

ဆက်လက်ဖတ်ရှုရန်

[ပြင်ဆင်ရန်]


ကိုးကား

[ပြင်ဆင်ရန်]
  1. လဇ္ဇီ (တိ) [လဇ္ဇ + ဏီ။ လဇ္ဇာ + ဤ။ ဒီ၊ဋ္ဌ၊၁၊၆၉။ မ၊ဋ္ဌ၊၂၊၁၁၀။ ဒီ၊ဋီ၊၃၊၁၇၆။ ထီ-၌ လဇ္ဇိနီ။ လဇ္ဇိန်-သက္ကတပိဋက။] (၁) အရှက်ရှိသူ၊ (မကောင်းမှုဒုစရိုက်မှ) ရှက်ခြင်းရှိသူ၊ ရှက်တတ်သူ။ (၂) အရှက်အကြောက်ရှိသူ၊ (မကောင်းမှုဒုစရိုက်မှ) ရှက်-ကြောက်-ခြင်းရှိသူ။ သမဏော ဂေါတမော နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ။ ဒီ၊၁၊၄။ (-မ၊၁၊၂၃၇။ အံ၊၁၊၂၁၁။ အဘိ၊ပု၊၁၆၆)။ လဇ္ဇီတိ ပါပဇိဂုစ္ဆနလက္ခဏာယ လဇ္ဇာယ သမန္နာဂတော။ ဒီ၊ဋ္ဌ၊၁၊၆၉။ မ၊ဋ္ဌ၊၂၊၁၁၀။ အံ၊ဋ္ဌ၊၂၊၁၉၇။ အဘိ၊ဋ္ဌ၊၃၊၈၆။ (-ဝိ၊ဋ္ဌ၊၁၊၇၇။ သာရတ္ထ၊၁၊၁၈၉)။ လဇ္ဇီ ကုက္ကုစ္စကော သိက္ခာကာမော (ဟောတိ)။ ဝိ၊၄၊၂၀၊ ၄၃။ ဒီ၊ဋ္ဌ၊၃၊၁၆၃။ လဇ္ဇတီတိ လဇ္ဇီ၊ ဟိရိမာ။ ဒီ၊ဋီ၊၃၊၁၇၆။ (-ဝိ၊၂၊၂၇၅၊ ၄၄၀။ ဝိ၊ဋ္ဌ၊၁၊၂၃၉)။ (၂) သဗ္ဗတ္ထသံဝုတော လဇ္ဇီ၊ ရက္ခိတောတိ ပဝုစ္စတိ။ သံ၊၁၊၇၃။ လဇ္ဇီတိ ဟိရိမာ။ လဇ္ဇဂဟဏေန စေတ္ထ ဩတ္တပ္ပမ္ပိ ဂဟိတမေဝ ဟောတိ။ သံ၊ဋ္ဌ၊၁၊၁၂၈။ (-ဒီ၊ဋီ၊၁၊၁၁၆။ သီ၊ဋီ၊သစ်၊၁၊၃၂၈)။(လဇ္ဇီ-သဒ္ဒါသည် ရှက်တတ်သူ သာမန်ကို ဟောငြားသော်လည်း ဘုရားရှင်၏ အလိုတော်အားဖြင့်ကား ရှက်သင့်သော ကာယဒုစရိုက် စသည်တို့မှ ရှက်သောသူကိုသာ “လဇ္ဇီ”ဟု ဟောကြားတော်မူသည်။ ထိုလဇ္ဇီပုဂ္ဂိုလ်သည်လည်း (၁) သုတ်၊ အဘိဓမ္မာတို့၌ လာသော လဇ္ဇီပုဂ္ဂိုလ်။ (၂) ဝိနည်း၌လာသော လဇ္ဇီပုဂ္ဂိုလ်ဟူ၍ ၂-မျိုးရှိသည်။ ထိုတွင် သုတ်၊ အဘိဓမ္မာတို့၌ ကာယဒုစရိုက် စသည်တို့မှ ရှက်တတ်သောလူ၊ ရှင်၊ ရဟန်းကို “လဇ္ဇီ” ဟု ဟောတော်မူ၍ ဝိနည်း၌ကား စေတနာနှင့်တကွ စေ့ဆော်၍ အာပတ်သို့လည်း မရောက်သင့်ရောက်အပ်ပြီးသော အာပတ်ကိုလည်း မလျှို့ဝှက်၊ အဂတိလေးပါးသို့လည်း မလားရောက်သော ရဟန်းကိုသာ “လဇ္ဇီ” ဟု ဟောတော်မူသည်။ ဝိ၊၅၊၂၇၉။ ဒီ၊၁၊၄။ မ၊၁၊၂၃၇။ သံ၊၁၊၇၃။ အဘိ၊ပု၊၁၆၆။ ဝိ၊ဋ္ဌ၊၃၊၁၄၂။ ဒီ၊ဋ္ဌ၊၁၊၆၉။ မ၊ဋ္ဌ၊၂၊၁၁၀။ သံ၊ဋ္ဌ၊၁၊၁၂၈။ အံ၊ဋ္ဌ၊၂၊၁၉၇။ အဘိ၊ဋ္ဌ၊၃၊၈၆။ ဓမ္မ၊ဋ္ဌ၊၂၊၃၀၅။) လဇ္ဇီအနုဂ္ဂဟ (ပု) [လဇ္ဇီ + အနုဂ္ဂဟ] လဇ္ဇီပဂ္ဂဟ-ကြည့်။ အပိ စ ခေါ အနာပတ္တိသညိတာယ လဇ္ဇီအနုဂ္ဂဟေန ဝိနယာနုဂ္ဂဟေန ထေရော ပန္နော။ ဝိ၊ဋ္ဌ၊၁၊၃၄၄။
  2. လယ်တီဆရာတော် (သာသနာ ၂၅၅၀၊ ကောဇာ ၁၃၆၈၊ ခရစ် ၂၀၀၆ (ဒုတိယအကြိမ်))။ မုံရွာမြို့ ကျမ်းပြုအကျော် ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး ပြုစုရေးသားတော်မူသော ဓမ္မဒီပနီ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)