ယမိုက်ပြာဋိဟာ

ဝီကီပီးဒီးယား မှ
(ယမကပါဋိဟာရိယ မှ ပြန်ညွှန်းထားသည်)

ယမကပါဋိဟာရိယ = ရေ မီး အစုံစုံ တန်ခိုးပြာဋိဟာ

ကဏ္ဍမ္ဗ = ကဏ္ဍ + အမ္ဗ = ကဏ္ဍ အမည်ရှိသော ဥယျာဉ်မှူး + ကြဲချ စိုက်ပျိုးအပ်သော သရက်ပင်။ ကောသလမင်းကြီး၏ ဥယျာဉ်မှူးကား ကဏ္ဍ အမည် ရှိလေသည်။ ထိုဥယျာဉ်မှူး မောင်ကဏ္ဍက အနံ့ အရသာနှင့်ပြည့်စုံသော ရွက်ပုံးသီး သရက်သီး တစ်လုံးကို ရရှိသောအခါ ထိုသရက်သီးကို ဘုရားရှင်အား ဆက်ကပ် လှူဒါန်းပူဇော်လေသည်။ အရှင်အာနန္ဒာမထေရ်မြတ်က ယင်းသရက်သီးကို အဖျော်ပြုလုပ်ကာ ဘုရား ရှင်အား ဆက်ကပ်တော်မူလေသည်။ ထို ဥယျာဉ်မှူး မောင်ကဏ္ဍအား ထို သရက်စေ့ကို ဘုရားရှင်က အဖျော်ယမကာကို ဘုဉ်းပေးတော်မူရာ လမ်းခုလတ် တစ်နေရာမှာပင် ကြဲချစိုက်ပျိုးစေလေသည်။

တစ်ခဏချင်းအတွင်းမှာပင် အတောင် (၅၀)ခန့် မြင့်၍ သရက်ကိုင်း တစ်ကိုင်းတစ်ကိုင်းတွင် အတောင် (၅၀)ခန့် ရှည်သော အကိုင်းအခက် အရွက် အသီးတို့ဖြင့် ပြည့်နှက်နေသော သရက်ဖြူပင်ကြီး ဖြစ်လာလေသည်။ ထိုကဏ္ဍမ္ဗ သရက်ဖြူပင်ရင်းကို အခြေခံကာ ဘုရားရှင်သည် ယမကပါဋိဟာရိယ (= ရေမီးအစုံအစုံ တန်ခိုး ပြာဋိဟာ)ကို ပြတော်မူလေသည်။ ရှေးဦးစွာ အလွန် ကြီးမားသော ရတနာစင်္ကြံတော်ကြီးကို ကောင်းကင်တွင် ဖန်ဆင်းတော်မူလိုက်၏။ အဘိညာဏ်စတုတ္ထစျာန်ဖြင့် ကောင်းကင်သို့ ပျံတက်တော်မူ၏။ မီးအလျှံ ထွက်ဖို့ရန် တေဇောကသိုဏ်းလျှင် အာရုံ ရှိသော တေဇောကသိဏစျာန်သမာပတ်ကို ဝင်စားတော်မူရ၍ ရေအယဉ် တသွင်သွင် စီးထွက်ဖို့ရန် အာပေါကသိုဏ်း လျှင် အာရုံရှိသော အာပေါကသိဏစျာန်သမာပတ်ကို ဝင်စားတော်မူကာ ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူလေသည်။ အဘိညာဏ် ဝင်စားမှု စွမ်းအား က အလွန်လျင်မြန်သောကြောင့် ရေနှင့် မီးတို့သည် အစုံလိုက် အစုံလိုက် ပြိုင်တူထွက်နေသည်ဟု ဖူးမြင် ရသူတို့၏ စိတ်တွင် တွေ့မြင်နေရပေသည်။

(၁) အထက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အောက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင် စီးလျက်ရှိ၏။ တစ်ဖန် အောက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အထက်ပိုင်း ကိုယ်တော်မှ ရေအယဉ် တသွင်သွင် စီးလျက်ရှိ၏။

(၂) ရှေ့ဖြစ်သော ရူပကာယတော်မှ မီးအလျှံ၊ နောက်ဖြစ်သော ရူပကာယတော်မှ ရေအယဉ်။ တစ်ဖန် နောက်ဖြစ်သော ရူပကာယတော်မှ မီးအလျှံ၊ ရှေ့ဖြစ်သော ရူပကာယတော်မှ ရေအယဉ်။

(၃) လက်ျာမျက်လုံးတော်မှ မီးအလျှံ၊ လက်ဝဲမျက်လုံးတော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲမျက်လုံးတော်မှ မီးအလျှံ၊ လက်ျာမျက်လုံးတော်မှ ရေအယဉ်။

