ရတ္တန္ဓကာရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—အမှောင်ထဲ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းနေမှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]

ရှင်မဘဒ္ဒါ၏ တပည့်[ပြင်ဆင်ရန်]

ဘဒ္ဒါကာပိလာနီ၏ တပည့်မ ဘိက္ခုနီနှင့် ဆွေမျိုးတော် စပ်သော ယောက်ျား တစ်ယောက်သည် ရွာငယ်တစ်ခုမှ သာဝတ္ထိသို့ ကိစ္စတစ်စုံတရာအတွက် ရောက်နေ၏၊ ထိုဘိက္ခုနီသည် ထိုယောက်ျားနှင့်အတူ အရောင်အလင်းမရှိသော မှောင်အတွင်း တစ်ယောက်ချင်းစကားပြောနေသည်ကို အခြားဘိက္ခုနီတို့ မြင်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ရတ္တန္ဓကာရေ အပ္ပဒီပေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အပြင်ဘိက္ခုနီသည် ဆိမီးမရှိသော ညမှောင်မိုက်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

“ပဒီပ”အရ ရေနံဆီ ဓာတ်ဆီတို့ဖြင့် ထွန်းထားသော ဆီမီး ဓာတ်မီးကိုသာ ယူရိုးရှိသော်လည်း ဤသိက္ခာပုဒ်၌ အလင်းရောင်ရှိ-မရှိသာ လိုရင်းဖြစ်သောကြောင့် လရောင် နေရောင်နှင့် မီးဖိုမှ မီးရောင်များကိုလည်း “ဒီပ”အရ၌ ယူရသည်။ အပ္ပဒီပေတိ-ဒီပ စန္ဒ သူရိယ အဂ္ဂီသု ဧကေနာပိ အနောဘာသိတေ”အဋ္ဌကထာ။ [ဤအဖွင့်ကို ထောက်၍ “သမ္မဇ္ဇနီ ပဒီပေါစာ”ကဲ့သို့ ပဒီပလာသမျှ၌ ယူပါလေ၊]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး