မဏိသူကရဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၈၅) မဏိသူကရဇာတ်။ ။ ခြင်္သေ့ရိပ်ထင်သော ပတ္တမြားကို ညစ်စေလို၍ အဖန်ဖန် ပွတ်တိုက်ကြသော ဝက်များအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

သုန္ဒရီမည်ရ ပရိဗိုဇ်မ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားအား လည်းကောင်း၊ ရဟန်းသံဃာအား လည်းကောင်း မြစ်ကြီးငါးစင်းတို့ ကြီးစွာသော ရေအယဉ်ကဲ့သို့ များစွာသော လာဘသက္ကာရတို့သည် ဖြစ်ကုန်၏။

ထိုအခါ တိတ္ထိတို့သည် နေထွက်သောအခါ ပိုးစုန်းကြူးကဲ့သို့ အရောင်အဝါ မရှိကုန်။ ဘုရားပွင့်တော်မူသည်မှစ၍ လာဘသက္ကာရတို့ည် ဆုန်ယုတ်ကုန်၏။ တစ်စုံတစ်ယောက်သောသူမျှလည်း ငါတို့ရှိသည်အဖြစ်ကို မသိ၊ ငါတို့သည် ဘယ်သူနှင့် တပေါင်းတည်းဖြစ်ကာ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ဖြစ်စေ၍ လာဘသက္ကာရကို ကွယ်စေရကုန်အံ့နည်းဟု စည်းဝေးတိုင်ပင်ကြကုန်၏။ ထိုအခါ တိတ္ထိတို့အား သုန္ဒရီ ပရိဗိုဇ်မနှင့် တပေါင်းတည်းပြု၍ လာဘသက္ကာရကို ကွယ်စေမည်ဟု ကြံစည်ကြကုန်၏။

တစ်နေ့သ၌ တိတ္ထိတို့သည် အာရာမ်တွင်းသို့ ဝင်လာသော သုန္ဒရီ ပရိဗိုဇ်မကို စကားမပြောဘဲ နေကြကုန်၏။ ပရိဗိုဇ်မသည် အဖန်ဖန် မေးသော်မှလည်း စကားမပြောဘဲ နေကြလျှင် “အရှင်ဘုရားတို့ကို တစ်စုံတစ်ယောက်သော သူသည် ညှဉ်းဆဲပါသလော” ဟု မေး၏။ “နှမ ... ငါတို့ကို လာဘသက္ကာရ မရှိအောင်ပြုကာ ရှင်ဂေါတမသည် ညှဉ်းဆဲဘိ၏၊ သင်ကား လှပတင့်တယ် ရှုချင်စဖွယ်ရှိ၏၊ ရှင်ဂေါတမအား အကျော်အစောမဲ့ကိုတင်၍ လူအများ သင့်စကားကို ယုံကြည်စေပြီးလျှင် လာဘသက္ကာရ ပျောက်ကွယ်အောင် ပြုပါ” ဟု စေခိုင်းကြကုန်၏။ သုန္ဒရီ ပရိဗိုဇ်မလည်း ဝန်ခံပြီးလျှင် ရှိခိုး၍သွားလေ၏။

သုန္ဒရီကိုပြ စွပ်စွဲကြ[ပြင်ဆင်ရန်]

သုန္ဒရီ ပရိဗိုဇ်မသည် ညချမ်းအခါ မြတ်စွာဘုရားထံမှ တရားနာပြီးလျှင် လူအများအပြန်တွင် ဇေတဝန်ကျောင်းဘက်သို့ သွား၏။ လူအများ မေးလျှင် “ငါသည် ရဟန်းဂေါတမထံသွား၍ ဂန္ဓကုဋိတိုက်တွင် အတူအိပ်ချေမည်” ဟု ပြောဆိုကာ တိတ္ထိတို့ အာရာမ်အတွင်းသို့ ဝင်၍အိပ်၏။ နံနက်စောစောလည်း ဇေတဝန်ကျောင်းမှ မြို့ဘက်သို့ သွားပြန်၏။ လူတို့မေးပြန်လျှင်လည်း ညအခါ ရဟန်းဂေါတမနှင့် ဂန္ဓကုဋိတိုက်တွင် အတူအိပ်ကာ ကိလေသာဖြင့် မွေ့လျော်စေပြီးမှ လာခဲ့၏ဟု ပြောဆိုပြန်၏။

နှစ်ရက်၊ သုံးူရက် လွန်လျှင် တိတ္ထိတို့သည် သေသောက်ကြူးတို့အား အသပြာပေး၍ “အမောင်တို့ ... သုန္ဒရီ ပရိဗိုဇ်မကိုသတ်၍ ရှင်ဂေါတမ၏ ဂန္ဓကုဋိတိုက်အနီးရှိ ပန်းမှိုက်ကြားတွင် အလောင်းကို ပစ်ခဲ့ကြ” ဟု စေခိုင်းကြကုန်၏။ သေသောက်ကြူးတို့လည်း တိတ္ထိတို့ စေခိုင်းတိုင်း ပြုကြကုန်၏။

ထိုနောက် တိတ္ထိတို့သည် သုန္ဒရီ ပရိဗိုဇ်မကို မမြင်ကုန်ဟု မြို့တွင်း၌ အုတ်အုတ်ကျက်ကျက် ပြုကုန်လျက် မင်းကြီးအား ပြောကြားကြကုန်၏။ မင်းကြီးလည်း “သင်တို့ အဘယ်အရပ်မှာ သံသယရှိကြသနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... သုန္ဒရီ ပရိဗိုဇ်မသည် ဇေတဝန်ကျောင်း၌ နေသည်၊ ထိုအရပ်မှာ သံသယရှိသည်” ဟု ပြောကြားကာ မင်းကြီးထံမှ ခွင့်ယူပြီးလျှင် မိမိတို့ ဘက်တော်သားစုကို ခေါ်ယူပြီးလျှင် ဇေတဝန်းကျောင်းသို့သွား၍ ရှာဖွေစေရာ ပန်းမှိုက်ကြား၌တွေ့၍ အလောင်းကို ညောင်စောင်း၌တင်ကာ မြို့တွင်းသို့ယူခဲ့ကြကုန်၏။ မင်းကြီးအားလည်း ရဟန်းဂေါတမ တပည့်တို့သည် ဆရာပြုသော မကောင်းမှုကို ဖုံးလွှမ်းလိုသဖြင့် သုန္ဒရီ ပရိဗိုဇ်မကို သတ်ပြီးလျှင် ပန်းမှိုက်ကြား၌ ပစ်ထားကြသည်ဟု လျှောက်ထားကြစေ၏။ မင်းကြီးလည်း သည်အတိုင်းဖြစ်လျှင် သွားကြကုန်၊ မြို့၌ လှည့်ကြကုန်ဟု အမိန့်ပေးလေ၏။

ထိုအခါ တိတ္ထိတို့သည် မြို့လမ်းခရီးတို့၌ သာကီဝင်မင်းသားရဟန်းဂေါတမ အမှုကို ကြည့်ရှုကြကုန်လော့ စသောစကားတို့ကို ပြောဆိုရှုတ်ချကာ တစ်ဖန် မင်းကြီးနန်းတော်တံခါးသို့ လာကြကုန်၏။ မင်းကြီးသည် သုန္ဒရီ ပရိဗိုဇ်မအလောင်းကို အစိမ်းပစ်ရာ သုသာန်သို့ ယူစေပြီးလျှင် ညောင်းစောင်း၌ထားကာ စောင့်စေ၏။ မြို့တွင်း မြို့ပြင်ရှိ အရိယာမှ တစ်ပါးသော သူတို့သည် တိတ္ထိတို့စကားကို ယုံကြည်ကာ ရဟန်းတို့ကို ဆဲရေးကြကုန်၏။

သေသောက်တို့ဖော် အမှုပေါ်[ပြင်ဆင်ရန်]

မင်းကြီးလည်း မင်းချင်းတို့အား သုန္ဒရီ ပရိဗိုဇ်မကို သတ်သောသူတို့ကို သိအောင် စုံစမ်းရမည်ဟု အမိန့်ပေးလေ၏။ မင်းချင်းတို့သည် သေသောက်ကြူးတို့ သေသောက်ရာအရပ်သို့သွား၍စုံစမ်းရာ သေသောက်ကြူးတို့ အချင်းချင်း ခိုက်ရန်ဖြစ်နေကြကုန်၏။ သေသောက်ကြူး တစ်ယောက်သည် သေသောက်ကြူးတစ်ယောက်အား “သင်ကား သုန္ဒရီ ပရိဗိုဇ်မကို တစ်ချက်တည်းဖြင့် အသေသတ်ကာ ပန်းမှိုက်ကြား၌ပစ်၍ ရသောအသပြာဖြင့် သေကို သောက်ရ၏၊ သင်လိုလူကို လူမှတ်ရမည်လော” ဟု ဆိုလေ၏။ ထိုအခါ မင်းချင်းတို့သည် ထိုသေသောက်ကြူးကိုဖမ်း၍ မင်းကြီးထံ ဆောင်ယူကြကုန်၏။ မင်းကြီးသည် သေသောက်ကြူးကို မေးလျှင် အမှန်အတိုင်း ဖြောင့်ချက်ပေးသဖြင့် တိတ္ထိတို့ သတ်ခိုင်းမှန်းသိလျှင် တိတ္ထိတို့ကို ခေါ်စေ၍ သုန္ဒရီ ပရိဗိုဇ်မ အလောင်းကို ထမ်းစေပြီးလျှင် သုန္ဒရီ ပရိဗိုဇ်မကို ရဟန်းဂေါတမအား ကျေးဇူးမဲ့ကို တင်လိုသဖြင့် ငါတို့ သတ်စေပါသည်၊ ရဟန်းဂေါတမ တပည့်တို့အား အပြစ်မရှိပါ၊ ငါတို့အားသာ အပြစ်ရှိပါသည်ဟု ပြောဆိုကာ မြို့တွင်း၌ လှည့်လည်စေပြန်၏။ တိတ္ထိတို့လည်း မင်းကြီး အမိန့်အတိုင်း ပြုကြရကုန်၏။

မိုက်သောသူတို့လည်း ထိုအခါမှ ယုံကြည်ကုန်၏။ တိတ္ထိတို့လည်း လူသတ်ဒဏ်ဖြင့် နှောင့်ယှက်ကုန်၏။ ထိုအခါမှစ၍ မြတ်စွာဘုရားအား အတိုင်းထက်အလွန် လာဘသက္ကာရသည် ပေါများလေ၏။

တစ်နေ့သ၌ တရားသဘင်ဝင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့ ... တိတ္ထိတို့သည် ဘုရားရှင်ကို ညစ်နွမ်းအောင်ပြုသော်လည်း မိမိတို့သာ ညစ်နွမ်းရကုန်၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ငါဘုရားကို ညစ်နွမ်းအောင်ပြုခြင်းကား ပတ္တမြားကို ညစ်နွမ်းအောင် ပြုခြင်းနှင့်တူ၏၊ ရှေးအခါ ဇောတိရသ ပတ္တမြားကို ညစ်နွမ်းအောင် ပြုမည်ဟု ဝက်တို့ လုံ့လပြုသော်လည်း ညစ်နွမ်းအောင် မတတ်နိုင်ကြကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ပတ္တမြားလိုဏ်ဂူ ဝက်မင်းမူ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာငယ်ကာမဂုဏ် ပုဏ္ဏားမျိုး၌ဖြစ်၍ ဘုရားအလောင်းသည် ရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမဂုဏ်တို့အပြစ်ကိုမြင်၍ တောထွက်ပြီးလျှင် ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်ဝယ် တောင်အရေးသုံးခုအလွန်တွင် ကျောင်းသင်္ခမ်းဆောက်၍ နေလေ၏။

ထိုအခါ ကျောင်းအနီးတွင် ပတ္တမြားလိုဏ်ဂူ ရှိ၏။ ထိုပတ္တမြားလိုဏ်ဂူဝယ် ဝက်သုံးဆယ်တို့သည် နေကြကုန်၏။ ထိုလိုဏ်ဂူအနီးရှိ ခြင်္သေ့တစ်ကောင်သည် ကျက်စားလေ့ရှိ၏။ ခြသေ့င်္၏အရိပ်သည် ပတ္တမြားဂူ၌ ထင်လေ၏။ ဝက်တို့သည် ခြင်္သေ့၏အရိပ်ကိုမြင်လျှင် ကြောက်ရွံ့ထိတ်လန့်ကုန်ရကား အသားအသွေး နည်းပါးလျက် ပိန်ချုံးကုန်၏။

