မုဒုလက္ခဏဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၇။ ဣတ္ထိဝဂ် -၆၆ - မုဒုလက္ခဏဇာတ်။ ။ ကပိုကရို ဖြစ်နေသည့် မုဒုလက္ခဏ မိဖုရားကြီးကိုမြင်၍ ကိလေသာအုံကြွသဖြင့် ဈာန်လျှောပြီး အလွန်စွဲမက်နေသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

စိတ်လမ်းမချမ်း တဏှာ့စွမ်း[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကမ္မဋ္ဌာန်းကို လက်မလွှတ်ဘဲ အမြဲပွားများ အးထုတ်နေလေ့ရှိသော သာဝတ္ထိမြို့သား ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် တစ်နေ့သ၌ မြို့တွင်းသို့ ဆွမ်းခံသွားရာ ဖြီးလိမ်းဝတ်ဆင်ထားသည့် မိန်းမတစ်ယောက်ကို ကြည့်မိသဖြင့် ကိုယ်တွင်းရှိ ကိလေသာတို့ ထကြွသောင်းကျန်းကာ သာသနာတော်၌ မပျော်မွေ့ဘဲ စိတ်လက်မချမ်းသာ တစ်ကိုယ်လုံး ညစ်နွမ်းလျက် နေလေ၏။

ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားထံ ဆောင်ယူကာ အကြောင်းစုံကို လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... သင်သည် အဘယ်ကြောင့် ဝိသဘာဂ မိန်းမအာရုံကို ဣန္ဒြေဖျက်၍ ကြည့်ရှုဘိသနည်း၊ ရှေးအခါ ဈာန်အဘိညာဉ်ဖြင့် စင်ကြယ်စွာနေသော ရသေ့ကြီးပင်လျှင် ဝိသဘာဂ မိန်းမအာရုံကို ဣန္ဒြေဖျက်၍ ကြည့်မိသည့်အတွက် ဈာန်အဘိညာဉ် ပျောက်ကွယ်လျက် ဆင်းရဲဒုက္ခကို ခံရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဥယျာဉ်မှီလေ့ တရားမွေ့[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ကာသိတိုင်းသား ပုဏ္ဏားလုလင် တစ်ယောက်သည် ကာမဂုဏ်ကို စွန့်ခွာလျက် ရသေ့ ရဟန်းပြုကာ ဟိမဝန္တာအရပ်ဝယ် ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် ဈာန်းချမ်းသာဖြင့် နေလေ၏။

တစ်ရံသောအခါ ထိုရသေ့သည် ချဉ်၊ ဆား မှီဝဲရန် ဟိမဝန္တာအရပ် ခွာခဲ့၍ ဗာရာဏသီသို့ကြွကာ မင်းဥယျာဉ်၌ တည်ခိုးလျက် နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံကြွသည်ရှိသော် မင်းအိမ်တံခါးသို့ ရောက်လေ၏။

မင်းကြီးလည်း ရသေ့ကိုမြင်လျှင် ကြည်ညို၍ နန်းတော်သို့ ပင့်ဆောင်ကာ ဆွမ်းဘောဇဉ်တို့ကို ကပ်လှူကျွေးမွေး၍ ဆွမ်းအနုမောဒနာ တရားအဆုံးဝယ် ဥယျာဉ်တော်၌ အမြဲ သီတင်းသုံးရန် လျှောက်ထားလေ၏။ ရသေ့လည်း ဝန်ခံကာ မင်းကြီး ဥယျာဉ်တော်မှာပင် နေထိုင်လျက် မင်းကြီးအိမ်တွင် ဆွမ်းဘုဉ်းပေးသည်မှာ တစ်ဆယ့်ခြောက်နှစ်တိုင်အောင် ကြာမြင့်လေ၏။

အချိန်တန်က နန်းတော်ကြွ[ပြင်ဆင်ရန်]

တစ်နေ့သ၌ မင်းကြီးသည် ပုန်ကုန်သောင်းကျန်းသော ပစ္စန္တရာဇ်ကို ငြိမ်းအေးစေရန် စစ်သည်ဗိုလ်ပါနှင့် သွားမည်အပြုတွင် ရသေ့အား အရိုအသေ လုပ်ကျွေးနှင့်ရန် မုဒုလက္ခဏာ မိဖုရားကြီးအား မှာထားလေ၏။

