ရထလဋ္ဌိဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
စတုက္ကနိပါတ် - ၄။ ကောကိလဝဂ် -(၃၃၂) ရထလဋ္ဌိဇာတ်။ ။ ပုရောဟိတ်သည် လှည်းသမားကို နှင်တံဖြင့် ရိုက်နှက်ရာ ရထားဦးကို ခတ်မိပြီးမှ မိမိ နဖူးကို ပြန်လည် ခတ်မိပါလျက် မင်းထံ လှည်းသမားအား တရားစွဲဆိုရာ မဆင်မခြင် တစ်ဖက်သက် အပြစ်ဒဏ်ပေးသော မင်းအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ပုရောဟိတ်မာန်သုံး တရားရှုံး
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားသည် မိမိစားသော ရွာသို့ ရထားဖြင့် သွားသည်ရှိသော် ကျဉ်းမြောင်းသော လမ်းခရီးဝယ် လှည်းတ်စစီးနှင့် ရင်ဆိုင်ဆုံမိလေ၏။
ထိုအခါ ပုရောဟိတ်သည် လှည်းကို အဖယ်ခိုင်းရာ ရုတ်တရက် မဖယ်နိုင်သဖြင့် အမျက်ထွက်၍ နှင့်တံခြင်း ရိုက်ရာ ရှေ့ဆုံးလှည်းဝယ် လှည်းမောင်းသမား မျက်စိကို ရိုက်မိပြီးလျှင် ရထားဦးကိုလည်း ရိုက်မိပြန်ကာ တစ်ဖန် ပုရောဟိတ်၏ နဖူးကို ရိုက်မိပြန်၏။ ထိုအခါ ပုရောဟိတ်နဖူး၌ ဖူးရောင်၍ ထလေ၏။
ပုရာဟိတ်သည် ပြန်၍ မိမိကို လှည်းသမား ရိုက်နျက်ကြောင်း မင်းကြီးအး လျှောက်ထားလေ၏။ မင်းကြီးသည် လှည်းသမားကို ခေါ်၍ စစ်မေးလတ်သော် လှည်းသမား၌ အပြစ်မရှိ၊ ပုရောဟိတ်၌သာ အပြစ်ရှိလေ၏။
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ပုရောဟိတ်နှင့် လှည်းသမား တရားဖြစ်ကြရာ ပုရောဟိတ် ရှုံးကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဤပုရောဟိတ်သည် ယခုအခါ၌သာ ဤသို့သောအမှုကို ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ပုဏ္ဏားလှည့်စား ဆုံးဖြတ်မှား
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဥသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ တရားဆုံးဖြတ်သော အမတ်ဖြစ်လေ၏။
ထိုအခါ ပုရောဟိတ်သည် မိမိ စားရသော ရွာသို့ ရထားဖြင့်သွားသည်ရှိသော် ကျဉ်းမြောင်းသော လမ်းခရီးဝယ် လှည်းနှင့်ရင်ဆိုင်မိရာ အဖယ်ခိုင်း၍ မရသဖြင့် အမျက်ထွက်၍ နှင်တံဖြင့်ရိုက်ရာ လှည်းသမား၏ မျက်စိနှင့် ရထားဦးကို ရိုက်မိပြီးမှ နဖူးကို ရိုက်မိပြန်ကာ ဖူးဖူးရောင်၍ ထလေ၏။
