မုဒုပါဏိဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၂။ ပဒုမဝဂ် -(၂၆၂) မုဒုပါဏိဇာတ်။ ။ မိန်းမလက်ကိုဆွဲ၍ နေ့ညမပြတ် စောင့်ရှောက်ပါသော်လည်း ပရိယာယ်ပြု၍ သူတစ်ပါးလက်နှင့် ပြောင်းလွဲကာ ထွက်ပြေးသဖြင့် သံဝေဂရသော ဗာရာဏသီမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ပျင်းရိလွန်များ ရဟန်းတစ်ပါး[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါး ရှိလေ၏။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံသို့ ဆောင်ယူသွားကြရာ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ “ချစ်သားရဟန်း ... သင်သည် သာသနာတော်၌ ငြီးငွေ့ပျင်းရိ၏ဟူသည် မှန်သလော” ဟု မေး၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ... မှန်ပါသည်”ဟု လျှောက်ထားလတ်သော် “ချစ်သားရဟန်း ... မိန်းမတို့မည်သည်ကား စောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ ရှေးပညာရှိတို့သည် စောင့်ရှောက်ရန် လက်၌ကိုင်၍ထားသော သမီးသည်ပင်လျှင် ကိလေသာစွမ်းဖြင့် ယောကျ်ားတစ်ယောက်နှင့် ပြေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သမီးနှင့်တူသား ခွဲခြားထား[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ သားဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားတတ်မြောက်ပြီးလျှင် အဖ မင်းကြီး သေလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ တရားသဖြင့် မင်းပြုလေ၏။ ထိုမင်းအား သမီးတော် မင်းသမီးနှင့် တူတော်မင်းသားတို့ကို နန်းတွင်း၌ထားကာ ကြီးပွားစေ၏။

တစ်နေ့သ၌ မင်းကြီးသည် အမတ်တို့နှင့် တိုင်ပင်လတ်သော် ငါသေလွန်လျှင် ငါ့တူမင်းသားသည် မင်ဖြစ်လတ္တံ့၊ ငါ့သမီးလည်း ငါ့တူမင်းသား၏ မိဖုရားကြီး ဖြစ်လတ္တံ့ဟု မိန့်ဆိုတော်မူ၏။ နောက်အခါ တူမင်းသား အရွယ်သို့ရောက်လတ်သော် အမတ်တို့နှင့် တိုင်ပြင်ပြန်ရာ ငါ့တူမင်းသားအတွက် တစ်ပါးသောမင်းသမီးကို ဆောင်ယူမည်။ ငါ့သမီးကိုလည်း တစ်ပါးသော မင်းမျိုးတို့အား ပေးမည်။ ဤသို့ ပြုလျှင် ဆွေမျိုးများမည်ဟု မိန့်ဆိုတော်မူပြန်၏။

အမတ်တို့လည်း “ကောင်းပြီ” ဟု ဝန်ခံကြကုန်၏။ ထိုအခါ မင်းကြီးသည် တူမင်းသားအား နန်းတွင်း၌မထားဘဲ ပြင်ပဝယ် အိမ်တစ်လုံး၌ထား၏။ နန်းတွင်းသို့ဝင်ခြင်းကို တားမြစ်စေတော်မူ၏။

မင်းသမီးတွေ့ရန် မင်းသားကြံ[ပြင်ဆင်ရန်]