(၄) လက်ျာနားတွင်းတော်မှ မီးအလျှံ၊ လက်ဝဲနားတွင်းတော်မှ ရေအယဉ်၊ တစ်ဖန် လက်ဝဲနားတွင်းတော်မှမီးအလျှံ၊လက်ျာနားတွင်းတော်မှ ရေအယဉ်။

(၅) လက်ျာ နှာခေါင်းပေါက်တော်မှ မီးအလျှံ၊ လက်ဝဲ နှာခေါင်းပေါက်တော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲ နှာခေါင်းပေါက်တော်မှ မီးအလျှံ၊ လက်ျာ နှာခေါင်းပေါက်တော်မှ ရေအယဉ်။

(၆) လက်ျာပခုံးတော်မှ မီးအလျှံ၊ လက်ဝဲပခုံးတော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲပခုံးတော်မှ မီးအလျှံ၊ လက်ျာပခုံးတော်မှ ရေအယဉ်။

(၇) လက်ျာလက်တော်မှ မီးအလျှံ၊ လက်ဝဲလက်တော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲလက်တော်မှ မီးအလျှံ၊ လက်ျာလက်တော်မှ ရေအယဉ်။

(၈) လက်ျာနံပါးတော်မှ မီးအလျှံ၊ လက်ဝဲနံပါးတော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲနံပါးတော်မှ မီးအလျှံ၊ လက်ျာနံပါးတော်မှ ရေအယဉ်။

(၉) လက်ျာခြေတော်မှ မီးအလျှံ၊ လက်ဝဲခြေတော်မှ ရေအယဉ်။ တစ်ဖန် လက်ဝဲခြေတော်မှ မီးအလျှံ၊ လက်ျာခြေတော်မှ ရေအယဉ်။

(၁၀) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြားအကြားမှ မီးအလျှံ၊ လက်ချောင်း တော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ ရေအယဉ်။ တစ်ဖန် လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ မီးအလျှံ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြား အကြားမှ ရေအယဉ်။

(၁၁) တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်မှ မီး အလျှံ၊ အခြား တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်မှ ရေအယဉ်။

(၁၂) တစ်ဆူတစ်ဆူသော မွေးညင်းတော်မှ မီးအလျှံ၊ အခြား တစ်ဆူတစ်ဆူသော မွေးညင်းတော်မှ ရေအယဉ် ---

တသွင်သွင် ပြောင်းလဲကာ ဖူးလိုက်တိုင်း အဆင် ကွဲသဖြင့် အံ့အဲ၍မဝ ချီးပ၍မကုန် ရောင်ခြည်တော် ခြောက်ပုံတို့နှင့်တကွ အစုံအစုံသော ရေမီးတန်ခိုးပြာဋိဟာကို ပြတော်မူလေသည်။[၁]

အကျဉ်းအားဖြင့် ၃-စုံ, ထွက်ပေါ်ရာဌာန အနေအားဖြင့် ၁၂-စုံ[ပြင်ဆင်ရန်]

ဤယမိုက်ပြာဋိဟာအကြောင်းဟောသော မူရင်းပါဠိတော်ကား-[၂]-တို့၌ရှိသည်၊ အစုံအစုံဟူရာ၌

ရေနှင့်မီးအစုံ၊

ရောင်ခြည်တော် ၆-ပါးတို့၏ အညိုအရွှေစသည့် အစုံ၊

ဣရိယာပုထ် ၄-ပါး၌ ဘုရားအစစ်နှင့် ရုပ်ပွားဘုရားအစုံ

ဤသို့အကျဉ်းအားဖြင့် ၃-စုံရှိသည်။ ထွက်ပေါ်ရာဌာန အနေအားဖြင့် ၁၂-ဌာန = ၁၂-စုံ လာသည်၊ ၎င်းတို့မှာ

