မတရောဒနဇာတ်

ဝီကီပီးဒီးယား မှ

စတုက္ကနိပါတ် - ၂။ ပုစိမန္ဒဝဂ် -(၃၁၇) မတရောဒနဇာတ်။ ။ အစ်ကိုသေဆုံးရာ ဆွေမျိုးအားလုံး ငိုကြွေးကြကုန်လျက် ညီတစ်ဦးတည်းသာ လောကဓံကိုသိ၍ မငိုဘဲနေသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

အစ်ကိုသေက ညီငိုရ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ မထင်ရှားသော သူကြွယ်တစ်ယောက်သည် အစ်ကို သေလွန်သဖြင့် သောကနှိပ်စက်၍ ရေလည်းမချိုး၊ ထမင်းလည်းမစား၊ နံ့သာလည်းမလိမ်း၊ နံနက်စောစောကပင်လျှင် သုသာန်သို့သွား၍ ငိုကြွေးလေ၏။

မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ လောကအလုံးစုံကို ကြည့်ရှုလတ်သော် ထိုသူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လတ္တွှံ၊ ဥပနိဿယကို မြင်တော်မူလျှင် သူကြွယ်အိမ်သို့ ကြွတော်မူ၍ ခင်းအားအပ်သော နေရာ၌ နေတော်မူ၏။ သူကြွယ်လည်း မြတ်စွာဘုရားထံ ဆည်းကပ်ကာ ရှိခိုးလျက်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် “သူကြွယ် ... စိုးရိမ်သလော” ဟု မေး၏။ “အရှင်ဘုရား ... အစ်ကို သေလွန်သောအခါမှစ၍ စိုးရိမ်ပါ၏” ဟု လျှောက်ရာ၊ “သူကြွယ် ... ခပ်သိမ်းသော သင်္ခါရတရားတို့သည် အမြဲမရှိကုန်၊ ပျက်စီးခြင်းသဘော ရှိကုန်၏၊ ပျက်စီးခြင်း၌ မစိုးရိမ်အပ်၊ ရှေးပညာရှိတို့သည် အစ်ကို သေလွန်သော်လည်း မစိုးရိမ်ကြကုန်”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သေလို့ မငို ကဲ့ရဲဆို[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် မိဘတို့ သေလွန်ကုန်၏။ ထိအခါ အစ်ကိုသည် စည်းစိမ်ဥစ္စာကို စီအံအုပ်ချုပ်ရ၏။ ညီသူကြွယ်သည် အစ်ကိုသူကြွယ်ကိုမှီ၍ အသက်မွေးရ၏။

နောက်အခါ အစ်ကိုသူကြွယ်သည် သေလွန်လေ၏။ ဆွေမျိုးသားချင်း အဆွေခင်ပွန်းတို့သည် စည်းဝေးကုန်လျက် ငိုကြွေးကြကုန်၏။ ညီသူကြွယ်ကား မငိုကြွေးချေ။ ထိုအခါ လူတို့သည် “အချင်းတို့ ... ကြည့်ရှုကြကုန်လော၊ အစ်ကိုသေသော်လည်း ဤညီသူကြွယ်ကား မျက်နှာတွန့်ခြင်းမျှမရှိ၊ အလွန်စိတ်ခိုင်မာလှ၏။ ဥစ္စာနှစ်ခုလုံးကို ငါသာခံစားရမည်ဟု အစ်ကို သေခြင်းကို အလိုရှိသယောင်တကား” ဟု ကဲ့ရဲ့ကြကုန်၏။ ဆွေမျိုးတို့သည်လည်း ကဲ့ရဲ့ကြကုန်၏။

မိုက်မဲသူတွေ ငိုကြလေ[ပြင်ဆင်ရန်]

ညီသူကြွယ်သည် ထိုကဲ့ရဲ့သူတို့ စကားကို ကြားလျှင် “သင်တို့သည် အလွန်မိုက်မဲကြဖြင့် လောကဓံတရားရှစ်ပါးကို မသိကြသောကြောင့် ငါ့အစ်ကို သေလွန်ရာ၌ ငိုကြွေးကြကုန်၏။ ငါသည်လည်း မုချသေရတ္တံ့၊ ထိုကြောင့် ငါကား မငိုကြွေး၊ သင်တို့လည်း သေကြရကုန်လတ္တံ့ဟု နှလုံးသွင်းကာ မငိုကြွေးကြကုန်လင့်၊ ခပ်သိမ်းသောသင်္ခါရတို့သည် အမြဲမရှိကုန်၊ ဖြစ်ပြီးလျှင် ချုပ်တတ်ပျက်တတ်ကုန်၏။ တည်တံ့ခြင်းငှာ စွမ်းနိုင်သော သင်္ခါရတရားမည်သည် မရှိ၊ သင်တို့ မိုက်မဲ၍ ငိုကြွေးကုန်သော်လည်း ငါ ဘယ်အကျိုးရှိ၍ ငိုကြွေးအံ့နည်း” ဟု ပြောဆိုကာ -

“အချင်းတို့ ... သင်တို့ကား သေလွန်တိုင်း၊ သေလွန်တိုင်း ငိုကြွေးကုန်၏၊ သေလတ္တံ့ ဖြစ်သောသူကို မငိုကြွေးကြကုန်၊ အလုံးစုံ ခန္ဓာကိုယ်ကို ဆောင်သောသူတို့သည် အစဉ်အတိုင်း သေရကြကုန်လတ္တံ့။

စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်သော နတ်၊ လူ၊ နဂါး၊ သား၊ ငှက်တို့သည် မိမိတို့ကိုယ်၌ အစိုးမရကုန်၊ ဖြစ်ရာအရပ်၌ မွေ့လျော်ကာ သေလွန်ကြရကုန်၏၊ လူတို့၌ ဤသို့လျှင် မတည်ကြည် တုန်လှုပ်သော ချမ်းသာ ဆင်းရဲကို ကြည့်ရှုကာ မျက်ရည်ယိုစီးခြင်း၊ ငိုကြွေးခြင်းသည်ကား အကျိုးမရှိ၊ အဘယ်ကြောင့် သင်တို့အား စိုးရိမ်ခြင်းအပေါင်းတို့သည် နှိပ်စက်ကုန်ဘိသနည်း။

မိန်းမကြူးသူ၊ ကြွေအန်ကြူးသူ၊ သောက်စားကြူးသူ၊ အကျင့်ကို မကျင့်သူ၊ အသင့်အတင့် နှလုံးသွင်းသူ၊ လောကဓံတရားရှစ်ပါးတို့၌ မလိမ္မာသူ လူမိုက်တို့သည် ဆွေမျိုးတို့ သေလွန်ရာ မငိုကြွေးသော ငါကဲ့သို့သော ပညာရှိကို သူမိုက်ဟု မှတ်ထင်အောက်မေ့ကုန်၏” –

ဟု ကဲ့ရဲ့သူတို့အား တရားစကား ဟောကြား ဆုံးမလေ၏။ ခပ်သိမ်းသော သူတို့လည်း ညီသူကြွယ်၏တရားကို စကားကြားနာရသဖြင့် စိုးရိမ်သောက ကင်းလေကုန်၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သောက မရှိအောင် ပြုသော ပညာရှိသူကြွယ်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) သတ္တဝါခပဲ၊ သေရမြဲ၊ မမြဲသင်္ခါရာ။

(၂) ရှစ်လောကဓံ၊ မသိပြန်၊ သေလွန်ငိုကြွေးရှာ။

(၃) မငိုမပူ၊ သူကြွယ်မူ၊ မိုက်သူကဲ့ရဲ့ကာ။

မတရောဒနဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