မာတုပေါသကဇာတ်

ဝီကီပီးဒီးယား မှ

ဧကာဒသကနိပါတ် - ၄၅၅။ မာတုပေါသကဇာတ် တောအလယ်တွင် မျက်စိလည်နေသောသူအား ကယ်မမိသဖြင့် မိမိအား ဘေးသင့်ရကြောင်း မင်းကြီးနှင့်တကွ ကျေးဇူးရှင်ပြစ်မှားသော မူဆိုးမိုက်ကို တရားပြကာ ဆိုဆုံးမသည့် အမိလုပ်ကျွေးသော ဆင်မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အမိအိုကျွေးမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာ ဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ်အမိကိုလုပ်ကျွေးသော မထေရ်တပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အမိမွေးမြူ ဆင်မင်းဖြူ

လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာတောဝယ် ဆင်မျိုး၌ဖြစ်၍ တကိုယ်လုံး ဆွတ်ဆွတ်ဖြူ၏၊ အလွန်အဆင်းလှ၏၊ ကြည်ညိုဘွယ်ရှိ၏၊ ဆင်နှစ်သောင်း အခြံအရံ ရှိ၏။

မယ်တော်ကား မျက်စိအလင်းမရချေ၊ ဆင်မင်းသည် ချိုနိုးရာ ကောင်းနိုးရာသော သစ်သီးတို့ကို ရှာဖွေကာ မယ်တော်ထံ ပို့စေ၏၊ ဆင်တို့သည် မယ်တော်အား မပေးမူ၍ မိမိတို့သာ စားကြကုန်၏၊ ဆင်မင်းသည် စုံစမ်းလတ်သော် ထိုအကြောင်းကို သိ၍ ဆင်အပေါင်းကို စွန့်လွှတ်ကာ မယ်တော်ကိုသာ မွေးမြူတော့မည် ကြံစည်လျက် ညအခါ ဆင်တို့ကို မသိစေဘဲ မယ်တော်ကို ယူဆောင်ခဲ့၍ ခဏ္ဍောရဏ တောင်ခြေရှိ တခုသောပဒုမာကြာအိုင်ကို အမှီပြု၍ တောင် ဝှမ်းတခု၌ထားကာ လုပ်ကျွေးမွေးမြူလေ၏။

ထိုအခါ ဗာရာဏသီပြည်၌နေသော မူဆိုးတယောက်သည် တောအရပ်ဝယ် မျက်စိလည်လမ်းမှားကာ မသွား တတ်တော့ဘဲ သည်းစွာသောအသံဖြင့် ငိုကြွေးလေ၏၊ ဆင်မင်းကြားလတ်သော် ဤသူကား ကိုးကွယ်ရာမရှိသူတည်း၊ ငါထင်ရှားရှိစဉ် မပျက်စီးစေပါလင့် ဟုကြံစည်လျက် မုဆိုး အနီးသို့သွားလေ၏၊ ကြောက်သဖြင့်ပြေးသော မူဆိုးကိုမြင်လျှင်– “အိုယောက်ျားမပြေးလင့်၊ ဘေးမရှိ၊ သင်အဘယ်ကြောင့် ငိုကြွေးသနည်း”ဟု မေး၏၊ “အရှင်...အကျွန်ုပ် မျက်စိလည်လမ်းမှား၍ မသွားတတ်ဘဲနေရာ ခုနစ်ရက်ရှိ ပါပြီ”ဟု ပြော၏၊ “အို-ယောက်ျား...မကြောက်လင့်၊ ငါ လိုက်ပို့မည်”ဟု ပြောဆိုကာ ကျောပေါ်သို့ တင်ပြီးလျှင် လူတို့လမ်းခရီးသို့ ပို့၍ ပြန်ခဲ့၏။

ဆင်မင်းဖန်းရန် မူဆိုးကြံ

မုဆိုးယုတ်လည်း မင်းကြီးကိုပြောကြားမည် ဟုကြံစည်ကာ တလမ်းလုံးသစ်ပင် တောတောင် စသည်တို့ကိုမှတ်ခဲ့၍ လူ

တို့ ခရီးသို့ရောက်သဖြင့် ပြန်ခဲ့ရာ ဗာရာဏသီပြည်သို့ရောက်လေ၏၊ တနေ့သ၌ မင်းကြီး၏ မင်္ဂလာဆင်တော်သည် သေခဲ့၏၊ ထိုအခါမင်းကြီးသည် မင်္ဂလာဆင်တော်ပြုရန် လျောက်ပတ်သော ဆင်ကိုမြင်သောသူတို့သည် ပြောကြားကြပါဟု မြို့အလုံးကို စည်လည်စေ၏။

ဆင်မင်းဖမ်းမှု ရှေ့ဆောင်ပြု

မုဆိုးကြားလျှင် ... မင်းကြီးထံ ကပ်၍ “အရှင်မင်းကြီး ကိုယ်လုံး ဖြူသော ဆင်ကို အကျွန်ုပ် မြင်ခဲ့ပါသည်၊ လမ်းညွှန်ပါမည် အကျွန်ုပ်နှင့်တကွ ဆင်ဆရာတို့ကို စေလွှတ်တော်မူပါ”ဟု လျှောက်ထားလေ၏၊ မင်းကြီးလည်း အလွန်ဝမ်း မြောက်တော်မူသဖြင့် ကောင်းပြီဟု ပြောဆိုပြီးလျှင် ဆင်ဆရာကို ဖမ်းရန် စေလွှတ်လေ၏။

ဆင်ဆရာလည်း အခြံအရံများစွာဖြင့် မုဆိုးကိုလမ်း ညွှန်ပြု၍ သွားလေရာ ပဒုမာကြာအိုင်၌ ကျက်စားနေ သောဆင်မင်းကိုမြင်၏၊ ဆင်မင်းလည်း ဆင်ဆရာကိုမြင်လျှင် ဤဘေးကား အခြားသောသူကြောင့်ဖြစ်သည် မဟုတ်၊ ငါအသက်ကို ကယ်ဆယ်လိုက်သော မုဆိုးယုတ်ကြောင့် ဖြစ်၏၊ ငါကားအားကြီး၏၊ ဆင်တထောင်ကို ဖျက်ဆီးနိုင်၏၊ အမျက်ထွက်လတ်သော် တနိုင်ငံလုံးရှိစစ်သည် ဗိုလ်ပါကိုလည်း ချေမှုန်းဖျက်ဆီးနိုင်၏၊ သို့သော်လည်း ငါအမျက် ထွက်ချေက သီလပျက်စီးတော့မည်၊ ဦးခေါင်းကို လှံမဖြင့် ထိုးသော်လည်း အမျက်မထွက်တော့ပါဟု အဓိဋ္ဌာန်ပြုတော်မူ၍ ဦးကင်းကိုညွတ်၍ ရပ်လေ၏။

သားနှင့်ကွေကွင်း ငိုကြွေးခြင်း

ဆင်ဆရာလည်း ပဒုမာ ကြာအိုင်သို့ ဆင်းသက်ကာ ဆင်မင်း၏ ကြန်အင် လက္ခဏာကို မြင်လျှင်သိ၍ ချစ်သား လာလှည့်ဟု ခေါ်ယူပြီးလျှင် နှာမောင်းကိုကိုင်၍ မင်းကြီး ထံဆောင်လေ၏၊ မယ်တော်လည်း သားတော် ဆင်မင်း မလာလျှင် မင်းအမတ်ကြီးစသည်တို့သည် ယူဆောင်၍ သွားကြလိမ့်မည်၊ ထို့ကြောင့် ငါသည် ဤတော၌ပင် ပျက်စီးရမည်ဟု အောက်မေ့လျက်–

“အချင်းတို့...သားဆင်မင်းနှင့်ကင်း၍ ပေါက်ကုန်သော နှံပဲပင် လက်ထုပ်ပင်တို့သည်၎င်း၊ ကုရုဝိန္ဒမည်သော သစ်ပင် ကရဝီရမည်သော မြက်ပင် ကြီးတို့သည်၎င်း၊ ကြာစွယ်ကြာရင်း မြက်စပါးတို့ သည်၎င်း၊ လေဆိတ်ရာ၌ ပွင့်သော မဟာလှေကား ပန်းတို့သည်၎င်း ပွားများကုန်လတံ့”—

“ရွှေတန်ဆာကို ဆင်သော မင်း၏အမတ်တို့သည် တစုံတခုသော အရပ်၌လျှင် ငါ့သားဆင်မင်းကို ထမင်းထုပ်ဖြင့် ကျွေးမွေးကြကုန်လတံ့၊ မင်းကြီးနှင့် မင်းသားတို့သည် ငါ့သားဆင်မင်းကို စီးနင်းကာ မကြောက်မရွံ့ ရန်သူ၏ချပ်ဝတ်တန်ဆာကို ဖျက်ဆီးလတံ့”။

ဟု ငိုကြွေးမြည်တမ်းလေ၏။

မိအိုကြောင့်ပူ အစာမယူ

ဆင်ဆရာလည်း လမ်းခရီးမှပင် မင်းကြီးအား ဆင်တော်ရတနာရခဲ့ကြောင်း ယူကို ကြားလျှောက်စေ၏၊ မင်းကြီးလည်း မြို့ကို တန်ဆာဆင်၍ ထားနှင့်၏၊ ဆင်ဆရာလည်း ရောက်လျှင် ပန်းနံ့သာတို့ဖြင့် ထုံမွှမ်းအပ်သော ဆင်တင်းကုပ်သို့ ဆင်မင်းကိုသွင်း၍ မင်းကြီးကိုကြားလျှောက်စေ၏၊ မင်းကြီးလည်း အထူးထူးသော ခဲဖွယ်ဘောဇဉ်တို့ကို ဆောင်ယူ ကာသွား၍ ဆင်မင်းအားကျွေးစေ၏၊ ဆင်မင်းလည်း မယ်တော်နှင့်ကင်း၍ အစာမစားတော့ပြီ ဟုဓိဋ္ဌာန်ထားသဖြင့် မစားလေ၊ ထိုအခါ မင်းကြီးသည်–

“အို-ဆင်မင်း... အစာကိုစားပါလော၊ ပိန်ကြုံ သည်မဖြစ်ပါစေလင့်။ မင်းမှုကိစ္စတို့သည် များကုန်၏၊ သင်ဆင်မင်းသည် ထိုမင်းမှုကိစ္စတို့ကို ပြုလုပ်ရလတ္တံ့”။

ဟု အစာစားရန် တောင်းပန်လေ၏၊ ဆင်မင်းသည် မင်းကြီး၏ စကားကိုကြားလျှင်–

“မြတ်သောမင်းကြီး... မျက်စိမမြင် ဆောင်သူ မရှိ အထီးကျန်သော ဆင်အိုမသည် ခဏ္ဍောာရဏ တောင်သို့ ရှေးရှသည်ဖြစ်၍ သစ်ငုတ်ကို ခြေဖြင့် ခတ်မိလေအံ့တကား”-

ဟု ပြောကြားလေ၏၊ ထိုအခါမင်းကြီးသည် မသိသဖြင့်-

“အို-ဆင်မင်း... မျက်စိမမြင် ဆောင်သူမရှိ၊ အထီး ကျန်သော ဆင်အိုမသည် ခဏ္ဍောရဏ တောင်သို့ ရှေးရှုသည်ဖြစ်၍ သစ်ငုတ်ကို ခြေဖြင့်ခတ်မိလေအံ့ ဆိုဘိ၏၊ ထိုဆင်မကား သင်နှင့် အသို့စပ်တော်သနည်း”— ဟု မေးတော်မူ၏။

မိအိုကျွေးသမှု လွှတ်ခြင်းပြု

ထိုအခါ ဆင်မင်းသည် မြတ်သောမင်းကြီး...အကျွန်ုပ်၏ အမိဖြစ်ပါသည်၊ အကျွန်ုပ်ကား အမိအိုကို လုပ်ကျွေး၍

နေပါသည် ဟုပြောကြားလေ၏၊ ထိုအခါ မင်းကြီးသည် မင်းချင်းအား “အမောင်တို့...ဤဆင်မင်းကား အမိအိုကို လုပ်ကျွေးနေသော ဆင်မြတ်ဖြစ်သည်၊ အနှောင်အဖွဲ့မှ လွှတ်ကြကုန်”ဟု အခွင့်ပေးလေ၏။

ဆင်မင်းလည်း အနှောင်အဖွဲ့မှလွတ်လျှင် မင်းကြီးအား မင်းကျင့်တရားဆယ်ပါးကို ဟောကြားကာ အဆုံးအမပေးပြီးလျှင် ဟိမဝန္တာတောသို့ သွားလေ၏၊ မင်းကြီးနှင့်တကွ လူအပေါင်းတို့လည်း ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ကာ လိုက်၍ပို့ကြကုန်၏၊ ဆင်မင်းလည်းထိုနေ့ပင် ပဒုမာကြာအိုင် သို့ရောက်၍ ကြာစွယ်ကြာရင်းတို့ကို ယူပြီးလျှင် နှာမောင်း အပြည့်ရေကိုလည်းယူ၍ အမိအိုထံသွားကာ ခုနစ်ရက် ပတ်လုံး အစာမစားရ၍ အားနည်းနေသော အမိအား အင်အား ပြည့်လာစေရန် ဦးခေါင်းထက်၌ ရေသွန်း လောင်း၏၊ ထိုအခါ ဆင်မအိုသည် မိုဃ်းရွာ၏ ဟူသော အထိမ်းအမှတ်ဖြင့်–

