မဋ္ဌကုဏ္ဍလီဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒသကနိပါတ် - ၄၄၉။ မဋ္ဌကုဏ္ဍလီဇာတ်သားသေ၍ ပူဆွေးငိုကြွေးနေသော ဖခင်အား သားဖြစ်သော နတ်သားသည် နည်းပရိယာယ်ဖြင့် အငိုစဲ၍ ပူပွဲငြိမ်းစေသောအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
သားချစ်သေရေး သောကဆွေး
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် သူကြွယ်တယောက်အား ချစ်လှစွာသော တယောက်ထည်းသော သားသည် သေလွန်ခဲ့လေ၏။
ထိုသူကြွယ်သည် သားသေ၍ သောက နှိပ်စက်သဖြင့် ရေမချိုး၊ ထမင်းမစား၊ အမှုကိစ္စတို့၌ မစီရင်၊ မြတ်စွာဘုရားထံ ခစားဆည်းကပ်ခြင်းငှာလည်းမသွား၊ သားသည် ရှေးဦးစွာ ငါ့ကိုစွန့်ပစ်၍ သွားဘိ၏ဟု တဖြစ်တောက်တောက် ငိုကြွေးမြည်တမ်းကာသာ နေတော့၏။
ပုဏ္ဏားအိမ်ကြွ ဘုရားဟောပြ
သဗ္ဗညုမြတ်စွာဘုရားလည်း မိုးသောက်ထအခါ သတ္တလောကကြီးကို ကြည့်ရှု ဆင်ခြင်လတ်သော် ထိုသောကနှိပ်စက်
နေသော သူကြွယ်၏မဂ်ဖိုလ်ရခြင်းငှာ အားကြီးသော အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဆွမ်းခံကာ ဆွမ်းစားခြင်း ကိစ္စပြီးလတ်သော် သံဃာတော်တို့ကို လွှတ်လိုက်၍ ညီတော်အာနန္ဒာကို ခေါ်ကာ ထိုသူကြွယ်အိမ်သို့ ကြွလာ၏၊ သူကြွယ်လည်း မြတ်စွာဘုရားထံ ဆည်းကပ်လျက် လျောက်ပတ်သောနေရာ၌ နေ၏။
ထိုအခါ မြတ်စွာဘုရားသည် “ဒါယကာ...တမလွန် ဘဝသို့ ပြောင်းသွားသော သားငယ်ကို စိုးရိမ်ပူဆွေး၍ နေသလော” ဟုမေးတော်မူ၏၊ “အရှင်ဘုရား... မှန်လှ ပါ”ဟု လျှောက်၏၊ “ဒါယကာ...ရှေးပညာရှိတို့သည် သားသေသည့်အတွက် စိုးရိမ်သောက နှိပ်စက်၍ ငိုမြည်တမ်းကြကုန်သော်လည်း ပညာရှိတို့စကားကို ရသောအခါ တောင့်တ၍ မရကောင်းသော အရာဟုသိ၍ အနည်းငယ်မျှ စိုးရိမ်ပူဆွေးခြင်းကို မပြုကြကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
သားသေပူဆွေး အလွန်ငိုကျွေး
လွန်လေ ပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် စည်းစိမ်ဥစ္စာများစွာ ကြွယ်ဝ သော ပုဏ္ဏားတယောက်သည် ရှိလေ၏၊ ထိုပုဏ္ဏား၏သားသည် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်သောအခါ အနာနှိပ်စက်၍ သေလွန်သဖြင့် တာဝတိံသာ နတ်ပြည်၌ ဖြစ်လေ၏၊ အဘပုဏ္ဏားသည် သားသေလွန်သောအခါမှစ၍ သုသာန်သို့ သွားကာ ပြာပုံကို လှည့်လည်လျက် ငိုကြွေးမြည်တမ်း၏၊ အလုံးစုံသော အမှုကိစ္စတို့ကို စွန့်လွှတ်ကာ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းလျက်
သာ နေတော့၏။
နတ်သားဆင်ခြင် ပရိယာယ်ဆင်
