မဏိစောရဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၅။ ရုဟကဝဂ် -၁၉၄ - မဏိစောရဇာတ်။ ။ သူ့မယားကိုလိုချင်သော မင်းက ဦးသျှောင်ကျင်ဖြင့် ပစ်ဖမ်း၍ သတ်စေသော်လည်း သိကြားမင်း ကယ်မ၍ မင်းအဖြစ်ကို ရရှိသော သူကြွယ်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဒေဝဒတ်ကြံစဉ် မအောင်မြင်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကိုသတ်ရန် လုံ့လပြုကာ နေလေ့ရှိ၏။ ထိုအကြောင်းကို မြတ်စွာဘုရား ကြားတော်မူလျှင် “ရဟန်းတို့ ...ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရားကိုသတ်ရန် လုံ့လပြုသည်မဟုတ်၊ ရှေးအခါ၌လည်း လုံ့လပြုဖူးပြီ၊ လုံ့လပြုသော်လည်း သတ်ရန်မစွမ်းနိုင်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ပေါင်းသင်းညီညာ ချစ်ခင်စွာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီမြို့တော်နှင့် မနီးမဝေးသော ရွာငယ်တစ်ခုဝယ် သူကြွယ်အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဗာရာဏသီမြို့တွင်းရှိ အမျိုးသမီးတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်လေ၏။

ထိုအမျိုးသမီးကား အမည်အားဖြင့် သုဇာတာမည်၏။ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိ၏။ နတ်သမီးကဲ့သို့လည်ကောင်း၊ ယစ်သော ကိန္နရီမကဲ့သို့ လည်းကောင်း လှပတင့်တယ်ရှုချင်ဖွယ် ရှိ၏။ အကျင့်သီလရှိ၏။ လင်ဝတ်၊ ယောက္ခမဝတ်တို့ကို အမြဲမပြတ် ပြုစု၏။ လင်ကို နတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေး၏။ သူကြွယ်လုလင်သည် မိမိမယားကို အလွန်ချစ်မြတ်နိုး၏။ လင်မယား နှစ်ယောက်တို့သည် ဝမ်းမြောက်ဝမ်းသာ အညီအညွတ် နေကြကုန်၏။

မိဘဌာန သွားလည်ကြ[ပြင်ဆင်ရန်]

တစ်နေ့သ၌ သုဇာတာသည် မြို့တွင်းရှိ မိဘတို့ကို ဖူးမြင်လိုသဖြင့် လင်ယောကျ်ားအား ပြောကြားတိုင်ပင်၏။ လင်ယောကျ်ားလည်း ကောင်းပြီ သွားမည်ဟုဆိုကာ အထူးထူးသော စားနပ်ရိက္ခာ ခဲဖွယ်ဘောဇဉ်တို့ကို စီရင်ပြီးလျှင် လှည်းဖြင့် သွားကြလေ၏။

မြို့အနီးသို့ရောက်လျှင် လှည်းကိုချွတ်၍ ခေတ္တနားနေကာ ရေချိုးပြီးလျှင် နံနက်စာထမင်းကို စားကြ၏။ စားပြီး လျှင် ယောကျာ်းသည် လှည်းကိုတပ်၍ မောင်းနှင်လတ်သော် မကြာမီ မြို့တွင်းသို့ ဝင်မိလေ၏။ သုဇာတာလည်း မြို့တွင်းသို့ရောက်လျှင် လှည်းပေါ်မှဆင်းကာ လှည်းနောက်က ခြေကျင် လိုက်လေ၏။

အမျိုးသမီးမင်းမြင် တပ်စွန်းလျှင်[ပြင်ဆင်ရန်]

ထိုအခါ ဗာရာဏသီ မင်းကြီးလည်း မင်္ဂလာဆင်တော်ကိုစီးကာ မြို့တော် လက်ယာရစ် လှည်သည်နှင့် ကြုံကြိုက်သဖြင့် လှည်းနောက်မှလိုက်သော သုဇာတာကိုမြင်လျှင် ကိလေသာဖြင့် တပ်စွန်း တိမ်းညွတ်သော စိတ်ရှိသည်ဖြစ်၍ အမတ်တစ်ယောက်ကို ခေါ်စေပြီးလျှင်လှည်းနောက်မှ လို်ကသော အမျိုးသမီးမှာ လင်ယောကျ်ား ရှိ၊ မရှိ စုံစမ်းရန် စေလွှတ်လိုက်၏။

အမတ်သည် သွား၍ စုံစမ်းလေလျှင် လင်ရှိသည်အဖြစ်ကိုသိ၍ မင်းကြီးကို “အရှင်မင်းကြီး ... လင်ရှိပါသည်၊ လှည်းမောင်းနေသူကား ထိုအမျိုးသမီး၏ လင်ဖြစ်ပါသည်”ဟု လျှောက်ထားလေ၏။

လင်ကိုသတ်ရန် ပရိယာယ်ကြံ[ပြင်ဆင်ရန်]

ထိုအခါ မင်းကြီးသည် တပ်စွန်း တိမ်းညွှတ်နေသော စိတ်ကို မဖြေမဖျောက်နိုင်ရကား တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် လင်ယောကျ်ားကို သတ်စေ၍ အမျိုးသမီးကို ယူမည်ဟု ကြံစည်ပြီးလျှင် မင်းချင်းတစ်ယောက်ကိုခေါ်၍ “အမောင် ... သွားချေ၊ ဤ *ပတ္တမြား ဦးသျှောင်ကျင်ကို ယူပြီးလျှင် အနီး၌ သွားဟန်ပြုကာ လှည်းတွင်ထား၍ လာခဲ့လော့” ဟု မှာထားပြီးလျှင် ပတ္တမြားဦးသျှောင်ကျင်ကို ပေး၍ လွှတ်လိုက်၏။ မင်းချင်းလည်း ပတ္တမြား ဦးသျှောင်ကျင်ကို အသာဝှက်၍ ယူကာ လှည်းတွင်ထားခဲ့၍ “အရှင်မင်းကြီး .... ထားပြီခဲ့ပါပြီ” ဟု လျှောက်ထားလေ၏။

  • ပတ္တမြားဦးသျှောင်ကျင် - မင်းမြှောက်တန်ဆာငါးပါး အဝင်အပါ မကိုဋ်သင်းကျစ်ကို ဦးခေါင်း၌မြဲအောင် ထိုးချိတ်ထားရသည့် ပတ္တမြားစီခြယ်သော ဆံထိုးတစ်မျိုး။

မယားလိုလတ် သူ့လင်သတ်[ပြင်ဆင်ရန်]

ကိလေသာနိုင်ငံသို့လိုက်ကာ ယုတ်မာ၍ တရားမစောင့်သောမင်းသည် “ငါ၏ ပတ္တမြားဦးသျှောင်ကျင် ပျောက်၏” ဟု လူတို့ကို တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်စေလျက် မြို့တံခါးအလုံးစုံတို့ကို ပိတ်၍ သူခိုးဖမ်းကြလော့ဟု အမိန့်ပေးလေ၏။ မြို့အလုံးသည် ကြောက်ရွံ့ထိတ်လန့်ကာ တစ်ပြိုင်နက် ချောက်ချားလေ၏။

မင်းချင်းတို့သည် သူခိုးကိုဖမ်းဆီးရန် ဟိုဟိုသည်သည် ရှာဖွေစုံစမ်းကြကုန်၏။ အတွင်းသိ မင်းချင်းတစ်ယောက်ကား လူအများကို ခေါ်ယူကာ သူကြွယ်လုလင်၏ လှည်းကိုဝိုင်းဝန်းပြီးလျှင် “ဟေ့ လှည်းသမား ... လှည်းကို ရပ်လိုက်၊ မင်းကြီး ပတ္တမြားဦးသျှောင်ကျင် ပျောက်၍ မင်းလှည်းကိုရှာဖွေမည်” ဟု ဆို၍ မိမိဝှက်ထားခဲ့သောနေရာမှ ယူပြီးလျှင် သူခိုး-သူခိုးဟု ကြွေးကြော်ကာ သူကြွယ်လုလင်ကို ပုတ်ခတ်ရိုက်နှက်လျက် ဖမ်းဆီးချုပ်နှောင်၍ မင်းကြီးထံ ပို့ကြ၏။ မင်းကြီးလည်း ဦးခေါင်းကိုဖြတ်၍ သတ်စေဟု အမန်ပပေးလေ၏။

သောကပွေလျက် လင့်အတွက်[ပြင်ဆင်ရန်]

မင်းချင်းတို့လည်း သူကြွယ်လုလင်ကို လမ်းခရီးလေးဆုံတိုင်း၌ အဆူးရှိသော ကြိမ်တို့ဖြင့် ရိုက်နှက်ကာ သူသတ်စည်ကိုတီးလျက် မြို့တော် တောင်တံခါးဖြင့် ထွက်ကုန်၏။ သုဇာတာလည်း လှည်းကိုစွန့်ပစ်၍ မိမိအတွက် လင်ယောကျ်ား၌ တွေ့ကြုံခံစားရသောဒုက္ခကို မမြင်ဝံ့ မကြားဝံ့၊ အသည်းအူ ပြောင်းပြန်လန်တော့မတတ် ဖြစ်လျက် လက်နှစ်ဖက်တို့ကိုမြှောက်၍ စိုးရိမ်ပူဆွေး ငိုကြွေးမည်တမ်းကာ လင်ယောကျ်ား နောက်မှ တကောက်ကောက် လိုက်လေ၏။ မင်းချင်းတို့လည်း သတ်ရန် သူကြွယ်လုလင်ကို စဉ်းတီတုံး၌ ပက်လက် အိပ်စေကုန်၏။

လောကပါလ တိုင်ကြားကြ[ပြင်ဆင်ရန်]

ထိုအခါ သုဇာတာသည် မိမိလင်ယောကျ်ား၏ အခြင်းအရာကို မြင်လျှင် ယခုအခါ ဤကဲ့သို့ မတရားပြုလုပ်ခြင်းကို ခံနေရသောငါတို့မှာ မိမိတို့သီလ ဂုဏ်ကျေးဇူးကို ဆင်ခြင်လျက် သမာဒေဝ နတ်ကောင်းနတ်မြတ်များကို တိုင်ကြားခြင်းမှတစ်ပါး ပြုလုပ်စရာ မရှိတော့ပြီဟု ကြံစည်ကာ -

“လောက၌ သီလရှိသူတို့ကို ကြည့်ရှုစောင့်ရှောက်သော နတ်တို့မရှိကြကုန်ယောင်တကား - ဤကဲ့သို့ မတရားမှု ဖြစ်ပေါ်လာသောအခါ သီလရှိသူတို့ကို ကြည့်ရှုစောင့်ရှောက်သောနတ်တို့ ဤအရပ်တွင် မရှိကြကုန်ယောင်တကား၊ လောကကို ကြည့်ရှုစောင့်ရှောက်သော ရဟန်းပုဏ္ဏားတို့ မရှိကြကုန်ယောင်တကား၊ အဆောတလျင် မဆင်ခြင်ပဲ ကြမ်းကြုတ် ရက်စက်စွာ ပြုလုပ်သူတို့ကို တားမြစ်ပိတ်ပင်နိုင်သော နတ်တို့ မရှိကုန်ယောင်တကား ”-

ဟု သမာဒေဝ နတ်ကောင်း နတ်မြတ်တို့ကို လည်းကောင်း၊ ရဟန်းပုဏ္ဏားတို့ကို လည်းကောင်း တိုင်ကြားကာ ငိုကြွေးလေ၏။

သီလတန်ခိုး ပြည်ကိုစိုး[ပြင်ဆင်ရန်]

