မဏိကုဏ္ဍလဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ပဉ္စကနိပါတ် - ၁။ မဏိကုဏ္ဍလဝဂ် -(၃၅၁) မဏိကုဏ္ဍလဇာတ် ပတ္တမြား နားတောင်းနှင့်တကွ ရွှေနန်းစည်းစိမ် ကုန်ဆုံးသော်လည်း စိုးရိမ်ပူဆွေးခြင်း မရှိသော ဗာရာဏသီမင်းအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]လော်လည်ဖောက်ပြား မင်းလျှောက်ထား
[ပြင်ဆင်ရန်]နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ နန်းတော်တွင်း၌ ပြစ်မှားသော အမတ်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း [ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့ကို အောက်ပါ နိပါတ်တို့၌ ချဲ့ခဲ့ပြီ။ အထူးကိုသာ ရေးသားပေအံ့]
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]အမတ်နှင်ထုတ် မင်းရန်လုပ်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ နန်းတော်၌ ပြစ်မှားသော အမတ်တစ်ယောက် ရှိသတတ်။ ထိုအမတ်ကို မင်းကြီးသည် တိုင်းပြည်မှ နှင်ထုတ်လေ၏။ ထိုအမတ်သည် ပြည်နီးချင်းဖြစ်သော ကောလမင်းကို ခစားကာ စစ်သည် ဗိုလ်ပါနှင့်တကွ ကောသလမင်းကို ဆောင်ယူလျက် ဗာရာဏသီပြည်သို့ရောက်လျှင် တစ်ပြည်လုံး သိမ်းယူစေ၍ ဗာရာဏသီ မင်းကြီးကိုလည်း နှောင်အိမ်၌ ထားစေ၏။
ကောသလမင်းမေး ပူပန်ရေး
[ပြင်ဆင်ရန်]ဗာရာဏသီမင်းကြီးသည် နှောင်အိမ်တွင်း၌ နေလျက်ပင် ဈာန်ကို ဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေကာနေ၏။ ထိုအခါ ကောသလမင်းကိုယ်၌ ပြင်းစွာ ပူလောင်ခြင်းသည် ဖြစ်လတ်သော် ဗာရာဏသီမင်းကြီးထံသို့ ချဉ်းကပ်၍ -
“မြတ်သောမင်းကြီး … သင် မင်းကြီးကား ယခုအခါ ရထား၊ မြင်း၊ ပတ္တမြား နားထောင်း၊ သား၊ မယားတို့ကို စွန့်ရဘိ၏၊ အကြွင်းအကျန်မရှိ စည်းစိမ်လုံးစုံတို့၌ ဆုံးရှုံးဘိ၏၊ အဘယ်ကြောင့် စိုးရိမ်ပူပန်သင့်သောအခါ ၌ မစိုးရိမ် မပူပန်ပါသနည်း” –
ဟု ဗာရာဏသီမင်းကြီးအား မေးမြန်းလေ၏။ ထိုစကားကို ကြားလျှင် ဗာရာဏသီမင်းကြီးသည် -
“ကောလသလမင်းကြီး … စည်းစိမ်တို့ကမူလည်း စည်းစိမ်ရှင် သတ္တဝါကို ရှေးဦးစွာ စွန့်ကုန်၏၊ စည်းစိမ်ရှင် သတ္တဝါကမူလည်း စည်းစိမ်တို့ကို ရှေးဦးစွာစွန့်၏၊ စည်းစိမ်နှင့် စည်းစိမ်ရှင်တို့သည် မမြဲသောကြောင့် ငါသည် စိုးရိမ်ပူပန်သင့်သောကာလ၌ မစိုးရိမ်မပူပန်ပါ” –
“ကောသလမင်းကြီး … ငါသည် လောကဓံတရားကို သိ၏၊ လမငးသည် ထွက်၍ လာ၏၊ ပြည့်၍ လာ၏၊ ဝင်၍ သွား၏၊ နေမင်းသည် အမိုက်မှောင်ကို ဖျက်ဆီးကာ ထွန်းပ၍ လာ၏၊ ဝင်၍ သွား၏၊ ဤအတူ စည်းစိမ်တို့သည် ဖြစ်တတ် ပျက်တတ်သောကြောင့် ငါသည် စိုးရိမ်ပူပန်သင့်သောကာလ၌ မစိုးရိမ်မပူပန်ပါ” ဟု ကောသလမင်းကြီးအား တရားဓမ္မ ပြောဟောဆုံးမပြီးလျှင် တစ်ဖန် မင်းကြီးကို ချီးမြှောက်လိုရကား -
“ကောသလမင်းကြီး … ကာမစည်းစိမ်ကို ခံစားသောသူသည် ပျင်းရိလျှင် မကောင်းပါ၊ ရသေ့ရဟန်းသည် မစောင့်စည်းလျှင် မကောင်းပါ၊ မင်းသည် မဆင်ခြင် မစူးစမ်းဘဲပြုလျှင် မကောင်းပါ၊ ပညာရှိသည် အမျက်ထွက်လျှင် မကောင်းပါ။
မင်းသည် ဆင်ခြင်စူးစမ်း၍ ပြုရမည်၊ မဆင်ခြင်မစူးစမ်းဘဲ မပြုရာ၊ ဆင်ခြင်စူးစမ်း၍ ပြုသော မင်းအား စည်းစိမ်ချမ်းသာ အခြံအရံ အကျော်အစောသည် တိုးပွား၍ လာ၏” –
ဟု ပြောဆိုပြန်၏။ ထိုအခါ ကောသလမင်းကြီးသည် ဗာရာဏသီမင်းကြီးကို ကန်တော့ တောင်းပန်၍ မင်းအဖြစ်ကို အပ်နှင်းပြီးလျှင် မိမိတိုင်းပြည်သို့ ပြန်လေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ကောသလမင်းသည် - ယအခုအခါ အာနန္ဒာ။
ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ဥစ္စာတို့ကား၊ အရှင်အား၊ စွန့်သွားရှေးဦးစွာ။
(၂) အရှင်သော်ငြား၊ ဥစ္စာအား၊ စွန့်သွားရှေးဦးစွာ။
(၃) ဥစ္စာ, အရှင်၊ နှစ်မျိုးပင်၊ ဖြစ်လျှင် ပျက်တတ်စွာ။
(၄) ပျက်မမြဲစု၊ ပူပန်မှု၊ မပြုပညာဝါ။
မဏိကုဏ္ဍလဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။