ပုရောဟိတ်သည် ပြန်လာ၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထား၏။ မင်းကြီးသည် ကိုယ်တိုင် တရားဆုံးဖြတ်သော နေရာ၌နေ၍ လှည်းသမားကို ခေါ်စေပြီးလျှင် အမှုကို မစစ်ဆေး မစုံစမ်းဘဲ သင်သည် ပုရောဟိတ်နဖူးကို ရိုက်သဖြင့် ဖူးဖူးရောင်စေသည် ဆို၍ လှည်းသမား၏ ပစ္စည်းဥစ္စာ အလုံးစုံကို သိမ်းယူစေဟု တစ်ဖက်သတ် ဆုံးဖြတ်ချက်ချလေ၏။
ပညာရှိလျှောက်မှ တရားမှန်ကျ
[ပြင်ဆင်ရန်]ထိုအခါ တရားဆုံးဖြတ်သော အမတ်သည် မင်းကြီး၏ ဆုံးဖြတ်ချက်ကို ကြားလျှင် တရားနည်းလမ်း မကျသည်ကို သိ၍ -
“မြတ်သောမင်းကြီး ... လောက၌ အချို့သူတို့သည် စင်စစ် မိမိတို့ကိုယ်ကိ မိမိတို့ပင် ရိုက်နှက်၍ သူတစ်ပါးရိုက်နှက်သည်ဟု ပြောဆိုတတ်ပါ၏၊ မိမိက အောင်နိုင်ပါလျက် သူတစ်ပါး အောင်နိုင်သည်ဟု ပြောဆိုတတ်ပါ၏၊ စင်စစ် တရားလို ပြောဆိုသောစကားကို မယုံကြည်ထိုက်ပါ။
ထိုကြောင့် ပညာရှိတို့ သဘောမှာ တရားခံ ပြောဆိုသော စကားကိုလည်း နားထောင်ရာ၏၊ တရားလို တရားခံ နှစ်ဦးတို့ စကားကို နားထောင်ပြီး၍ တရားနည်းလမ်း ကျနအောင် ဆုံးဖြတ်ရာ၏” –
“မြတ်သောမင်းကြီး ... ကာမစည်းစိမ် ခံစားသူသည် ပျင်းရိလျှင် မကောင်း၊ ရသေ့ရဟန်းသည် ဣန္ဒြေကို မစောင့်ရှောက်လျှင် မကောင်း၊ မင်းသည် မစူးစမ်း မဆင်ခြင်ဘဲပြုလျှင် မကောင်း၊ ပညာရှိသည် အမျက်ထွက်လျှင် မကောင်း” –
“မြတ်သောမင်းကြီး .... မင်းမည်သည် စူးစမ်းဆင်ခြင်၍ ပြုရာ၏၊ မစူးစမ်း မဆင်ခြင်ဘဲ မပြုရာ၊ စူးစမ်း ဆင်ခြင်၍ ပြုသော မင်းအား စည်းစိမ် အခြံအရံ အကျော်အစောသည် တိုးပွား၏” –
ဟု မင်းကြီးအား အကျိုးအကြောင်းပြကာ တရားဟောလေ၏။ မင်းကြိးလည်း တရားဆုံးဖြတ်သော အမတ်စကားကို ကြားလျှင် တရားလို တရားခံ နှစ်ဦးလုံးတို့၏ အဖြစ်အပျက် မေးမြန်စိစစ်ကာ တရားနည်းလမ်း ကျနစွာ ဆုံးဖြတ်လတ်သော် ပုရောဟိတ်အားသာလျှင် အပြစ်ရ၍ ရှုံးလေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ပုဏ္ဏားသည် - ယခုအခါလည်း ပုဏ္ဏား။
ပညာရှိအမတ်သည် - ငါဘုရားဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) တရားဘက်များ၊ ဆိုစကား၊ မှတ်သားနာယူရာ။
(၂) ဆင်ခြင်စူးစမ်း၊ တရားလမ်း၊ ဖြောင့်တန်းဆုံးဖြတ်ပါ။
(၃) စည်းစိမ်ခံစား၊ လူတို့ကား၊ ပျင်းငြားမကောင်းပါ။
(၄) ရဟန်းဖြစ်လည်း၊ မစောင့်စည်း၊ ချည်းနှီးမကောင်းပါ။
(၅) မင်းမြတ်ဘုရင်၊ မဆင်ခြင်၊ ပြုလျှင်မကောင်းပါ။
(၆) ပညာရှိလျက်၊ အမျက်ထွက်၊ သက်သက်မကောင်းပါ။
ရထလဋ္ဌိဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။