ထိုအခါ သားဖြစ်ဘူးသော နတ်သားသည် လူ့ပြည်သို့ ကြည့်ရှု လတ်သော် အဘပုဏ္ဏားကို မြင်လျှင် ငါသည်တခုသော ဥပါယ်တမျဉ်ကို ပြု၍ စိုးရိမ်ပူဆွေး ငိုကြွေးမြည် တမ်းခြင်းကို ပယ်ဖျောက်အံ့ဟု ကြံစည်လျက် ပုဏ္ဏား၏ သားလုလင် အသွင်ကို ဖန်ဆင်း၍ တန်ဆာဆင်ကာ တခုသော နေရာ၌ရပ်လျက် လက်နှစ်ဘက်ကို ဦးခေါင်း ပေါ်၌တင်ထား၍ သည်းစွာငိုကြွေးလေ၏၊ ပုဏ္ဏားသည် ငိုသံကို ကြားလျှင် သားလုလင်အသွင် ဖန်ဆင်း၍ ငိုကြွေး နေသော နတ်သားကိုမြင်လျှင် သားကဲ့သို့ ချစ်ခင်လျက်–
လုလင်ကိုမေး အဖြေပေး
ထိုငိုကြွေးနေသော လုလင်၏ အနီးတွင် ကြည့်ရှုလျက် ပုဏ္ဏားကြီးရပ်ကာ–
“ချစ်သား...သင်ကား တန်ဆာဆင်၍ ပြေပြစ်သော ရွှေနားဍောင်းကို ဝတ်ဆင်လျက် ဆန်းကြယ်သော ပန်းကိုပန်ဆင်ပြီး မွှေးကြိုင်သော စန္ဒကူး နံ့သာ လိမ်းကြံကာ လက်တို့ကို မြှောက်၍ သုသာန် အလယ်မှာ ဘယ်သို့သော ဆင်းရဲ နှိပ်စက်သဖြင့် ငိုကြွေးမြည်တမ်းပါသနည်း”—
ဟု လုလင်အား မေးမြန်းလေ၏၊ ထိုအခါ လုလင်သည်—
“ဖခင်ပုဏ္ဏား...အကျွန်ုပ်အား ရွှေဖြင့်ပြီး၍ ပြိုးပြိုးပြက် အရောင်ထွက်သော ရထားအိမ်ရှိပါ၏၊ ထိုရထားအိမ်၌ တပ်ဘို့ လှည်ဘီးအစုံကို မရပါ၊
P.4OO သားသေသဖြင့်ငိုကြွေးနေသော ဖခင်အား သတိရစေရန် လ-နေ့တို့ကို တမ်းတ၍ငိုကြွေးသော သားနတ်သားပုံ
ထိုမရခြင်းကြောင့် ဖြစ်သော ဆင်းရဲဖြင့် အသက်ကို စွန့်ရပါတော့မည်”—
ဟု ပုဏ္ဏားအား ပြောဆိုလေ၏။
လ-နေယူလို လုလင်ဆို
ထိုအခါ ပုဏ္ဏားသည် “ချစ်သား... ရွှေဖြင့် ပြီးသော လှည်းဘီး, ပတ္တမြား ဖြင့်ပြီးသော လှည်းဘီး, ကြေးဖြင့်ပြီးသော လှည်းဘီးတို့တွင် လိုရာကိုပြောဆိုပါ၊ သင့်အတွက် ရထားကို ပြုလုပ်ပါမည်၊ လှည်းဘီး အစုံကို ရအောင် ပြုလုပ်ပေးပါမည်”—
ဟုလုလင်အား လိုရာ ရထားဘီးဖြင့် ဘိတ်လေ၏၊ လုလင်လည်း–
“ဖခင်... ကောင်းကင်၌ ညီနောင်ဖြစ်ကုန်သော နှစ်ပါးစုံသော လ, နေတို့သည် ရှိကုန်၏၊ ထိုလ, နေအစုံဖြင့် ရွှေဖြင့်ပြီးသော အကျွန်ုပ်ရထားသည် တင့်တယ်ပါ၏”—
ဟု ပုဏ္ဏားအား ပြောဆိုပြန်၏။
ပရိယာယ်ဆင်ပြော တရားဟော
ထို့နောင် ပုဏ္ဏားသည် ငိုကြွေးသော လုလင်ကို ကဲ့ရဲ့ပြောဆိုလိုသဖြင့်—
“ချစ်သား...သင်သည် မတောင့်တကောင်းသည်ကို တောင့်တဘိ၏၊ သင်သည် စင်စစ်မိုက် လှ၏၊ သေသော်လည်း ရနိုင်လိမ့်မည်မဟုတ်၊ လ, နေတို့ကို မရနိုင်ဟု ငါအောက်မေ့၏”—
ဟု လုလင်အားပြောဆိုပြန်၏၊ ထိုနောင်လုလင်သည်–
“ဖခင်...ထွက်ရာဝင်ရာအရပ်သည် ထင်ရှား၏၊ လ, နေ၏ အဆင်းသဏ္ဌာန်သည် ထင်ရှား၏၊ ဤကောင်းကင်၌ လ, နေနှစ်ပါးသွားသောခရီး လမ်းသည် ထင်ရှား၏၊ တမလွန်ဘဝသို့သွားသော သူသည်ကား မထင်ရှားသည်သာတည်း၊ ငိုကြွေးသော သူနှစ်ယောက်တို့တွင် အဘယ်သူ သာလွန် မိုက်သနည်း”—
