ရွှေဂူကြီးဘုရား (ပုဂံ)

ဝီကီပီးဒီးယား မှ
(ရွှေဂူကြီးဘုရား မှ ပြန်ညွှန်းထားသည်)
ရွှေဂူကြီးဘုရား
  • စေတီပုထိုးအမှတ် = ၁၅၈၉/၉၀၁−က

ရွှေဂူကြီးဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ရွှေဂူကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီး ဖြစ်ပြီး အေဒီ(၁၁၃၁) တွင် အလောင်းစည်သူမင်း အေဒီ (၁၁၁၃- ၁၁၆၃)တွင် တည်ခဲ့ပြီး ပိဋကတ်တိုက်၏ အနောက်ဘက်၌ ရှိသည်။ အလောင်းစည်သူ မင်းသည် ပုဂံထီးနန်းကို ဆက်ခံ ပြီးနောက် ရဟန်း သံဃာတော်များနှင့် ညှိနှိုင်း တိုင်ပင်ကာ သာဝတ္တိပြည်၊ ဇေတဝန် ကျောင်းရှိ ဂန္ဓကုဋီ တိုက်တော်ပုံစံကို အတုယူ၍ နန်းဦးတွင် စေတီတည်ကာ ရွှေဂူကြီးဘုရားဟု အမည်ပေးခဲ့သည်။ အလောင်း စည်သူ ထီးနန်းရရှိ ပြီးနောက် ရှေးဦးစွာ တည်သည့် ဘုရားဖြစ်၍ အလောင်းစည်သူ မင်းအား ရွှေဂူဒါယကာ ဟု ခေါ်ကြ သည်။

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]

ဂူဘုရားသည် စင်္ကြပလ္လင်မြင့် အထက်တွင် တည်ရှိ၍ မြောက်ဘက်သို့ မုခ်လှည့်ထားသည်။ စင်္ကြပလ္လင်မြင့်ကို လျှောက်ကြည့်ပါက တောင်ဘက်၌ ရှိခိုးနေဟန် နတ်ရုပ်များနှင့် စိန်တန်းအင်္ဂတေ လက်ရာကောင်းများကို တွေ့ရပေလိမ့်မည်။ ထို့အတူ မုခ်တံကဲ၊ တိုင်ထောင့်ပန်း၊ တိုင်းဖုံးပန်းလက်ရာများကိုလည်း တင့်တယ်ပြေပြစ်စွာ တွေ့ရပေလိမ့်မည်။ ဂူဘုရားသို့ အနောက်မြောက်ထောင့်ရှိ လှေကားငယ်ဖြင့် တက်နိုင်သည်။ ထိုအခါ အာရုံခံနှင့် ဗဟိုမဏ္ဍိုင် ပတ်စင်္ကြများသို့ ရောက်သည်။ ရွှေဂူကြီး ဘုရားတွင် အင်္ဂတေပန်း၊ အင်္ဂတေ ဖြင့် ပြုလုပ်ထားသော ရုပ်ပုံအမျိုးမျိုး၊ ဘီလူး ပန်းဆွဲ၊ မုခ်တံကဲ၊ စဉ့်ကွင်းအချို့ နှင့် နံရံပေါင်းကူး (မုခ်ခုံး) များကို လေ့လာနိုင်သည်။

ရွှေဂူကြီးဘုရားကျောက်စာ[ပြင်ဆင်ရန်]

ဝင်ပေါက် ဝဲယာနံရံတွင် ကပ်ထားသော ကျောက်စာနှစ်ချပ်ရှိသည်။ ရွှေဂူကြီးဘုရားရှိ ကျောက်စာ အရ အလောင်းစည်သူမင်းသည် မြေမှ ပေါက်တက် လာသကဲ့သို့ တင့်တယ် သပ္ပါယ်သော ဤဂန္ဓကုဋီတိုက် ဖြစ်သော ရွှေဂူကို တည်ထားကြောင်း နှင့် ဤရွှေဂူကို (၁၉) ဧပြီ (၁၁၃၁) တွင် စတင်တည်ပြီး (၁၆) ဒီဇင်ဘာ (၁၁၃၁) တွင် ပြီးစီး ကြောင်း ဖော်ပြထားသည်။ ရွှေဂူကြီး ကျောက်စာကို ပါဠိဘာသာ ဂါထာ (၁၀၀) ဖြင့် ရေးထိုး ထားပြီး အဆုံးတွင် သင်္သကရိုက် ဘာသာဖြင့် ရေးထိုးထားသည်။ အလောင်းစည်သူမင်းကြီး နိဗ္ဗာန်ဆုတောင်းခဲ့သည်ကို ပါဠိဘာသာဖြင့် ကျောက်စာထိုးခဲ့လေသည်။ ကောတ်နုတ် ဘာသာပြန်ရသော်

သံသရာရေလျဉ်ကို ကျော်ဖြတ်၍ တံတားခင်း
ပြီးလျှင် သတ္တဝါအပေါင်းအား နိဗ္ဗာန်ရွှေပြည်
အရောက် ကူးမြောက်ကျော်လွန်စေပါအံ့။
မိမိကိုယ်တိုင် နိဗ္ဗာန်သောင်ကို တက်လှမ်းရသည်
ရှိသော် သံသရာရေလျဉ်၌ နစ်မွန်းနေကြ
ကုန်သည့်သတ္တဝါတို့ကိုလည်း ဖေးကူတက်
လှမ်းစေပါအံ့။ မိမိကိုယ်တိုင် နှစ်သိမ့်စေအပ်
သည်ရှိသော် ထိတ်လန့် ချောက်ချားနေသူတို့ကို
အတုံ့အလှည့် နှစ်သိမ့်ပါလေအံ့။ နိုးကြား
လေဘိတရားကို မြင်သိသောအခါ အိပ်မောကျ
နေသူတို့ကို နိုးကြားစေပါအံ့။
လောင်မြိုက်ခြင်းမှ ကင်းလွတ်ငြိမ်းအေးသည်
ရှိသော် တစ်ပါးသူတို့ကိုလည်း ကိလေသာ မီးတို့မှ
ကယ်တင်ငြိမ်းအေးစေပါအံ့။ အနှောင် အဖွဲ့မှ
လွတ်သော တစ်ပါးသူတို့ကိုလည်း အလားတူ
ကင်းလွတ်စေပါအံ့။ မြတ်သော တရား၏ အညွန်
အကြားဖြင့် အမျက်ဒေါသကို ကင်းဝေးငြိမ်း
အေးစေပါအံ့။ [၁]

အလောင်းစည်သူမင်းကြီး၏ ဘဝနိဂုံး[ပြင်ဆင်ရန်]

ရာဇဝင်ကျမ်းများ၏ အဆိုအရ အလောင်းစည်သူမင်းကြီး၏ ဘဝနိဂုံးသည်လည်း ထိုဂူဘုရားနှင့် ဆက်စပ်နေသည်။ အလောင်းစည်သူ မင်း၏သား နရသူသည် ဖခင် မကျန်းမမာ ဖြစ်နေစဉ် ဖခင်အား ရွှေဂူကြီး ဘုရား အတွင်းသို့ ရွှေ့ပြောင်းထားပြီး နောက်ပိုင်းတွင် အဝတ်ဖြင့် ဖိသတ်ခဲ့သည်။ ထို့ကြောင့် ရွှေဂူ ဒါယကာ အလောင်းစည်သူ မင်းသည် မိမိ၏ ကောင်းမှုတော် ရွှေဂူကြီးဘုရား အတွင်းတွင် နတ်ရွာစံခဲ့ရသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