(၁) အထက်ကိုယ်နှင့် အောက်ကိုယ် ၁-စုံ၊

(၂) ရှေ့ကိုယ်နှင့် နောက်ကိုယ် ၁-စုံ၊

(၃) လက်ဝဲနှင့် လက်ယာ မျက်စိ ၁-စုံ၊

(၄) နား ၂-ခု ၁ စုံ၊

(၅) နှာခေါင်း ၂-ခု ၁-စုံ၊

(၆) ပခုံး ၂ ခု ၁-စုံ၊

(၇) လက် ၂-ခု ၁-စုံ၊

(၈) နံပါး ၂-ခု ၁-စုံ

(၉) ခြေ ၂-ခု ၁-စုံ၊

(၁၀) လက်ချောင်းနှင့် လက်ချောင်းအကြား ၁-စုံ၊

(၁၁) မွေးညင်း ၂-ချောင်းလျှင် ၁-စုံစီ၊

(၁၂) မွေးညင်းပေါက် ၂-ခုလျှင် ၁ စုံစီ၊ ဤ ၁၂-စုံ အနက် ဘုရားရှင်၏ အထက်ပိုင်းကိုမှ တောက်မီလျှံဖြစ်ပေါ်လျှင် အောက်ပိုင်း ကိုယ်မှ ရေအလျဉ်ဖြစ်ပေါ်သည့်၊ အောက်ပိုင်းကိုယ်မှ မီးတောက်မီးလျှံ ဖြစ်ပေါ်လျှင် အထက်ပိုင်းကိုယ်မှ ရေအလျဉ်ဖြစ်ပေါ်သည်။ ကျန် ၁၁-စုံ၌လည်း နည်းတူပင် ဖြစ်သည်။

ရောင်ခြည်တော် ၆-သွယ်၏ အစွမ်းအားဖြင့်လည်း ဤ ၁၂-စုံ ၁၂-ဌာနတို့မှ အစုံအစုံထွက်ပုံကို ချဲ့ထွင်သိအပ်၏၊

ဘုရားအစစ်က စင်္ကြံကြွနေလျှင် ရုပ်ပွားဘုရားက ရပ်တော်မူသည်၊ ဤသို့စသည်ဖြင့် အစုံဖြစ်ပုံကို သိအပ်၏။ [၃] [၄]

ယမိုက်ပြာဋိဟာတန်ခိုး (၄)ကြိမ်[ပြင်ဆင်ရန်]

ဤသို့ ယမိုက်ပြာဋိဟာတန်ခိုးကို ဘုရား ဖြစ်ပြီးနောက် ၁၅-ရက်မြောက် အနိမိသသတ္တာဟ အဆုံး၌တစ်ကြိမ်၊ ကပိလဝတ် နေပြည်တော် ဆွေတော် မျိုးတော် အစည်းအဝေး၌တစ်ကြိမ်၊ ပါထိကပုတ္တအစည်းအဝေး၌ တစ်ကြိမ်၊ ၇-ဝါမြောက် သာဝတ္ထိပြည် ကဏ္ဍမည်သော ဥယျာဉ်မှူး-စိုက်ပျိုးအပ်သော သရက်ပင်ရင်း၌ တစ်ကြိမ်အားဖြင့် ၄-ကြိမ် အကြီးအကျယ် ပြတော်မူသည်။ [၅] ထိုတွင် ကပိလဝတ်ပြည်၌ ပြအပ်သော တန်ခိုးပြာဋိဟာပွဲ၌ မရေတွက်နိုင်သော နတ်ဗြဟ္မာတို့ သစ္စာ ၄-ပါး ထိုးထွင်း သိကြသည်။ [၆] သာဝတ္ထိပြည် တန်ခိုးပြာဋိဟာပွဲ၌ ကုဋေ ၂၀-သောဝေနေယျတို့ သစ္စာ ၄-ပါး၊ ထိုးထွင်း သိကြသည်။ [၇] [၄]

ယမိုက်ပြာဋိဟာတန်ခိုးဖြစ်ပေါ်ပုံ[ပြင်ဆင်ရန်]

ဤအရာ၌ ရေမီးအစုံ ထွက်၏ ဆိုသော်လည်း တစ်ပြိုင်နက်တည်း ထွက်သည်မဟုတ်၊ တစ်ခုဖြစ်ပေါ်ပြီးမှ အခြားတစ်ခု ဖြစ်ပေါ် ခြင်းသာဖြစ်သည်၊ အကြောင်းကားစိတ် ၂-ခု တို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ရိုး မရှိသောကြောင့်တည်း။ ဘုရားရှင်တို့ ဘဝင်စိတ်ဖြစ်ပေါ်ခြင်း၏လျင်မြန်ခြင်း၊ ဈာန်အဘိညာဉ်တို့ ဝင်စား၌ ဝသီဘော်လေ့လာနိုင်နင်းခြင်းတို့ကြောင့် တစ်ပြိုင်နက်တည်းကဲ့သို့ ဖြစ်ခြင်း ဖြစ်ပေသည်။ အနည်းငယ် ချဲ့ရသော် ညိုသော ရောင်ခြည်တော် ထွက်ပေါ်စေရန်အတွက် နီလကသိုဏ်းကို ဝင်စားတော်မူရသည်၊ ရွှေသော (ဝါသော) ရောင်ခြည်တော်ထွက်ပေါ် ရန်အတွက် ပီတကသိုဏ်းကိုတော်မူရသည်။ နီသောရောင်ခြည်တော်ထွက် ပေါ်ရန်အတွက် လောဟိတကသိုဏ်းကို ဝင်စားတော် မူရသည်၊ မီးအစုံ ဖြစ်ပေါ်လာရန်အတွက် တေဇောကသိုဏ်းကို ဝင်စားတော် မူရသည်၊ ရေအလျဉ် ဖြစ်ပေါ်ရန်အတွက် အာပေါကသိုဏ်းကို ဝင်စားတော်မူရသည်။ ဆင်ခြင်သော အာဝဇ္ဇနဝီထိ ပရိကမ္မဝီထိ အဓိဋ္ဌာနဝီထိ စိတ်တို့သည်လည်း သီးခြား သီးခြားတို့သာ ဖြစ်ကြသည်၊ အလွန်လျင်မြန်သည့်အတွက် ကြည့်ရှူရသူတို့အဖို့ ရေနှင့် မီး ပြိုင်တူ အစုံလိုက် ထွက်ပေါ်လာသည်ဟု ထင်ကြရသည်။ [၈]

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၌ ယမိုက်ပြာဋိဟာ ပြခြင်း၏ အကြောင်းကို [၉]တို့၌ လာသော ရာဇဂြိုဟ်သေဋ္ဌေး၏ ဝတ္ထုနှင့် တကွ တာဝတိံသာ နတ်ပြည်သို့ တက်တော်မူသည်အထိ၊ [၁၀]တို့၌ ကြည့်အပ်၏။ ထို့ပြင် သာသနာတော်ကုန်ဆုံး၍ ဓာတ်တော်များ ပရိနိဗ္ဗာန် စံမည့်နေ့၌လည်းအားလုံးသော ဓာတ်တော်များသည်ဗောဓိမဏ္ဍိုင်၌ စုဝေး၍ ဘုရားအသွင်ကိုယူပြီးလျှင် ယမိုက်ပြာဋိဟာကို ပြတော်မူကြလိမ့်ဦးမည်။ [၁၁]တို့၌ကား ကြီးစွာသော တန်ခိုးပြာဋိဟာကို ပြလိမ့်မည်ဟု သာမညလာသည်။)

ဤမိုက်ပြာဋိဟာကို ဘုရားရှင်သာလျှင် ပြနိုင်သည်၊ အခြားသော သာဝကရဟန္တာတို့ မပြနိုင်၊ အသာဓာရဏ ဉာဏ်တော် ၆-ပါး အနက် တတိယဉာဏ်တော်ဖြစ်သည်။ [၁၂] ပါဠိတော်တို့၌ကား ယမကပါဋိဟီရ ပုဒ်ဖြင့် ဟောတော်မူသည်၊ များစွာသော အဋ္ဌကထာ, ဋီကာတို့၌ကား ယမကပါဋိဟာရိယ-ဟု တွေ့ရသည်။ [၁၃]တို့၌လည်း ကြည့်ရှု အပ်၏)။ [၄]

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

တန်ခိုးပြာဋိဟာ

ကိုးကား[ပြင်ဆင်ရန်]

  1. ဖားအောက်တောရဝတ်ရွတ်စဉ်။ ဖားအောက်တောရဆရာတော်
  2. ပဋိသံ၊၄၊ ၁၂၀
  3. ပဋိသံ၊၁၂၀-၁။
  4. ၄.၀ ၄.၁ ၄.၂ တိပိဋကအဘိဓာန် အတွဲ-၁၇
  5. အဘိ၊ဋ္ဌ၊၁၊၁၃။ ဇာ၊ဋ္ဌ၊၁၊၉၀။
  6. မိလိန္ဒ၊၃၃၁။
  7. မိလိန္ဒ၊၃၃၁။ ဓမ္မ၊ဋ္ဌ၊၂၊၁၄၀။
  8. ဒီ၊ဋ္ဌ၊၁၊၅၇၊
  9. ဝိ၊၄၊၂၄၆-၇-
  10. ဓမ္မ၊ဋ္ဌ၊၂၊၁၃၁-၄၀-
  11. အံ၊ဋ္ဌ၊၁၊၇၁။ (မ၊ဋ္ဌ၊၄၊၇၂။ အဘိ၊ဋ္ဌ၊၂၊၄၁၄။
  12. ပဋိသံ၊၄၊၁၂၀။
  13. (ဇာ၊ဋ္ဌ၊၃၊၂၆၃-၆။ သုတ္တနိ၊ဋ္ဌ၊၁၊၃၃။ မ၊ဋ္ဌ၊၄၊၁၇၄။ ပေတ၊ဋ္ဌ၊၁၂၈။ ဝိသုဒ္ဓိ၊၂၊၁၉-