ဟု ပုဏ္ဏားအား မေးမြန်းကာ သတိပေးလေ၏။
လုလင်ပြောပြ သဘောကျ
ထို့နောင် ပုဏ္ဏားသည် လုလင်ပြောဆိုသောစကားကို သတိရ၍ ဝမ်းမြောက် ဝမ်းသာဖြစ်၍–
“ချစ်သား သင်သည် မှန်သောစကားကို ဆိုဘိ၏၊ သင်သည် ငိုကြွေးလျက် လ, နေတို့ကို တောင့်တသကဲ့သို့ ငါသည်လည်း ငိုကြွေးလျက် သေလွန်ပြီးသော သားကို တောင့်တဘိ၏၊ ထိုဝို ကြွေးသော သူနှစ်ယောက်တို့တွင် ငါသည်သာ အလွန်မိုက်မဲလှ၏”—
ဟု သတိရသဖြင့် မိမိမိုက်ကြောင်းကို ဝန်ခံလေ၏။
သောကငြိမ်းကြောင်း တရားကောင်း
ထိုနောင် ပုဏ္ဏားသည် လုလင်စကားကြားရသောကြောင့် စိုးရိမ်ပူဆွေးခြင်း ကင်းပျောက်လျက်–
“ချစ်သား...ထောပတ်ဖြင့် သွန်းလောင်းအပ်သော မီးကို ရေဖြင့် ငြိမ်းအေးစေသကဲ့သို့ ရဲရဲတောက် သောကမီးလောင်နေသော ငါ့ကိုစင်စစ် ငြိမ်းအေးစေပြီ၊ အလုံးစုံသော စိတ်၏ပူပန်ခြင်းကို ငြိမ်းအေးစေပြီ၊ ချစ်သား... စိုးရိမ်ခြင်း နှိပ်စက်လျက် ငါ၏စိတ်နှလုံး၌ မှီနေသော သား၌ဖြစ်သော စိုးရိမ်ခြင်းကို သင်သည် နုတ်ပယ် အပ်ပေပြီ၊ သင်သည် ငါ၏ စိုးရိမ်ခြင်း ဟူသော ငြောင့်ကို နုတ်ပယ်အပ်ပြီတကား”။
“ချစ်သား... ငါသည် စိုးရိမ်ခြင်း ဟူသော ငြောင့်ကို နုတ်ပယ်အပ်ပြီးသည်ဖြစ်၍ စိုးရိမ်ခြင်း ကင်းလျက် စိတ်၏နောက်ကျခြင်း မရှိပြီ၊ သင်၏ စကားကို ကြားနာရသောကြောင့် မစိုးရိမ်တော့ပါ၊ မငိုကြွေးတော့ပါ”_
ဟု လုလင်အား ချီးကျူးကာ ဝန်ခံလေ၏။
သားကဟောပြ တရားကျ
ထိုအခါလုလင်သည်‘ “ဖခင်ပုဏ္ဏား-သင်ကား သား၏အကျိုးငှါ ငိုကြွေး ဘိ၏၊ ဖခင်၏သားကား အကျွန်ုပ်ပင်တည်း၊ အကျွန်ုပ်သည် နတ်ပြည်၌ဖြစ်၏၊ ဤနေ့မှစ၍ မစိုးရိမ်ပါလင့်၊ အလှူကို ပေးပါလော့၊ သီလကို ဆောက် တည်ပါလော့၊ ဥပုသ်ကိုစောင့်ပါလော့”ဟု အဆုံးအမ ပေးပြီးလျှင် မိမိနေရာ တာဝတိံသာ နတ်ရွာသို့ သွားလေ၏။
ပုဏ္ဏားလည်း သားဖြစ်ဘူးသော နတ်သား၏ အဆုံး အမ၌တည်၍ ကုသိုလ်ကောင်းမှုကိုပြုကာ သေလွန်သောအခါ နတ်ပြည်၌ ဖြစ်လေ၏။
ဤဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ သားသေသောသူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်—
သူကြွယ်...
ထိုအခါ နတ်သားသည်-ယခုအခါ ငါဘုရားဖြစ် လာပြီ–
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) သားရင်းသေလွန်၊ သူကြွယ်မွန်၊ ပူပန်နှိပ်စက်ခဲ့။
(၂) သားဖြစ်ဘူးလတ်၊ ဝတိံနတ်၊ ချဉ်းကပ်ဆုံးမခဲ့။
(၃) ရေသွန်းမီးမျှ၊ ပူသောက၊ မထငြိမ်းသတဲ့။
မဋ္ဌကုဏ္ဍလီဇာတ် ပြီး၏။
***
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။