မင်းသမီးနှင့် မင်းသားတို့ကား အချင်းချင်း တပ်စွန်းသော စိတ်ရှိကြကုန်၏။ မင်းသားသည် မင်းသမီးကို နန်းတော်အပသို့ အဘယ်နည်းဖြင့် ထုတ်ယူရမည်နည်းဟု ကြံစည်လတ်သော် ထုတ်ယူနိုင်ရန် အကြောင်းဥပါယ်သည်ရှိ၏ဟု အထိန်းမကြီးထံသွားကာ ၎င်းအား တံစိုးပေးလေ၏။ အထိန်းမကြီးသည် မင်းသားအား “အရှင့်သား ... ကိစ္စအသို့ရှိသနည်း” ဟု မေး၏။ “မိခင် ... ဘယ်လိုဥပါယ်ဖြင့် မင်းသမီးကို အပြင်ပသို့ထုတ်ယူရန် အခွင့်ရပါမည်နည်း” ဟု မေး၏။ “အရှင့်သား ... မစိုးရိမ်လင့်၊ မင်းသမီးနှင့် တိုင်ပင်သောအခါ သိရမည်” ဟု ပြန်ပြော၏။ “မိခင် ... ကောင်းပြီး ကြိုးစားပါ” ဟု ပြောဆိုလေ၏။

ထိုနောက် အထိန်းမကြီးသည် မင်းသမီးထံသွား၍ “မိခင် ... လာပါ ခေါင်း၌သန်းရှာမည်” ဟု ဆိုကာ မင်းသမီးကို နိမ့်သောအင်းပျဉ်ပေါ်၌နေစေ၍ မိမိကား မြင့်သောအင်းပျဉ်ပေါ်၌ နေကာ မင်းသမီးဦးခေါင်းကို မိမိပေါင်ပေါ်၌တင်ထား၍ သန်းတို့ကို ကောက်ယူလျက် မင်းသမီးဦးခေါင်းကို လက်သည်တို့ဖြင့် ထိုးလေ၏။

ပညာရှိသဘော လျှို့ဝှက်ပြော[ပြင်ဆင်ရန်]

မင်းသမီးသည် ဤအထိန်းမကြီးကား မိမိ လက်သည်းတို့ဖြင့် မထိုး၊ ငါ့အရီးသား လက်သည်းတို့ဖြင့် ထိုးကြောင်းကိုသိ၍ “မိခင် ... သင်သည် မင်းသားထံသို့ သွားသလော” ဟု မေး၏။ မိခင် ... “သွားပါသည်” ဟု ပြော၏။ “မိခင် ... မင်းသားသည် အဘယ်စကားကို ပြောဆိုသနည်း” ဟု မေးလေ၏။ မိခင် ... “သင့်ကို နန်းတော်ပြင်ပသို့ ထုတ်ယူနိုင်ရန် အကြောင်းကိုမေး၏” ဟု ပြောဆိုလတ်သော် မင်းသမီးသည် ပညာရှိမူကား သိလိမ့်မည်ဟု ပြောဆိုကာ -

“တစ်ယောက်သော အလုပ်အကျွေး မိ်န်းမငယ်၏လက်သည် ငါ၏လက်ကဲ့သို့ နူးညံ့ငြားအံ့၊ ကောင်းစွာသင်ကြားပြီး ဆင်လိမ္မာလည်း ရှိငြားအံ့၊ အမိုက်မှောင်လည်း ကျငြားအံ့၊ မိုးလည်းရွာငြားအံ့၊ ဤအကြောင်းလေးပါးဖြင့် ပြည့်စုံသောအခါ သင်မင်းသား၏ အလိုသည် ပြီးဆုံးခြင်းသို့ ရောက်ရာ၏-”

ဟု ဂါထာဖွဲ့သီကာ အထိန်းမကြီးအား နှုတ်တက်ရအောင် သင်ကြားစေပြီးလျှင် “မိခင် ... မင်းသားသည် သင့်အား မင်းသမီး အဘယ်စကားကို မှာကြားလိုက်သနည်း”ဟု မေးမြန်းသောအခါ အကျွန်ုပ် သင်ကြားပေးထားသောအတိုင်း ရွတ်ဆိုပြပါဟု မှာထားလေ၏။