မုဒုလက္ခဏ မိဖုရားကြီးလည်း ဆွမ်းအာဟာရတို့ကို စီမံကာ ရေချိုးပြီး အဝတ်တန်ဆာဆင်ယင်လျက် အိပ်ရာငယ် တစ်ခုဝယ် အိပ်၍ ပြတင်းပေါက်မှ ကြည့်ရှုလျက် ဆရာရသေ့အလာကို မျှော်လင့်နေ၏။ ရသေ့လည်း အချိန်တန်လျှင် ဆွမ်းဘုဉ်းပေးရန် မင်းကြီးနန်းတော်သို့ ဈာန်ဖြင့်ကြွလေ၏။

ကိလေစွမ်းရည် ဈာန်လျှောပြီ[ပြင်ဆင်ရန်]

မိဖုရားကြီးလည်း လျှော်တေသံကြား၍ ဆရာရသေ့လာပြီဟု သိသဖြင့် နေရာမှလျင်စွာထလတ်သော် ပြေပြစ်ချောမွေ့လှသော အဝတ်သည် ကိုယ်မှ လျှောကျခဲ့၏။ ထိုအခါ ရသေ့လည်း ပြတင်းပေါက်မှ ဝင်ခိုက်ကြုံသဖြင့် မိဖုရားကြီး ကြည့်လိုက်မိရာ ကိုယ်တွင်းရှိ ကိလေသာတို့သည် အခါအခွင့်ရသဖြင့် ထကြွသောင်းကျန်းလျက် ဈာန်အဘိညာဉ် ပျောက်ကွယ်သဖြင့် အတောင်ကျိုးသော ကျီးငှက်ပမာ ဖြစ်လေ၏။ သို့အတွက် နန်းတော်တွင် ဆွမ်းမဘုဉ်းပေးတော့ဘဲ ရပ်လျက်သာ ခံယူပြီးလျှင် ကောင်းကင်ခရီးဖြင့် မကြွနိုင်တော့သဖြင့် ခြေကျင်ခရီးဖြင့်ပင် ဥယျာဉ်တော်သို့ ကြွပြီးလျှင် ကျောင်းတွင်းရှိ ခုတင်အောက်သို့ ဆွမ်းသပိတ်ကို ထား၍ ခုတင်ပေါ်တွင် လျောင်းစက်လူးလဲကာ ကိလေသာမီး တောက်လောင်လျက် ဆွမ်းအာဟာရကိုပင် သတိမရတော့ဘဲ ခုနစ်ရက်တိုင်အောင် နေခဲ့လေ၏။

မိဖုရားပေးကာ ရသေ့ဆရာ[ပြင်ဆင်ရန်]

မင်းကြီးလည်း ပစ္စန္တရာဇ်ကို ငြိမ်းအေးစေပြီး ပြန်လာသည်ရှိသော် မြို့သို့ရောက်၍ နန်းတော်သို့ မဝင်သေးဘဲ အရှင်မြတ်ကို ဖူးမြော်ဦးမည်ဟု ဥယျာဉ်တော်သို့ သွားလတ်သော် လျောင်းစက်နေသော ရသေ့ကိုမြင်လျှင် တစ်စုံတစ်ရာ စိတ်မချမ်းသာမှု ဖြစ်နေလိမ့်မည်ဟု ကြံစည်ကာ ဆရာရသေ့အား -

“အရှင်ဘုရား ... တစ်စုံတစ်ရာ စိတ်မချမ်းသာဖွယ် ရှိပါသလော” ဟု လျှောက်လေ၏။

“အရှင်မင်းကြီး ... ငါ့အား တစ်ပါးသော စိတ်မချမ်းသာဖွယ် မရှိပါ၊ ကိလေသာအစွမ်းဖြင့် တပ်စွန်းသောစိတ် ဖြစ်နေသည့်အတွက် မချမ်းသာပါ” ဟု ဆိုလေရာ -

“အရှင်ဘုရား ... ဘယ်သူ့ကို တပ်စွန်းပါသနည်း” ဟု တစ်ဖန် လျှောက်ပြန်၏။

“အရှင်မင်းကြီး ... မုဒုလက္ခဏာ မိဖုရားကြီးကို တပ်စွန်းမိပါသည်” ဟု ပြောသောအခါ -

“အရှင်ဘုရား ... ကိစ္စမရှိပါ၊ ယခုပင် ရစေမည်” ဟု ဆို၍ ဆရာရသေ့ကိုခေါ်ကာ နန်းတော်သို့ ဝင်လေ၏။

နန်းတော်သို့ရောက်လျှင် မိဖုရားကြီးကိုခေါ်၍ “မိဖုရားကြီး ... သင်၏ ပရိယာယ်အစွမ်းဖြင့် အရှင်မြတ်ကို ကြပ်ကြပ် စောင့်ရှောက်ပါ” ဟု မှာထားပြီးလျှင် တန်ဆာဆင်စေလျက် မိဖုရားကြီးကို ဆရာရသေ့အား ပေးလေ၏။

