မရဏာနုဿတိ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
မရဏာနုဿတိသည် ဗုဒ္ဓဘာသာ၏ ကမ္မဋ္ဌာန်း (၄၀) အနက် အနုဿတိကမ္မဋ္ဌာန်း (၁၀) ပါး၏ တစ်မျိုးဖြစ်ပြီး၊ သေခြင်းတရား (မရဏ) ကို အဖန်တလဲလဲ အောက်မေ့၍ ပွားများသော ဘာဝနာတရားဖြစ်သည်။ “မရဏ” ဆိုသည်မှာ တစ်ခုသော ဘဝ၌ အကျုံးဝင်သော ဇီဝိတိန္ဒြေ (အသက်) ၏ ပြတ်စဲခြင်းကို ဆိုလိုပြီး၊ ထိုသေခြင်းကို သတိဖြင့် အာရုံပြုခြင်းသည် “မရဏဿတိ” သို့မဟုတ် “မရဏာနုဿတိ” ဟု ခေါ်သည် [၁]။ ဤကမ္မဋ္ဌာန်းသည် အသက်၏ မမြဲမှု (အဓုဝ) နှင့် သေခြင်း၏ မလွှဲမရှောင်သာမှု (ဓုဝ) ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သံဝေဂစိတ်ကို ဖြစ်စေရန် ရည်ရွယ်သည်။
ပါဠိတော်၌ မရဏာနုဿတိ
[ပြင်ဆင်ရန်]ဘုရားရှင်က “ရဟန်းတို့၊ ရဟန်းသည် သေဆုံးသောအလောင်းကို သင်္ချိုင်းတွင် စွန့်ပစ်ထားသည်ကို မြင်ရသကဲ့သို့၊ တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကြာသော၊ ဖောင်းကားပြီး ညိုမည်းကာ ပုပ်ပွနေသော အလောင်းကို မြင်ရသကဲ့သို့၊ မိမိ၏ ဤကိုယ်ကို ‘ဤကိုယ်သည်လည်း ဤသို့သော သဘောရှိ၏၊ ဤသို့ဖြစ်လိမ့်မည်၊ ဤသို့သော သေခြင်းကို မလွန်မြောက်နိုင်’ ဟု ဆင်ခြင်ရမည်” ဟု ဟောကြားထားသည် [၂]။ ဤသို့ ဆင်ခြင်ခြင်းဖြင့် သေခြင်းတရား၏ မလွှဲမရှောင်သာမှုကို သတိပြုရန် ညွှန်ကြားထားသည်။
မရဏာနုဿတိ စီးဖြန်းနည်း
[ပြင်ဆင်ရန်]ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်အရ [၃]၊ မရဏာနုဿတိကမ္မဋ္ဌာန်းကို အောက်ပါအဆင့်များဖြင့် ပွားများရသည်-
၁။ သမာဓိထူထောင်ခြင်း
- ယောဂီသည် ရှေးဦးစွာ အသုဘကမ္မဋ္ဌာန်းကို အခြေခံ၍ ပထမဈာန်သမာဓိသို့ ဆိုက်အောင် ထူထောင်ရသည်။ ဗဟိဒ္ဓအသုဘအလောင်းကို အာရုံပြု၍ “ဤကိုယ်သည်လည်း ဤသို့သေမည်၊ ဤသို့ဖြစ်လိမ့်မည်၊ သေခြင်းကို မလွန်မြောက်နိုင်” ဟု ဉာဏ်ဖြင့် ဆင်ခြင်ရသည်။
၂။ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို အာရုံပြုခြင်း
- မိမိသေနေသော အလောင်းပုံကို ဉာဏ်ဖြင့် ကပ်ဆောင်ကြည့်ပြီး၊ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို အာရုံပြုရသည်။ ဤအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်အောင် ကြိုးစားရသည်။
၃။ နှလုံးသွင်းပုံ
- အောက်ပါအချက်များအနက် မိမိကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်၍ ပါဠိလို သို့မဟုတ် မြန်မာလိုဖြင့် နှလုံးသွင်းရသည်-
- မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ - ငါ၏ သေခြင်းသည် မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ။
- မရဏံ မေ ဘဝိဿတိ - ငါ၏ သေခြင်းသည် မချွတ်ဧကန် ဖြစ်လိမ့်မည်။
- မရဏပရိယောသာနံ မေ ဇီဝိတံ - ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏။
- မရဏံ မရဏံ - သေခြင်းတရား သေခြင်းတရား။
၄။ ဥပစာရသမာဓိသို့ ဆိုက်ရောက်ခြင်း
- ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုအာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ၊ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်တည်နိုင်ပါက၊ နီဝရဏများ ကွာကျလျက် ဥပစာရသမာဓိသို့ ဆိုက်ရောက်သည်။ ဈာန်အင်္ဂါ (၅) ပါး (ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ) ထင်ရှားလာသော်လည်း၊ အပ္ပနာဈာန်သို့ မရောက်ဘဲ ဥပစာရဈာန်သာ ဖြစ်သည်။
ပေသကာရဓီတာဝတ္ထု၌ ဘုရားရှင်၏ ညွှန်ကြားချက်
[ပြင်ဆင်ရန်]ဘုရားရှင်သည် ယက်ကန်းသည်မလေး ပေသကာရဓီတာအား မရဏာနုဿတိ ပွားများနည်းကို ဤသို့ ဟောကြားခဲ့သည် [၄]- အဒ္ဓုဝံ မေ ဇီဝိတံ - ငါ၏ အသက်ရှင်ခြင်းသည် မမြဲ။ ဓုဝံ မေ မရဏံ - ငါ၏ သေခြင်းသည် မြဲ၏။ အဝဿံ မယာ မရိတဗ္ဗမေဝ - ငါသည် မချွတ်ဧကန် သေရလိမ့်မည်။ မရဏပရိယောသာနံ မေ ဇီဝိတံ - ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏။ ဇီဝိတမေဝ အနိယတံ - ငါ၏ အသက်သည် မမြဲခြင်းသဘောသာ ရှိ၏။ မရဏံ နိယတံ - ငါ၏ သေခြင်းသည် မြဲ၏။ ဤနည်းဖြင့် ဘာဝနာပွားရာ၌ ပေသကာရဓီတာသည် သံဝေဂဉာဏ်ဖြင့် မရဏာနုဿတိကို အောင်မြင်စွာ ပွားများနိုင်ခဲ့သည်။
နောက်ဆုံးအချိန်၌ အကျိုးကျေးဇူး
[ပြင်ဆင်ရန်]မရဏာနုဿတိကို မပွားများထားသူများသည် သေခါနီးအချိန်၌ သေခြင်းကို ကြောက်ရွံ့တုန်လှုပ်ကြပြီး၊ အကုသိုလ်ဇောများ (ဒေါသ၊ ပူပန်မှု) ဖြင့် ဘဝကို အဆုံးသတ်ရတတ်သည်။ သို့သော် မရဏာနုဿတိကို လေ့ကျင့်ထားသူများသည် သေခြင်းကို ကြောက်ရွံ့မှုမရှိဘဲ၊ ကုသိုလ်ဘာဝနာဖြင့် ကောင်းသော ဂတိကို ရည်မျှော်ကာ ချမ်းမြေ့စွာ ဘဝကို အဆုံးသတ်နိုင်သည်။ ဥပမာအားဖြင့်၊ အဆိပ်ပြင်းမြွေကို ကြောက်ရွံ့မှုမရှိဘဲ တုတ်ဖြင့် ကော်ယူ၍ ဝေးရာသို့ ပို့သကဲ့သို့ ဖြစ်သည်။ ဤအကျိုးကို ရည်ရွယ်၍ ဘုရားရှင်က မရဏာနုဿတိကို ပွားများရန် တိုက်တွန်းခဲ့သည်။
ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို ရှုပုံ
[ပြင်ဆင်ရန်]မရဏာနုဿတိ၏ အာရုံမှာ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှု (ပရမတ်တရား) ဖြစ်သည့်အတွက်၊ ဤရှုကွက်သည် နက်နဲ၍ ခက်ခဲသည်။ ယောဂီသည် အသုဘအလောင်းကို အာရုံပြု၍ ပထမဈာန်သို့ ဆိုက်ပြီးနောက်-
- မိမိသေနေသော အလောင်းကို ဉာဏ်ဖြင့် ကပ်ဆောင်ကြည့်သည်။
- ထိုအလောင်း၏ နှလုံးအိမ်အတွင်းသို့ ဉာဏ်ဖြင့် ထိုးစိုက်ကြည့်ပြီး၊ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို ရှာသည်။
- သေမီက ဘဝင်မနောအကြည်ဓာတ် (စိတ်အစဉ်) ကို အနည်းငယ် နောက်ဆုတ်ကြည့်၍ တွေ့ရှိပြီး၊ သေခါနီးသို့ တိုးကြည့်ကာ ဘဝင်စိတ်နှင့် ယှဉ်သော ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို မြင်အောင် ရှုသည်။
ဤနည်းဖြင့် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို သဘောပေါက်နိုင်သော်လည်း၊ ပရမတ်သို့ ဆိုက်ရန် နာမရူပပရိစ္ဆေဒဉာဏ် လိုအပ်သည်။
နာမ်တရား သိမ်းဆည်းပုံ
[ပြင်ဆင်ရန်]မရဏာနုဿတိသည် ဥပစာရသမာဓိသို့သာ ဆိုက်စေနိုင်သော ကမ္မဋ္ဌာန်းဖြစ်သည်။ ဘာဝနာဇောသည် ကာမာဝစရဇော ဖြစ်၍ (၇) ကြိမ်သာ စောနိုင်ပြီး၊ တဒါရုံ ကျခွင့် ရှိသလို မကျခွင့်လည်း ရှိသည်။ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို ပရမတ်အာရုံအဖြစ် ယူနိုင်ပါက ဝိဘူတအာရုံဖြစ်၍ တဒါရုံ ကျနိုင်သော်လည်း၊ ပညတ်အာရုံ (မိမိသေနေသည့်ပုံ) ပေါ်တွင်သာ သောင်တင်နေပါက တဒါရုံ မကျနိုင်ပေ။ ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်သူများသာ ဤအာရုံကို အမှန်တကယ် ရှုနိုင်ဖွယ်ရှိသည်။ [၅]
