မဏိကဏ္ဌဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တိကနိပါတ် - ၁။ သင်္ကပ္ပဝဂ် -(၂၅၃) မဏိကဏ္ဌဇာတ်။ ။ ချစ်ခင်နေသော နဂါးမင်းအား မတောင်းသင့်သော ပတ္တမြားကို တောင်းခဲ့၍ နဂါးမင်း အချစ်ပျက်ကာ ကွေကွင်းသွားသဖြင့် ဆင်းရဲ ကြုံလှီစွာ နေရသော ရသေ့ငယ်အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]တောင်းရမ်းများချက် မနှစ်သက်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် အာဠဝီပြည်ကို အမှီပြု၍ အဂ္ဂါဠဝစေတီ၌ သီတင်းသုံးတော်မူစဉ် အာဠဝတီတိုင်းသား ရဟန်းတို့သည် သုံးဆောင်နေထိုင်ရန် အဆောက်အအုံကုဋီတို့ကို လှူဒါန်းသူ ဒါယကာမရှိဘဲ ကိုယ်တိုင် ဆောက်လုပ်ကြကုန်၏။
ထိုအခါ ရဟန်းတို့သည် မည်သည့်အမှုကို ပြုလုပ်ကြကုန်၊ အမှုလုပ်ယောကျ်ားကို ပေးကြကုန် စသည်ဖြင့် အလွန်အတောင်းအရမ်း များကုန်၏။ လူတို့သည် အလွန် တောင်းရမ်းခြင်းဖြင့် နှိပ်စက်ကုန်ရကား ရဟန်းတို့ကိုမြင်လျှင် ပြေးကြကုန်၏။
အရှင်မဟာကဿပသည် အာဠဝတီပြည်သို့ရောက်၍ ဆွမ်းခံတော်မူ၏။ လူတို့သည် ရှင်မဟာကဿပကို မြင်လျှင် ပြေးကြကုန်၏။ ရှင်မဟာကဿပလည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ရဟန်းတို့ကို မေးသောအခါ ထိုအကြောင်းကိုသိ၍ မြတ်စွာဘုရားကို လျှောက်ကြကုန်၏။
မြတ်စွာဘုရားလည်း ရဟန်းတို့ကို စည်းဝေးစေ၍ “ရဟန်းတို့ ... သင်တို့သည် ကုဋီတို့ကို ကိုယ်တိုင်ဆောက်လုပ်ကြ၏။ အတောင်းအရမ်းများ၏ဟူသည် ဟုတ်မှန်သလော” ဟု မေးတော်မူလျှင် ဟုတ်မှန်ကြောင်းကို လျှောက်ထားကြ၍ ကဲ့ရဲ့တော်မူလျှင် “ရဟန်းတို့ ... တောင်းရမ်းခြင်းမည်သည်ကား ရတနာခုနစ်ပါးနှင့် ပြည့်စုံသောနဂါးမင်းတို့စင်လျက်လည်း မနှစ်သက်ကြကုန်၊ လူတို့မှာ အဘယ်ဆိုဖွယ် ရှိအံ့နည်း၊ ကျောက်ဖျာမှ ကျောက်ချပ်ကို ဆစ်၍ ယူရသကဲ့သို့ တစ်ကျပ်တစ်သပြာမျှကိုပင် ခဲခဲယဉ်းယဉ်း ရှာဖွေ ဆည်းပူးကြရကုန်၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ညီနောင်ရသေ့ မြစ်နားမွေ့
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်းစိမ်ဥစ္စာများသော ပုဏ္ဏားမျိုး၌ ဖြစ်လေ၏။ ခြေဖြင့် ပြေးသွားနိုင်သောအခါ ညီငယ်တစ်ယောက် မွေးဖွားပြန်၏။ ထိုညီနောင်နှစ်ယောက်တို့သည် အရွယ်သို့ရောက်လတ်သော် မိဘတို့သည် သေလွန်ကြကုန်၏။
ထိုအခါ ညီနောင်နှစ်ယောက်တို့သည် သံဝေဂ ရကြသဖြင့် ရသေ့၊ ရဟန်းပြုကာ ဂင်္ဂါမြစ်နား၌ သစ်ရွက်မိုးကျောင်း ဆောက်လုပ်၍ နေကြကုန်၏။ ထိုရသေ့၊ ညီနောင်နှစ်ယောက်တို့တွင် အစ်ကိုကြီး၏ ကျောင်းကား ဂင်္ဂါမြစ်ညာ၌ တည်ရှိ၍ ညီငယ်၏ကျောင်းကား ဂင်္ဂါမြစ်၏ အကြော၌ တည်ရှိလေ၏။
ညီငယ်ရသေ့ နဂါးတွေ့
[ပြင်ဆင်ရန်]တစ်နေ့သ၌ မဏိကဏ္ဌ နဂါးမင်းသည် နဂါးပြည်မှ ထွက်၍ လုလင်အသွင် ဖန်ဆင်းကာ ဂင်္ဂါမြစ်ကမ်းနားသို့ လှည့်လည်သွားလာသည်ရှိသော် ညီငယ်ရသေ့၏ ကျောင်းသို့ရောက်၍ ရသေ့ကို ရှိခိုးကာ ပဋိသန္ဓောရစကား ပြောကြားလျက်နေ၏။ လာဖန်များ၍ အလွန်ချစ်ကျွမ်းဝင်လျက် တစ်ဦးနှင့်တစ်ဦး ကင်းကွာ၍ နေခြင်းငှာ မတတ်နိုင်ကုန်၏။
မဏိကဏ္ဌ နဂါးမင်းသည် ညီငယ်ရသေ့ထံ မပြတ်ခစားလာ၍ ရသေ့၌ အလွန်ချစ်သဖြင့် ပြန်ကာနီးတွင် လုလင်ငယ် အသွင်ကိုစွန့်၍ ပကတိနဂါးအသွင်ဖြင့် အခွေတို့ဖြင့် ရသေ့၏ကိုယ်ကို ရစ်ပတ်လျက် သုံးသပ်၍ ဦးခေါင်းထက်၌ ပါးပျဉ်းကို ဖြန့်မိုးပြီးလျှင် အတန်ငယ် ရှုကြည့်လျက် ချစ်ခြင်းကိုဖြေ၍ အခွေတို့ကိုဖြေလျက် ရသေ့ကို ရှိခိုးကာ ပြန်လေ့ရှိ၏။
နဂါးကိုကြောက် နောင်တော်လျှောက်
ရသေ့သည် မဏိကဏ္ဌ နဂါးမင်းမှ ကြောက်ရွံ့ထိတ်လန့်သဖြင့် အသားအရေ ခန်းခြောက် ပိန်ချုံးလျက် အရိုးနှင့် အရေမျှသာရှိ၍ ဖန်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိလေ၏။ တစ်နေ့သ၌ နောင်တော် ရသေ့ထံ သွားလတ်သော် နောင်တော်ရသေ့သည် ပိန်ချုံး ဖျော့တော့နေသော ညီတော်ရသေ့ကို မြင်လျှင် - အကြောင်းကို မေးမြန်းရာ အကြောင်းစုံလျှောက်ထားသဖြင့် ညီတော်ရသေ့အား “ညီတော် .. သင်သည် နဂါးမင်း မလာခြင်းကို အလိုရှိသလော” ဟု မေးလေရာ၊ “နောင်တော် ... မလာခြင်းကို အလိုရှိပါသည်” ဟု လျှောက်လေ၏။ “ညီတော် .. သင့်ထံလာသော အခါ အဘယ်တန်ဆာကိုဆင်၍ လာသနည်း” ဟု မေးပြန်လျှင် “နောင်တော် ... လည်ပင်း၌ ပတ္တမြား ရတနာကိုဆင်၍ လာပါသည်” ဟု လျှောက်ထားလေ၏။
ထိုအခါ နောင်တော်သည် “ညီတော် ... ကောင်းပြီ၊ နဂါးမင်း သင့်ထံလာသောအခါ မထိုင်မီ ပတ္တမြားရတနာကို တောင်းလော့၊ နဂါးမင်းသည် သင့်ကို အခွေတို့ဖြင့် မရစ်ပတ်ဘဲ ထ၍သွားလိမ့်မည်။ နောက်တစ်နေ့ ဂင်္ဂါမြစ်ကမ်းမှနေကာ ရေကူးလာစဉ် တောင်းလော့၊ နောက်နဂါးမင်းသည် သင့်ထံသို့ မလာလတ္တံ့” ဟု နဂါးမင်း အချစ်ပျက်၍ မလာအောင် နည်းပေးလေ၏။
နဂါးပြေးရှောင်း ပတ္တမြားတောင်း
[ပြင်ဆင်ရန်]ညီတော်ရသေ့သည် နောင်တော်ရသေ့ နည်းပေးသောအတိုင်း - နက်ဖြန် နဂါးမင်း လာသောအခါ မထိုင်မီ “နဂါးမင်း ... ငါ့အား ပတ္တမြားရတနာကို ပေးလော့” ဟု တောင်းလေ၏။ နဂါးမင်းသည် မထိုင်ဘဲ ပြေးလေ၏။ နောက်တစ်နေ့ လာ၍ ကျောင်းတံခါးသို့ရောက်လျှင် “နဂါမင်း ... ယမန်နေ့က ပတ္တမြားရတနာကို ငါ့အား မပေးခဲ့၊ ယနေ့ ပေးလော့ ”ဟု တောင်းပြန်၏။ နဂါးမင်းသည် ကျောင်းတွင်းသို့ မဝင်တော့ဘဲ ပြေးလေ၏။ နောက်တစ်နေ့ မြစ်ကမ်းမှစောင့်ကာ နဂါးမင်းလာမည်ဟု ရေတွင်ပေါ်လာစဉ် “နဂါးမင်း ... ငါပတ္တမြားတောင်းသည်မှာ သုံးရက်ရှိပြီ၊ ယနေ့ ငါ့အားပေးခဲ့လော့” ဟု တောင်းပြန်၏။
ထိုအခါ နဂါးမင်းသည် ရေပေါ်မှာ ရပ်တည်လျက် ရသေ့အား -
“အို - ရသေ့ ... ဤပတ္တမြားကြောင့် အကျွန်ုပ်အား ပြန့်ပြော မွန်မြတ်သော နတ်ထမင်း နတ်အဖျော်သည် ဖြစ်လာပေ၏။ ထိုပတ္တမြားကို သင်ရသေ့အား - ပေးမည်မဟုတ်၊ သင်ကား အလွန်တောင်းဘိ၏။ သင့်ကျောင်းသို့လည်း လာတော့မည်မဟုတ်။
အို-ရသေ့ .. ကျောက်၌ထက်စွာ သွေးအပ်သော သန်လျက် လက်တွင်ရှိသော လုလင်ပျိုသည် ခြိမ်းခြောက်သကဲ့သို့၊ ထို့အတူ ဤပတ္တမြားကို တောင်းသော သင်ရသေ့သည် ငါ့ကို ခြိမ်းခြောက်ဘိ၏။ အလွန်တောင်းရမ်းဘိ၏။ ထိုပတ္တမြားကို ပေးမည်မဟုတ်၊ သင့်ကျောင်းသို့လည်း လာတော့မည်မဟုတ်” – ဟု ပြောဆိုပြီးလျှင် ရေတွင်ငုပ်လျက် မိမိနေရာ နဂါးပြည်သို့ သွားလေ၏။ နောက်တစ်ဖန် ရသေ့ကျောင်းသို့ မလာတော့ပြီ။
နဂါးနှင့်ကင်း ရောဂါညှဉ်း
[ပြင်ဆင်ရန်]နဂါးမင်း မလာသောအခါ ရသေ့ငယ်သည် အလွန်ရှုချင်စဖွယ်ရှိ၍ ချစ်ခင်လှစွာသော နဂါးမင်းကို မမြင်ရပြန်လျှင် အသားအရေခန်းခြောက် ပိန်ချုံးကာ ရှေးကထက် ကြုံလှီ၍ အဆင်းမလှ ဖြစ်ပြန်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သောအဆင်း ရှိပြန်၏။
နောင်တော်ရသေ့သည် ညီတော်ရသေ့၏ အကြောင်းအရာကို သိလိုသဖြင့် ကျောင်းသို့သွား၏။ အလွန်ကြုံလှီ ပိန်ချုံးလျက် ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ကို မြင်ပြန်လျှင် ညီတော်ရသေ့အား မေးမြန်းပြန်ရာ၊ နဂါးကို မမြင်ရသဖြင့် ဖျော့တော့သော အဆင်းရှိပြန်ကြောင်း လျှောက်ထားပြန်၏။ ထိုအခါ နောင်တော်ရသေ့သည် ညီတော် ရသေ့အား -
“ညီတော် ... ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အလွန် ချစ်ခင်မြတ်နိုးသော ဥစ္စာပစ္စည်း တစ်စုံတစ်ရာကို မတောင်းရမ်းရာ၊ အလွန်ချစ်ခင် မြတ်နိုးနေသော ဥစ္စာပစ္စည်းဖြစ်ကြောင်း သိရာသည်။ အလွန်တောင်းရမ်းခြင်းကြောင့် မိမိ၌ မုန်းတီးတတ်သည်။”
“ညီတော် ... ပတ္တမြားကို အတောင်းခံရသော နဂါးမင်းသည် တောင်းသောအခါမှစ၍ ငါ့ညီတော် မမြင်ရာအရပ်သို့ သွားခဲ့လေပြီ” – ဟု အဆုံးမပေးပြီးလျှင် ယနေ့မှစ၍ စိုးရိမ်ပူတွေးခြင်းငှာမသင့်ဟု ဆုံးမ၍ သက်သာရာရစေပြီးလျှင် နောင်တော်ရသေ့သည် မိမိနေရာကျောင်းသို့ ပြန်လေ၏။
နောင်အဖို့ ရသေ့ညီနောင်နှစ်ဦးတို့သည် အဘိညာဉ်သမာပတ်ကို ဖြစ်စေ၍ သေလွန်သည့်အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားကုန်၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ညီတော်ရသေ့သည် - ယခုအခါ အာနန္ဒာ။
နောင်တော်ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မြတ်နိုးသိမ်းဆည်း၊ သူ့ပစ္စည်း၊ လိုလည်းမတောင်းရာ။
(၂) ရှေးကချစ်ခင်၊ တောင်းပြန်လျှင်၊ လူတွင်မုန်းတတ်စွာ။
(၃) သန်လျက်စွဲလား၊ တောင်းသူအား၊ ကြောက်ငြားလူတကာ။
ပဏိကဏ္ဌဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။