ပတ္တမြားညစ်စေ ပွတ်ကြလေ[ပြင်ဆင်ရန်]

ထိုအခါ ဝက်တို့သည် ပတ္တမြား ကြည်လင်ခြင်းကြောင့် ခြင်္သေ့၏အရိပ်သည် ထင်လာ၏။ ထိုပတ္တမြားကို ညစ်နွမ်းအောင် ပြုမည်ဟု ကြံစည်လျက် မနီးမဝေး အရပ်တွင်ရှိသော ရေကန်ုသို့သွားပြီးလျှင် ညွန်၌လူးကာ လာလတ်၍ ကိုယ်ဖြင့်ပတ္တမြားကို ညစ်နွမ်းအောင် ပွတ်တိုက်ကြကုန်၏။ ပတ္တမြားသည် ဝက်တို့၏ အမွေးတို့ဖြင့် ပွတ်တိုက်သည်ရှိသော် မညစ်နွမ်းဘဲ အတိုင်းထက်အလွန် ကြည်လင်၍လာလေ၏။ ဝက်တို့သည် ပတ္တမြား၏ ညစ်နွမ်းခြင်းအကြောင်း မသိမမြင်ကြသဖြင့် ရသေ့ကိုမေးမည်ဟု ရသေ့ထံ ဆည်းကပ်ကာ -

“အို ရှင်ရသေ့ ... အကျွန်ုပ်တို့ ဝက်သုံးဆယ်ကား ပတ္တမြားဂူ၌ ခုနစ်နှစ်ပတ်လုံး နေထိုင်ကြပါကုန်၏၊ ထိုပတ္တမြား၏ အရောင်ကို ညစ်နွမ်းအောင် ပြုမည်ဟု အကျွန်ုပ်တို့ တိုင်ပင်ကြသောအခါ ညွန်ဖြင့်ပွတ်တိုက်လျှင် ညစ်နွမ်းမည်အထင်ဖြင့် တစ်ကိုယ်လုံးညွန်လူးကာ ကိုယ်ဖြင့် ပွတ်တိုက်ကြပါ၏၊ ပတ္တမြားရောင်ကား မညစ်နွမ်းဘဲ အတိုင်းထက်အလွန်ထွက်၍လာပါ၏၊ သို့အတွက် အရှင်ရသေ့ကို မေးမြန်းပါကုန်၏၊ အရှင်ရသေ့သည် ဘယ်လို အောက်မေ့ပါသနည်း” –

ဟု ရသေ့အား မေးမြန်းကြကုန်၏။ ထိုအခါ ရသေ့သည် ဝက်တို့အား -

“အို-ဝက်တို့ ... ဤပတ္တမြားကား ကျောက်မျက်ရွဲဖြစ်၏၊ မကြမ်းတမ်း မပြန့်ပြောသော အရောင်ရှိ၏၊ တင့်တယ်၏၊ ထိုပတ္တမြား၏ အရောင်ကို ညစ်နွမ်းအောင် ပြုခြင်းငှာ မတတ်ကောင်း သင်တို့သည် ဖဲသွားကြကုန်လော့” –

ဟု ပြောကြားလေ၏။ ဝက်တို့သည် ရသေ့စကားကို ကြားလျှင် ရသေ့ ပြောကြားသောအတိုင်း ဖဲသွားကြကုန်။ ရသေ့လည်း ဈာန်ကိုဖြစ်စေလျက် မဆုတ်ယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဘုရားဂုဏ်မူ၊ နွမ်းကြောင်းဟူ၊ ဘယ်သူမပြုစွမ်း။

(၂) ပတ္တမြားဂူ၊ ဝက်ငြူစူ၊ ညွန်ယူပွတ်သည့်ငြမ်း။

(၃) ပတ္တမြားရောင်၊ မညစ်ပေါင်၊ အခေါက်တက်၍လွှမ်း။

မဏိသူကရဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