အထိန်းမကြီးလည်း မင်းသားထံသွားရာ မင်းသားကမေးလျှင် မင်းသမီး သင်ကြားထားသောအတိုင်း ဂါထာကို ရွတ်ဆို၍ပြလေ၏။ မင်းသားလည်း ပညာရှိသူဖြစ်ရကား အနက်မှန်ကိုသိ၍ ငါ့အကြံ ပြီးမြောက်တော့မည်ဟု ဝမ်းမြောက်ဝမ်းသာ အဆင်းအင်္ဂါလှပ၍ လက်နူးညံ့သော အလုပ်အကျွေး မိန်းမငယ်ကို အမှတ်သညာပေးပြီးလျှင် မင်္ဂလာဆင်ထိန်းအား တံစိုးလက်ဆောင်ပေး၍ ဆင်တော်ကို မလှုပ်ရှားအောင် သင်ကြားစေပြိးသော် အခါကောင်းကိုသာ စောင့်လျက်နေ၏။

ထိုအခါ လကွယ်နေ့ညဉ့်သန်းခေါင်ကျော်တွင် မိုးသည်သည်းထန်စွာ ရွာသွန်းလေ၏။ မင်းသားသည် ဤနေ့ ဤအခါကား မင်းသမီးသည် ငါ့ကိုမှာလိုက်သော အခါကောင်းဖြစ်သည်ဟု ဆင်ကိုစီးလျက်၊ အလုပ်အကျွေး မိန်းမငယ်ကိုလည်း ဆင်ပေါ်မှာတင်လျက် မင်းကြီးအိမ်သို့ သွားကာ ကြမ်းပြင်ရှိ နံရံတစ်ဖက်တွင် ဆင်ကိုကပ်၍ လေသွန်တံခါးအနီး မိုးစိုကြီးထဲတွင် ရပ်တည်လေ၏။

နေ့ညဉ့်မပြတ် မင်းစောင့်ကြပ်[ပြင်ဆင်ရန်]

မင်းကြီးလည်း သမီးတော်ကို စောင့်ရှောက်လိုသဖြင့် တခြားနေရာတွင် မအိပ်စေဘဲ မိမိအထံဝယ် သေးငယ်သော အိပ်ရာတစ်ခုတွင် အိပ်စေ၏။ မင်းသမီးလည်း ယနေ့မုချ မင်းသားလည်မည်ကို သိနှင့်၍ အိပ်မပျော်သေးဘဲ လျောင်းစက်လျက် “ခမည်းတော် ... ရေချိုးလိုသည်” ဟု လျှောက်ထားလတ်သော် “မိခင် ... လာလော့ ချိုးစေမည်” ဆိုပြီးလျှင် မင်းသမီးလက်ကိုကိုင်ကာ လေသွန်တံခါး အနီးသို့ ခေါ်ဆောင်၍ “မိခင် ....ချိုးလော့” ဟု ချီမပြီးလျှင် လေသွန်တံခါးပြင်ပ ပဒုမာအခံတွင် ရပ်စေလျက် လက်ကိုကိုင်ကာ ချိုးစေ၏။

မင်းသမီးရေချိုးနေစဉ် မင်းသားသည် လက်ကိုဆန့်ကာ မင်းသမီး၌ရှိသော တန်ဆာတို့ကို ချွတ်စေ၍ အလုပ်အကျွေးမိန်းမငယ်အား ဝတ်ဆင်စေပြီးလျှင် ပဒုမာအခံတွင်ပင် မင်းသမီးကိုမှီကာ ရပ်စေလျက်ထား၏။ ထိုအခိုက် မင်းသမီးသည် အမှတ်မဲ့ လက်ချင်းကူးပြောင်းကာ မိမိလက်ကို လွှတ်စေပြီးလျှင် အဖမင်းကြီးအား အလုပ်အကျွေးမိန်းမငယ်၏ လက်ကို ကိုင်စေ၏။ မင်းသမီးသည် လက်တစ်ဖက်ရှိ တန်ဆာကိုချွတ်၍ အလုပ်အကျွေးမိန်းမငယ် လက်မှာဝတ်ဆင်စေပြီးလျှင် မင်းကြီး၏လက်၌ ထားခဲ့၍ မင်းသားနှင့်တကွ ဆင်တော်ကိုစီးကာ လိုက်သွားလေ၏။

