မညနာ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
မညနာ ဆိုသည်မှာ အထင်ကြီးခြင်း ဖြစ်သည်။ ဟုတ်သည်မှန်သည်ထက် ပိုလွန်ကာ ထင်ခြင်း ဖြစ်သည်။ အဝိဇ္ဇာအတွက်ကြောင့် ဝိပလ္လာသတရား ဖြစ်ပွား၏။ ထိုဝိပလ္လာသတရားကြောင့် အထင်ကြီးခြင်း ဖြစ်ပွားသည်။ မညတရားသုံးပါးကိုပင် အခိုင်အမြဲ စွဲလမ်းခြင်းအနက်ကြောင့် ဂါဟတရားသုံးပါး ဟုလည်း ခေါ်သည်။ အကျယ် အကျယ်မငြိမ်းဖွယ်သော အမှုလွဲ၊ အမှတ်မှားတို့ကို အဆင့်ဆင့်အဆက်ဆက် ပွားများစေတတ်သည့်အတွက်ကြောင့် ပပဉ္စတရားသုံးပါး ဟုလည်း ခေါ်သည်။ မညနာသုံးမျိုး ရှိသည်။ ၎င်းတို့မှာ
(၁) တဏှာမညနာ
(၂) မာနမညနာ
(၃) ဒိဋ္ဌိမညနာ တို့ ဖြစ်ကြသည်။[၁]
တဏှာမညနာ
[ပြင်ဆင်ရန်]ငါ၏ ပိုင်ရာ၊ ဆိုင်ရာ မဟုတ်သည်၌ ငါ၏ ပိုင်ရာ၊ ဆိုင်ရာဟုတ်၏ဟု ခင်တွယ်မှုနှင့် အထင်ကြီးခြင်း ဖြစ်သည်။ အမှန်အားဖြင့် ငါဟူ၍ မရှိ။ ငါဟူ၍ မရှိလျှင် ငါ၏ ပိုင်ရာ၊ ဆိုင်ရာဟူ၍ မရှိ။ ထိုသို့ မရှိပါဘဲလျှက် အဇ္ဈတ္တဝတ္ထုတို့၌လည်းကောင်း၊ ဗဟိဒ္ဓဝတ္ထုတို့၌လည်းကောင်း ဤသည်ကား ငါ၏ ပိုင်ရာတည်း၊ ဤသည်ကား ငါ၏ ပိုင်ရာ မဟုတ်၊ ဤသည်ကား ငါ၏ ဆိုင်ရာတည်း၊ ဤသည်ကား ငါ၏ ဆိုင်ရာမဟုတ် ဟူ၍ ငါ၏ ပိုင်ရာ၊ ဆိုင်ရာအနေနှင့် စိတ်ထဲတွင် တွက်ခြားမှုကြီး အထင်အစွဲ ရှိနေခြင်းသည် တဏှာမညနာ မည်သည်။
အဇ္ဈတ္တဝတ္ထုဆိုသည်မှာ မိမိတို့၏ ကိုယ်ခန္ဓာ၊ မိမိ၏ ဦးခေါင်း၊ ခြေ၊ လက်၊ စက္ခုသောတ စသည်တို့ ဖြစ်သည်။ ဗဟိဒ္ဓဝတ္ထုဆိုသည်မှာ မိမိ၏ မိဘ၊ အဘ၊ ဆွေမျိုး စသည်၊ မိမိ၏ ကျွဲ၊ နွား၊ ဆင်၊ မြင်း စသည်၊ မိမိ၏ အိမ်ရာ၊ ဝင်းခြံ၊ လယ်ဥယျာဉ်၊ သစ်ပင်၊ ချုံနွယ်၊ မိမိ၏ ဝတ်စားတန်ဆာ၊ ရတနာ၊ ရွှေ၊ ငွေ စသည်တို့ ဖြစ်သည်။[၁]
မာနမညနာ
[ပြင်ဆင်ရန်]အဇ္ဈတ္တဝတ္ထုတို့ကို ငါ ငါဟူ၍ စိတ်ထဲတွင်အထင်ကြီးနေမှု ဖြစ်သည်။ ထို ငါဟူသော အထင်ကြီးမှုသည် အဇ္ဈတ္တဝတ္ထု၊ ဗဟိဒ္ဓဝတ္ထုတို့က အားပေးအားမြှောက် အထောက်အကူ ရှိခဲ့ပါက အလွန်ပင် မောက်မာမော်ကြွားထောင်လွှား တက်ကြွတတ်သည်။
အဇ္ဈတ္တဝတ္ထုဆိုသည်မှာ မျက်စိအား၊ နားအား၊ လက်အား၊ ခြေအား၊ သီလအား၊ သုတအား၊ ပညာအား၊ တန်ခိုးအား စသည်တို့ ဖြစ်ကြသည်။
ဗဟိဒ္ဓဝတ္ထုဆိုသည်မှာ ဆွေအား၊ မျိုးအား၊ ရပ်အား၊ ရွာအား၊ ဥစ္စာဓနအား၊ လက်နက်အား စသည်တို့ ဖြစ်သည်။ မျက်စိအားကောင်းလျှင် မျက်စိအတွက် ငါအားတက်သည်။ မျက်စိကန်းသူသည် ထိုအားယုတ်လျော့သည်။ ဤသို့ ဖြစ်သည်။[၁]
ဒိဋ္ဌိမညနာ
[ပြင်ဆင်ရန်]အဇ္ဈတ္တဝတ္ထုတို့ကို ငါ၏ အမာခံအထည်ခံ အနှစ်အသားအတ္တသာရပေတည်း ဟူ၍ စိတ်ထဲတွင် အထင်ကြီးမှု ဖြစ်သည်။ မြေအိုး၊ မြေခွက်ဆိုလျှင် မြေသည် ထိုအိုး၊ ထိုခွက်မှာ အမာခံအထည် ဖြစ်သည်။ ထိုမြေကိုပင် အိုးခွက်ဟု ခေါ်ကြသည်။ သံအိုး၊ သံခွက်ဆိုလျှင် သံသည် ထိုအိုး၊ ထိုခွက်တွင် အမာခံ အထည်ခံ ဖြစ်သည်။ ထိုသံကိုပင် အိုးခွက်ဟု ခေါ်ကြသည်။
ဤဥပမာကဲ့သို့ပင် အဇ္ဈတ္တဝတ္ထုဖြစ်သော ပထဝီဓာတ်ကို သတ္တဝါ၏ အမာခံ အထည်ခံပြု၍ ငါ၏ အမာခံ အထည်ခံပြုသော ထိုပထဝီဓာတ်ကိုပင် သတ္တဝါဟူ၍ ငါဟူ၍ အထင်ကြီးမှု ဖြစ်ကြသည်။ အာပေါဓာတ်၊ တေဇောဓာတ် စသည်တို့သည်လည်း ထို့အတူပင် ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |