မဟာပနာဒဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၂။ ပဒုမဝဂ် -(၂၆၄) မဟာပနာဒဇာတ်။ ။ အရှင်ပစ္စေကဗုဒ္ဓါအား ကျောင်းငယ်လှူခဲ့ဖူးသော ကုသိုလ်ကြောင့် အထူးထူးသော ပြာသာဒ်နှင့်တကွ စည်းစိမ်ခံစားရသော မဟာပနာဒမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

စည်းစိမ်ကြီးမား သူဌေးသား[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဂင်္ဂါမြစ်နား၌ သီတင်းသုံးတော်မူစဉ် တစ်ရံသောအခါ မြတ်စွာဘုရားသည် ဘဒ္ဒဇိ သူဌေးသားအား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုမည်ဟု သံဃာအပေါင်းအား ခြံရံလျက် ကြွတော်မူလတ်သော် ဘဒ္ဒိယမြို့သို့ရောက်၍ အလိုလိုဖြစ်သော တောတစ်ခုဝယ် ဘဒ္ဒိဇိသူဌေးသား၏ ဉာဏ်ရင့်ခြင်းကို ဆိုင်းငံ့တော်မူလျက် သုံးလပတ်လုံး သီတင်းသုံးတော်မူ၏။

ထိုဘဒ္ဒဇိသူဌေးသားကား ဥတုသုံးပါးအား လျောက်ပတ်သော ပြာသာဒ်သုံးဆောင်ရှိ၏။ တစ်ဆောင် တစ်ဆောင်တွင် လေးလစီ နေလေ့ရှိ၏။ ထိုသူဌေးသား ပြာသာဒ်တစ်ဆောင်မှ တစ်ဆောင်သို့ အကူးတွင် တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကာ သူ့ထက်ငါ ဝိုင်းအုံလျက် ညောင်စောင်းအဆင့်ဆင့်ခင်း၍ သူဌေးသား၏ စည်းစိမ်ကို ကြည့်ရှုလေ့ရှိကြကုန်၏။

ထိုအခါ ဘဒ္ဒိယမြို့သူမြို့သားတို့သည် မြို့အလယ်တွင် ခမ်းနားတင့်တယ်စွာ မဏ္ဍပ်ကြီးဆောက်လုပ်ပြီးလျှင် ဘုရာအမှူးရှိသော သံဃာတော်တို့ကို ပင့်ဖိတ်ကာ အလှူကြီးပေးလျက် တရားတော်ကို နာကြားကြကုန်၏။ ထိုခဏတွင် ဘဒ္ဒဇိသူဌေးသားသည် ပြာသာဒ်တစ်ဆောင်မှ တစ်ဆောင်သို့ကူးခဲ့ရာ မိမိ၏အခြွေအရံမှတစ်ပါး မြို့သူမြို့သားတို့ကို မမြင်သဖြင့် မေးမြန်းလျှင် မြတ်စွာဘုရား ကြွလာတော်မူ၍ တစ်မြို့လုံး အလှူကြီးပေးကာ တရားတော်ကို နာကြားနေကြကြောင်း ပြောဆိုကုန်၏။ ထိုစကားကိုကြားလျှင် သူဌေးသားသည် မိမိအခြံအရံနှင့်တကွ မြတ်စွာဘုရားထံသို့သွား၍ ပရိတ်သတ်အစွန်တွင် နေလျက် တရားတော်ကို နာရသောအခါ အလုံးစုံသော ကိလေသာတို့ကို ကုန်ခန်းစေ၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ရဟန်းပြုဘိ ဘဒ္ဒဇိ[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ဘဒ္ဒဇိသတို့သား၏ အဖဖြစ်သော ဘဒ္ဒိယ သူဌေးကြီးကို ခေါ်တော်မူ၍ သူဌေးကြီးအား သားတော် ဘဒ္ဒိဇိသတို့သား အရဟတ္တဖိုလ်သို့ရောက်ကြောင်း မိန့်တော်မူရာ သူဌေးကြီးသည် သားတော်ကိုရဟန်းပြုပြီးလျှင် နက်ဖြန် သားတော်ကို ခေါ်ဆောင်ကာ ဘုရားအမှူးရှိသော သံဃာတော်တို့သည် အိမ်သို့ကြွ၍ ဆွမ်းဘုဉ်ပေးတော်မူရန် လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ဘဒ္ဒဇိသူဌေးသားကို ကျောင်းတော်သို့ခေါ်၍ ရဟန်းပြုပြီးလျှင် နက်ဖြန် သူဌေးကြီးအိမ်တွင် ဆွမ်းဘုဉ်းပေးတော်မူ၏။ သူဌေးကြီးလည်း ဘုရားအမှူးရှိသော သံဃာအား ခုနစ်ရက်ပတ်လုံး အလှူကြီးပေးလေ၏။