စောင့်ကြပ်လေငြား လွတ်၍သွား[ပြင်ဆင်ရန်]

မင်းကြီးသည် အလုပ်အကျွေးမိန်းမငယ်ကို မိမိသမီးတော်ဟူသော အမှတ်ဖြင့် ရေချိုးစေပြီးလျှင် ချီမကာ အခန်းငယ်တစ်ခုတွင် အိပ်စေ၍ တံခါးကို ပိတ်စေပြီးလျှင် တံခါးကျဉ်လျှိုကာ အပြင်မှ အစောင့်အရှောက်ထားပြီးလျှင် မိမိနေရာသို့သွား၍ အိပ်လေ၏။ နံနက်မိုးလင်းသောအခါ တံခါးကိုဖွင့်၍ ကြည့်လတ်သော် ထိုအလုပ်အကျွေးမိန်းမငယ်ကို မြင်လျှင် ဤလိုဖြစ်ရခြင်းကား အကြောင်းအသို့ရှိသနည်းဟု မေးလေ၏။ အလုပ်အကျွေးမိန်းမငယ်လည်း မင်းသမီးသည် မင်းသားနှင့် လိုက်သွားကြောင်းကို မင်းကြီးအား လျှောက်ထားလေ၏။ မင်းကြီးလည်း နှလုံးမသာမယာဖြစ်၍ လက်နှင့် ကိုင်၍ထားသော်လည်း မာတုဂါမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ဟု ကြံစည်ကာ -

“မိန်းမတို့ကား - ယောကျ်ားတို့နှင့် အတူမနေထိုက်ကုန်၊ စိတ်နှလုံးခိုင်မာလျက် စကားနူးညံ့ကုန်၏။ ဖြည့်၍ ပြည့်နိုင်ခဲ့သောကြောင့် မြစ်နှင့်တူကုန်၏။ ငရဲ၌ နစ်မြုပ်တတ်ကုန်၏။ ထိုအကြောင်းကိုသိသော ပညာရှိသည် မိန်းမတို့ကို အဝေးမှရှောင်ကြဉ်ရာ၏။

မိန်းမတို့ကား - ယောကျ်ားတို့ကို အလိုဆန္ဒတူမျှသဖြင့် လည်းကောင်း၊ ပစ္စည်းဥစ္စာဖြင့် လည်းကောင်း ပေါင်းသင်းဆက်ဆံကြ၏။ မီးတို့သည် မိမိတည်ရာထင်းကို လောင်ကျွမ်းစေသကဲ့သို့ မိမိပေါင်းသင်း ဆက်ဆံနေသော ယောကျ်ားကိုပင် လောင်ကျွမ်းစေကုန်၏” –

ဟု ဆုံးမပြောဆိုပြီးလျှင် တူမင်းသားကိုလည်း ငါသည်ပင် မွေးမြူအပ်၏ဟု များစွာသော စည်းစိမ်ချမ်းသာကိုပေး၍ သမီးတော်နှင့် ထိမ်းမြားလက်ထပ်ကာ အိမ်ရှေ့မင်းရာထူးဖြင့် ချီးမြှောက်တော်မူ၏။

အိမ်ရှေ့မင်းသည် ဦးရီးတော်မင်းကြီး သေလွန်လျှင် မင်းအဖြစ်သို့ရောက်လေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မိန်းမတို့မူ၊ ယောကျ်ားဟူ၊ အတူမနေထိုက်။

(၂) နှုတ်ပျော့စိတ်မာ၊ မပြည့်ရာ၊ သေခါငရဲဆိုက်။

(၃) မှီရာယောကျ်ား၊ အိမ်ရှင်အား၊ မီးလားပူလောင်မြိုက်။

မုဒုပါဏိဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