“ငါ့ရင်မှဖြစ်၍ ငါ့ကို လုပ်ကျွေး မွေးမြူသော သားကောင်းဆင်မင်းသည် အရပ်တပါးသို့ သွားလေ၏၊ အခါမဟုတ်ဘဲ ရွာသော မိုဃ်းယုတ်မာကား အဘယ်မိုဃ်းတဲ့နည်း”

ဟုမိုဃ်းကို ဆဲရေးလေ၏၊ ထိုအခါ ဆင်မင်းသည်-

“မိခင်...ထပါ။ အဘယ်ကြောင့်ဤမျှလောက် အိပ်သနည်း၊ မိခင်သားတော် အကျွန်ုပ်သည် ရောက်လာခဲ့ပြီ၊ လျင်မြန်သော ဉာဏ်ရှိလျက် အခြံအရံများသော ကာသိမင်းသည်လွှတ်လိုက်ပေပြီ”-ဟုမိခင်အား အကြောင်းစုံပြောကြားလေ၏၊ သား၏ စကားကိုကြားလျှင် မိခင်ဆင်အိုမသည်-

“ကာသိတိုင်းကြီး၏ အကျိုးစီးပွားကိုဆောင် ရွက်တော်မူသော မင်းမြတ်သည် အခါခပ်သိမ်း မိခင်ကို အရိုအသေလုပ်ကျွေးသော သားမြတ်ကို လွှတ်လိုက်ပေ၏၊ ထိုမင်းမြတ်သည် ရှည်မြင့်စွာ အသက်ရှည်ပါစေ”—

ဟုဂုဏ်ကျေးဇူးကို ချီးကျူးကာဆုမွန်ကောင်းတောင်းလေ၏။

ဆင်မင်းကိုမှီ မြို့တော်တည်

မင်းကြီးလည်း ဆင်မင်းကို ကြည်ညို၍ ပဒုမာကြာအိုင်၏ မနီးမဝေးသော အရပ်မှာပင် မြို့ရွာ တည်ပြီးလျှင် ဆင်မင်းအား၎င်း, မယ်တော်အား၎င်း နိဗဒ္ဓဝတ်ပြု၍ အမြဲလုပ်ကျွေးလေ၏၊ နောက်အခါ မယ်တော်သေလွန်လျှင် ဆင်မင်းသည် ကရဏ္ဍကမည်သော သင်္ခမ်းကျောင်း သို့သွား၍ ရသေ့ငါးရာတို့ကို လုပ်ကျွေးကာ ကုသိုလ်ကောင်းမှုကို ပြု၍နေ၏။

မင်းကြီးလည်း ဆင်မင်းမရှိလျှင် ဆင်မင်းသဏ္ဌာန် ကျောက်ရုပ်ကို ထုလုပ်စေပြီးလျှင် ကြီးစွာသော ပူဇော် သက္ကာရကိုပြု၏၊ ဇမ္ဗူဒိပ်ကျွန်း၌နေကုန်သော သူတို့သည် နှစ်တိုင်း နှစ်တိုင်းစုဝေးကာ ဆင်ပူဇော်ပွဲပြုလုပ်ကြကုန်၏။

ဤဒေသနာတော်ကို ဟောတော်မူ၍ သစ္စာကိုပြသည်၏အဆုံး၌ အမိကိုလုပ်ကျွေးသောမထေရ်သည် သောတာပတ္တိဖိုလ်၌တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့...

*ထိုအခါ ဗာရာဏသီမင်းသည်-ယခုအခါအာနန္ဒာ။

*မုဆိုးသည်-ဒေဝဒတ်။

*ဆင်ဆရာသည်-သာရိပုတ္တရာ။

*ဆင်မင်းသည်-ငါဘုရားဖြစ်လာပြီ– ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးကြီးလှ၊ မိနှင့်ဘ၊ နိစ္စလုပ်ကျွေးရာ။

(၂) ပစ္စုပ်တမလွန်၊ ကျိုးနှစ်တန်၊ ဧကန်ပြီးသည်သာ။

(၃) မိခင်ကျွေးမှု၊ ကျောက်ဆင်တု၊ ဇမ္ဗူကိုးကွယ်ရာ။

မာတုပေါသကဇာတ်ပြီး၏။

***

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