ထိုအခါ သုဇာတာ၏ သီလတ်ခိုး အာနုဘော်ကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် တင်းမာ ပူလောင်သော အခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် အကြောင်း ဆင်ခြင်လတ်သော် ဗာရာဏသီ မင်းယုတ်သည် တရားမဟုတ် ရက်စက်ကြမ်းကြုတ်သော အမှုကိုပြုစေသဖြင့် သီလရှိသော သုဇာတာ အမျိုးသမီးကို ပင်ပန်းစေသည်။ ငါယခုသွားမှ တော်မည်ဟု ကြံစည်ကာ လူ့ပြည်သို့ ဆင်းသက်၍ မိမိ၏ တန်ခိုးအာနုဘော်ဖြင့် ဆင်ပေါ်မှ မင်းယုတ်ကိုချ၍ စဉ်းတီတုံး၌ ပက်လက် အိပ်စေလျက် စဉ်းတီတုံး၌ရှိသော သူကြွယ်လုလင်ကို မင်းအသွင်ဖြင့် တန်ဆာဆင်ကာ ဆင်ပေါ်၌ထားလေ၏။ မင်းချင်းတို့လည်း သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်သည်ရှိသော် ဗာရာဏသီမင်းယုတ်၏ ဦးခေါင်းကို ဖြတ်မိလေ၏။ ဖြတ်ပြီးမှ မင်းဖြစ်နေသည်ကို သိကြကုန်၏။ ထိုအခါ သိကြားမင်းသည် ကိုယ်ကိုထင်ရှားပြကာ သူကြွယ်လုလင်ကို အဘိသိက်သွန်း၍ မင်းမြှောက်လျက် သုဇာတာကို မိဖုရားကြီးအရာ၌ ထားလေ၏။

သိကြားစောင်မ တရားပြ မှူးမတ်ပုဏ္ဏားတို့သည် သိကြားမင်းကို မြင်ကြလျှင် ယခုအခါ ငါတို့မှာ သိကြားမင်းပေးသော တရားစောင့်သည် မင်းကောင်းမင်းမြတ်ကို ရပေပြီဟု ဝမ်းမြောက်ကြကုန်၏။ သိကြားမင်းသည် ကောင်းကင်မှာ ရပ်လျက် -

“အချင်းတို့ ... တရားမစောင့်သော မင်းတို့နိုင်ငံဝယ် မိုးရွာသော်လည်း မရွာသင့်သောအခါ၌ ရွာ၏။ ရွာသင့်သောအခါ၌ မရွာလေ၊ တရားမစောင့်သော မင်းသည် နတ်ပြည်ဝယ် မင်းအဖြစ်ကို ရစေကာမူ နတ်ပြည်မှ ရွေ့လျောရ၏။ တရားမစောင့်သောမင်းသည် ဤမျှလောက် သင်တို့ကို ညှဉ်းဆဲခဲ့ပြီ မဟုတ်လော” –

ဤသို့လျှင် လူတို့ကို အဆုံးအမပေးကာ မိမိနေရာ နတ်ရွာသို့ သွားလေ၏။ သူကြွယ်လုလင်ဖြစ်သော မင်းမြတ်လည်း အဂတိလေးပါး မလိုက်စားဘဲ တရားနှင့်အညီ မင်းပြုသဖြင့် နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တရားမစောင့်သောမင်းသည် - ယခုအခါ ဒေဝဒတ်။

သိကြားမင်းသည် - အနုရုဒ္ဓါ။

သုဇာတာသည် - ရာဟုလာမယ်တော်။

သိကြားပေးသော မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မတရားမင်း၊ နိုင်ငံညှဉ်း၊ ကင်း၏နတ်ပြည်မှာ။

(၂) မရွာချိန်ကျ၊ မိုးရွာချ၊ ချိန်ကျမိုးမရွာ။

(၃) မတရားမင်း၊ နိုင်ငံတွင်း၊ ဆိုက်ခြင်းကပ်သုံးဖြာ။

(၄) သီလကျေးဇူး၊ ဂုဏ်အထူး၊ နတ်မှူးမနေသာ။

မဏိစောရဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