ကိစ္စများလှ လူ့ဘဝ[ပြင်ဆင်ရန်]

ထိုအခါ ရသေ့နှင့် မိဖုရားကြီးတို့သည် နန်းတော်မှအဆင်းလျက် တံခါးမှ ထွက်သောအခါ မိဖုရားကြီးသည် ရသေ့အား “အရှင် ... နေစရာအိမ် မရှိသေးပါ၊ မင်းကြီးထံ သွား၍ တောင်းချေပါ” ဟု ခိုင်းလေလျှင် မင်းကြီးထံ သွားတောင်းသောအခါ အိမ်သာဟောင်းတစ်ခုကို ပေးလေ၏။ မိဖုရားကြီးလည်း အညစ်အကြေးတို့ကို သုတ်သင်ခိုင်းပြန်၏။ ရသေ့လည်း မင်းကြီးထံ ပေါက်တူး တောင်း၍ သုတ်သင် ရှင်းလင်းရပြန်၏။ နောက် နွားချေးယူ၍ လိမ်းကျံရပြန်၏။ နောက် ညောင်စောင်း၊ အင်းပျဉ်၊ အိပ်ရာခင်း၊ သောက်ရေအိုး၊ ရေခပ်အိုး၊ တစ်ခုစီ တစ်ခုစီ ခိုင်းသဖြင့် တစ်ခုစီ တစ်ခုစီ ယူဆောင်ရပြန်၏။ နောက် သောက်ရေ၊ ချိုးရေ ခပ်ရပြန်၏။ အိပ်ရာခင်းရပြန်၏။

နောက် အိပ်ရာ၌ အတူထိုင်ကာ မိဖုရားကြီးသည် ရသေ့ကို မုတ်ဆိတ်ကျင်စွယ်တို့၌ ကိုင်ဆွဲကာ “သင်ကား ရဟန်း၏ အဖြစ်၊ ရဟန်း၏ ချမ်းသာကို မသိသူ ဖြစ်သည်” ဟု ပြောဆိုကာ မိမိရှေ့သို့ရောက်အောင် ငင်လေ၏။

တရားဆင်ခြင်ကာ တောထွက်ရှာ[ပြင်ဆင်ရန်]

ထိုအခါ ရသေ့သည် နိက္ခမ ဓာတ်ခံ အားကြီးသူ ဖြစ်သည့်အတိုင်း သတိသံဝေဂရလျက် -

“ဩော် ... ငါကား ကိလေသာအလိုသို့ လိုက်မိ၍ ဤမျှလောက် မိုက်မဲခြင်း ဖြစ်ရသည်၊ ပညာ မျက်စိ ကန်းခြင်း ဖြစ်ရသည်၊ ကိလေသာ တဏှာပွားခဲ့သော် အပါယ်လေးပါး၌ နစ်မြုပ်ကာ ခေါင်းပေါ်တော့မည် မဟုတ်၊ ဤမုဒုလက္ခဏာ မိဖုရားကြီးကို မင်းကြီးထံ ပြန်အပ်ကာ တောထွက်တော့မည်” –

ဟု ကြံစည်ကာ မိဖုရားကြီးကို ခေါ်၍ မင်းကြီးထံ သွားပြီးလျှင် “အရှင်မင်းကြီး ... သင့်မိဖုရားကြီးကို ငါ အလိုမရှိတော့ပြီ၊ ထိုမိဖုရားကြီး အတွက် ငါ့မှာ တဏှာပွားသည်၊ ပြန်၍ယူပါ” ဟု အပ်နှင်းပြီးလျှင် ခဏချင်း ဈာန်၊ အဘိညာဉ်ကို ဖြစ်စေလျက် ကောင်းကင်၌နေ၍ မင်းကြီးအား တရားဟောကာ အဆုံးအမပေးပြီးလျှင် ဟိမဝန္တာသို့ သွားလေ၏။ တစ်ဖန် လူတို့နေရာသို့ သေလွန်သည့် အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရလေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှ လူထွက်လိုသော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်ကာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

မုဒုလက္ခာ မိဖုရားကြီးသည် - ဥပ္ပလဝဏ်။

ရသေ့ကြီးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ခိုင်းတိုင်းပြုပြန်၊ တဏှာ့ကျွန်၊ အလွန်မိုက်မဲလှ။

(၂) မိန်းမနှင့်တွေ့၊ ဈာန်ရသေ့၊ မူးမေ့သက်လျောရ။

မုဒုလက္ခဏဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