ထိုမှတန်ဖန် ကောဋိရွာသို့ ကြွတော်မူပြန်၏။ ထိုရွာတွင်လည်း အလှူကြီးပေးကြကုန်၏။ ဘဒ္ဒဇိမထေရ်သည် မြတ်စွာဘုရား အနုမောဓနာပြုသောအခါ ရွာပြင်သို့သွား၍ မြတ်စွာဘုရား ကြွလာတော်မူသောအခါ ဈာန်မှထမည်ဟု အဓိဋ္ဌာန်ပြုကာ သစ်ပင်ရင်းျွှင် ဈာန်ဝင်စား၍နေ၏။ မထေရ်ကြီးတို့လာသောအခါ မထဘဲ မြတ်စွာဘုရား ကြွလာတော်မူသောအခါမှ ထလေ၏။ ပုထုဇဉ်ရဟန်းတို့သည် ဘဒ္ဒဇိမထေရ်အား မထေရ်ကြီးတို့ကို မရိုသေမသေပြုသည်ဟု ကဲ့ရဲ့ကြကုန်၏။

ဘဒ္ဒဇိတန်ခိုးရှင် ပြာသာဒ်ဆယ်ယူငင်[ပြင်ဆင်ရန်]

ကောဋိရွာသားတို့သည် လှေဖောင်တို့ကိုဖွဲ့ကာ သံဃာတော်အား ဂင်္ဂါတစ်ဖက်ကမ်းသို့ပို့ရန် စီမံကြကုန်၏။ မြတ်စွာဘုရားသည် ဘဒ္ဒဇိမထေရ်ကိုခေါ်၍ အတူစီးတော်မူ၏။ မြစ်လယ်သို့ရောက်သောအခါ “ချစ်သားဘဒ္ဒဇိ ... သင်သည် မဟာပနာဒမင်း ဖြစ်စဉ်ကနေသော ပြသာဒ် အဘယ်မှာနည်း” ဟု မေးတော်မူလျှင် ဘဒ္ဒဇိမထေရ်လည်း ဤအရပ်မှာရှိသည်ဟု လျှောက်လေ၏။ ပုထုဇဉ်ရဟန်းတို့သည် အရဟတ္တဖိုလ်ကို ပြောသည်ဟု ကဲ့ရဲ့ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ဘဒ္ဒဇိ ... ရဟန်းတို့ ယုံမှားကို ဖျောက်လော့” ဟု မိန့်တော်မူ၏။

ထိုအခါ ဘဒ္ဒဇိမထေရ်သည် တန်ခိုးဖြင့်သွား၍ ပြာသာဒ်၏ ထုပိကာကု ခြေကြားတွင်ညှပ်လျက် နှစ်ဆယ့်ငါးယူဇာနာရှိသော ပြာသာဒ်ကြီးကိုချီမကာ ကောင်းကင်၌ တစ်ယူဇနာ နှစ်ယူဇနာ သုံးယူဇနာတိုင်အောင် တက်၍ ပျံသန်းလေ၏။ ထိုအခါ ငါး၊ လိပ်၊ နဂါး၊ ဖားတို့သည် ပြာသာဒ်မှ ရေထဲသို့ကျကုန်၏။ မြတ်စွာဘုရားသည် ပြာသာဒ်၌ တပ်စွန်း၍ ငါး၊ လိပ်၊ နဂါး၊ ဖားဖြစ်၍နေကုန်သော သင့်ဆွေမျိုးတို့သည် ပင်ပန်းကုန်၏ဟု မိန့်တော်မူလျှင် တစ်ဖန် ပြာသာဒ်ကို တည်မြဲတိုင်းနေရာတွင် ထားလေ၏။

ရဟန်းတို့သည် “အရှင်ဘုရား ... ဘဒ္ဒဇိမထေရ်သည် ဤပြာသာဒ်ကို ဘယ်ကာလ၌ သုံးဆောင်ဖူးသနည်း” ဟု မေးလျှောက်ကြရာ၊ မြတ်စွာဘုရားသည် မဟာပနာဒမင်း ဖြစ်စဉ်က သုံးဆောင်ဖူးကြောင်း မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ကျောင်းငယ်လှူကြ ပြာသာဒ်ရ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဝေဒေဟတိုင်း မိတ္ထီလပြည်ဝယ် သုရုစိမည်သောမင်းသည် မင်းပြုသည်ရှိသော် ထိုသူရုစိမင်း၏သားတော်လည်း သုရုစိပင်အမည်ရှိ၏။ ထိုမင်း၏ သားတော်ကား မဟာပနာဒ အမည်ရှိ၏။ ထိုမင်းတို့သည် ဤသို့သဘောရှိသော ပြာသာဒ်အထူးကို ရဖူးကုန်၏။

ရခြင်း၏အကျိုးကောင်းမှုကား - လွန်လေပြီးသောအခါ သားအဖနှစ်ယောက်တို့သည် ကျူထရံကာ၍ ရေသဖန်းသားသစ်တို့ဖြင့် အရှင်ပေစ္စကဗုဒ္ဓ၏ ကျောင်းကို ဆောက်လုပ်လှူဒါန်းဖူးကုန်၏။ [ဤဇာတ်တော်၌ အလုံးစုံသော အတိတ်ဝတ္ထုသည် ပကိဏ္ဏကနိပါတ် သုရုစိဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

သဗ္ဗုညုတမြတ်စွာဘုရားသည် အတိတ်ဖြစ်သော ဇာတ်ကိုဆောင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် -

မဟာပနာဒမင်း၏ ပြာသာဒ်သည် ရွှေဖြင့်ပြီး၏။ အကျယ်အပြန့်အားဖြင့် ရှစ်ယူဇနာရှိ၏။ အမြင့်အားဖြင့် နှစ်ဆယ့်ငါးယူဇနာရှိ၏။ ဘုံဆင့်တစ်ရာရှိ၏။ တံခွန်များ၏။ ပတ္တမြားစိမ်းတို့ဖြင့် ပြီး၏။ ထိုပြာသာဒ်၌ ခြောက်ထောင်သော ကချေသည်တို့သည် ခုနစ်ဌာနတို့၌ ကကြရကုန်၏။

ဤသို့ကကြကုန်သော်လည်း မဟာပနာဒမင်းကို ရွှင်စေခြင်းငှာ မတတ်နိုင်ကုန်။ ထိုအခါ သိကြားမင်းသည် နတ်ကချေသည်တို့ကို စေလွှတ်၍ ပွဲသဘင်ပြုစေ၏။ ထိုအခါ မဟာပနာဒမင်းသည် ရွှင်လေ၏။

“ချစ်သား ဘဒ္ဒဇိ ... သင်ပြောဆိုအပ်သော အခြင်းအရာအားလုံးသည် ပြောဆိုသောအတိုင်း မှန်ပေ၏။ ငါသည် ထိုအခါ သင်၏ အမှုကြီးငယ်ကို ရွက်ဆောင်သော သိကြားမင်း ဖြစ်ဖူးပြီ -”

ဟု ဟောတော်မူ၏။ ထိုခဏ၌ ပုထုဇဉ်ရဟန်းတို့သည် ယုံမှားကင်းကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မဟာပဒနမင်းသည် - ယခုအခါ ဘဒ္ဒဇိမထေရ်။

သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) သဖန်းသစ်မှာ၊ ကျူထရံကာ၊ လှူရာပစ္စေအား။

(၂) နှစ်ဆယ့်ငါးယူဇနာ၊ ပြာသာဒ်မှာ၊ နောင်ခါဖြစ်ပေါ်သား။

မဟာပနာဒဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