ရာဇကုမ္ဘဇာတ်

ဝီကီပီးဒီးယား မှ

စတုက္ကနိပါတ် - ၅။ စူဠကုဏာလဝဂ် -(၃၄၅) ရာဇကုမ္ဘဇာတ်။ ။ တစ်နေ့ တစ်နေ့ လက်တစ်သစ် လက်နှစ်သစ်ခန့်သာ သွားလေ့ရှိသော ရာဇကုမ္ဘငပျင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

လုံ့လမရှိ ပျင်းရိဘိ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား ရဟန်းတစ်ပါးသည် သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြုပါလျက် လုံ့လမရှိ ပျင်းရိလေ၏။

ထိုရဟန်းသည် ပါဠိသင်ခြင်း၊ အဋ္ဌကထာ သင်ခြင်း၊ အသင့်အတင့် နှလုံးသွင်းခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုခြင်း စသည်တို့၌ လုံ့လမပြုကြဘဲ နီဝရဏတရားဆိုးတို့ နှိပ်စက်သာ ကရိယာပုတ် လေးပါးတိ်ု့၌ ပျင်းရိ၍ အချိန်ကုန်စေ၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါ၌သာ ပျင်းရိသည် မဟုတ်၊ ရှေးအခါ၌လည်း ပျင်းရိဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဥယျာ်ပျော်မွေ့ လူပျင်းတွေ့[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ ပညာရှိအမတ် ဖြစ်လေ၏။ မင်းကြီးသည် ပျင်းရိသော သဘောရှိ၏။ ပညာရှိအမတ်သည် မင်းကြီးကို သိစေမည်ဟု အကြောင်းဥပါယ်တစ်ခုကို ရှာလျက်နေ၏။

တစ်နေ့သ၌ မင်းကြီးသည် ဥယျာဉ်တော်သို့သွား၍ အမတ်အပေါင်း ခြံရံလျက် လှည့်လည်သည်ရှိသော် ရာဇကုမ္ဘ မည်သော ပျင်းရိသော သူတစ်ယောက်ကို မြင်လေ၏။ ထိုရာဇကုမ္ဘာကား ပျင်းရိလှ၍ တစ်နေ့လုံးသွားသော်လည်း လက်တစ်သစ်၊ နှစ်သစ်မျှသာ သွားလေ၏။ မင်းကြီးသည် ထိုလူပျင်းကိုမြင်လျှင် “ပညာရှိ ... ဤသူကား အဘယ်သူနည်း” ဟု မေး၏။ “မြတ်သော မင်းကြီး ... ရာဇကုမ္ဘာမည်ပါ၏၊ ပျင်းရိခြင်းသဘောရှိ၏၊ တစ်နေ့လုံး သွားသော်လည်း ပျင်းရိလှ၍ လက်တစ်သစ်၊ နှစ်သစ်သာ သွားလေ့ရှိပါ၏” ဟု လျှောက်ထားလေ၏။

ထိုအခါ မင်းကြီးသည် ထိုရာဇကုမ္ဘာကို -

မင်းကြီးစစ်ဆေး လူပျင်းမေး[ပြင်ဆင်ရန်]

“ပျင်းရိလှသောအချင်း ရာဇကုမ္ဘာ ... သင်ကား လုံ့လမရှိ နှေးကန်လှစွာ၏၊ အကယ်၍ မီးလောင်လာပါမူ သင် အဘယ်သို့ ပြုမည်နည်း” –

ဟု မေးလေ၏။ ရာဇကုမ္ဘာသည် မင်းကြီး စကားကို ကြားလျှင် -

“အရှင်မင်းကြီး ... များစွာသော သစ်ခေါင်းနှင့် ထူးတွင်းပေါင်တို့ ရှိပါကုန်၏၊ ထိုသစ်ခေါင်းနှင့် ထူးတွင်းပေါက်သို့ မရောက်နိုင်ခဲ့ပါမူ ငါတို့အား သေခြင်းသည် ဖြစ်ရပေလိမ့်မည်” –

ဟု မင်းကြီးအား လျှောက်ထားလေ၏။

ပညာရှိအမတ်သည် ရာဇကုမ္ဘ စကားကို ကြားပြန်လျှင် -

ပညာရှိဆုံးမ မင်းသတိရ[ပြင်ဆင်ရန်]

“အချင်း ရာဇကုမ္ဘ ... ဖြည်းညင်းစွာ ပြုရမည့်အခါ၌ လျင်မြန်စွာပြုသူ၊ လျင်မြန်စွာ ပြုရမည့်အခါ၌ ဖြည်းညင်းစွာ ပြုသူတို့ကား သစ်ရွက်ခြောက်ကို နင်း၍ ဖျက်ဆီးသကဲ့သို့ မိမိ အကျိုးစီးပွားကို ဖျက်ဆီးတတ်ကုန်၏ ”

“အချင်း ရာဇကုမ္ဘ ... ဖြည်းညင်းစွာ ပြုရမည်အခါ၌ ဖြည်းညင်းစွာပြုသူ၊ လျင်မြန်စွာ ပြုရမည့်အခါ၌ လျင်မြန်စွာ ပြုသူတို့ကား လဆန်းသည်မှစ၍ လသည် တဖြည်းဖြည်း ပြည့်ဖြိုးလာသကဲ့သို့ အကျိုးစီးပွားသည် ပြည့်ဖြိုးလာကုန်၏” –

ဟု မင်းကြီးအား လျှောက်ထား၏။ မင်းကြီးသည် ပညာရှိအမတ် စကားကို ကြားသောအခါမှစ၍ မပျင်းမရိ လုံ့လရှိတော်မူ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရာဇကုမ္ဘာသည် - ယခုအခါ ပျင်းရိသော ရဟန်း။

ပညာရှိအမတ်သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဖြည်းညင်းပြုရာ၊ လျင်မြန်စွာ၊ လျင်ရာဖြည်းညင်းသူ။

(၂) ရွက်ခြောက်နင်းလား၊ ကျိုးစီးပွား၊ မမှားပျက်၏ဟူ။

(၃) ဖြည်းညင်းပြုရာ၊ ဖြည်းညင်းစွာ၊ လျင်ရာလျင်ပြုသူ။

(၄) လပြည့်အလား၊ ကျိုးစီးပွား၊ မမှားပြည်ဖြိုးဟူ။

ရာဇကုမ္ဘဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