ဘောဇာဇာနီယဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၃။ ကုရုင်္ဂဝဂ် -၂၃- ဘောဇာဇာနီယဇာတ်။ ။ သေသည်အထိ အသက်ကို ပမာဏမထားဘဲ ဝီရိယကိုသာကြိုးစားသော ဘောဇာဇာနီယ သိန္ဓောမြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဝီရိယအကျိုးရ ပမာပြ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားသာသနာတော်ဝယ် ရဟန်းပြုပါလျက် လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းတစ်ပါး ရှိသတတ်။

ထိုအခါမြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ “ချစ်သားရဟန်း ... ရှေးအခါ ပညာရှိတို့သည်မိမိကိုယ်ဝယ် မြားမှန်သော ဒဏ်ချက်ကြောင့် အသက်သေခါနီးသော်လည်း လုံ့လဝီရိယကိုမလျှော့ကြကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မင်္ဂလာမြင်းတွက်ဂုဏ်ရောင်ထွက်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုမင်း၏ မင်္ဂလာ မြင်းတော်သည် ဘောဇာဇာနီယ သိန္ဓောမြင်းမျိုး ဖြစ်၏။ အလုံးစုံသော အဆင်းတန်ဆာတို့နှင့် ပြည့်စုံ၏။ထိုမင်္ဂလာမြင်းသည် သုံးနှစ်ပတ်လုံး နံ့သာမျိုးဖြင့် ထုံအပ်သည်ဖြစ်၍ အထူးထူးသောအရသာတို့နှင့် ပြည့်စုံသော မွှေးကြိုင်သည့် သလေးထမင်းကို အဖိုးတစ်သိန်းတန်ရွှေခွက်၌ထည့်ကာ စားရ၏။ နေသောအရပ်ဝယ် ကမ္ဗလာ တင်းတိမ်တို့ဖြင့် ကာရံ၍ထား၏။ အထက်က ရွှေကြယ်စီအပ်သောပုဆိုး မျက်နှာကြက်ကို ကြက်၏။ ပတ်ပတ်လည် နံ့သာပန်းဆိုင်းတို့ကို ဆွဲကာ ဆီမီးကိုအမြဲထွန်းလျက်ရှိ၏။

ထိုမင်္ဂလာမြင်းတော်ကိုအစွဲပြုကာ မင်းကြီးမျာ အလွန် ကျက်သရေရှိ၏။ ဗာရာဏသီမင်းအဖြစ်ကို မတောင့်တမိသောသူမည်သည်မရှိ။

စစ်ထိုးထွက်ရန်တိုင်ပင်ပြန်[ပြင်ဆင်ရန်]

အခါတစ်ပါးဝယ်ခုနစ်ပြည်ထောင်သော မင်းတို့သည် စစ်သည်ဗိုလ်ပါ မြောက်မြားစွာဖြင့်ဗာရာဏသီပြည်ကြီးကို ဝန်းရံကာ “ငါတို့အား တိုင်းပြည်ကို အပ်နှင်းကာ မင်းအဖြစ်ကိုပေးမည်လော၊ သို့တည်းမဟုတ် စစ်တိုက်မည်လော” ဟု ဗာရာဏသီမင်းကြီးအား သဝဏ်စာပေးကြကုန်၏။

ထိုအခါမင်းကြီးသည် အမတ်တို့ကို စည်းဝေးစေ၍ “အမတ်မင်းတို့ ... ယခု ခုနစ်ပြည်ထောင်မင်းများတိုင်းပြည်ကို ဝိုင်း၍ထားကြပြီ၊ အဘယ်သို့ ပြုလုပ်ကြမည်နည်း” ဟု မေးလေ၏။အမတ်ကြီးတို့လည်း “အရှင်မင်းကြီး ... အရှင်မင်းကြီးကိုယ်တိုင် ရှေးဦးသွား၍စစ်မထိုးလေနှင့်၊ ဤမည်သော မြင်းစီးသူရဲ (မြင်းတပ်ဗိုလ်) ကို စစ်ထိုးခိုင်းပါ၊ထိုမြင်းစီးသူရဲမအောင်မြင်မှ မင်းကြီးကိုယ်တိုင် စစ်ထိုးသင့်၊ မထိုးသင့် သိရမည်” ဟု လျှောက်ထားကြကုန်၏။

မင်းကြီးစေချက်စစ်တိုက်ထွက်[ပြင်ဆင်ရန်]

မင်းကြီးသည်မြင်းစီးသူရဲကို ခေါ်စေ၍ “ အမောင် ... ခုနစ်ပြည်ထောင်မင်းတို့နှင့် စစ်ထိုးဝံ့မည်လော”ဟု မေးလေ၏။ မြင်းစီးသူရဲက “အရှင်မင်းကြီး ... မင်းကြီး၏ ဘောဇာဇာနီယ မင်္ဂလာ သိန္ဓောမြင်းတော်ကို ရလျှင်ခုနစ်ပြည်ထောင်မင်းလောက်ကို ထားပါဦး၊ ဇမ္ဗူဒိပ်ကျွန်းရှိ အလုံးစုံသောမင်းတို့နှင့်ပင် စစ်ထိုးဝံပါသည်” ဟု ရဲဝံစွာ လေဆာက်ထားလေ၏။ ထိုအခါ မင်းကြီးက“အမောင် ... ဘောဇာဇာနီယ သိန္ဓောမြင်း ဖြစ်စေ၊ တခြားမြင်းဖြစ်စေ လိုရာမြင်းကိုသဘောရှိယူ၍ စစ်ထိုးလော့” ဟု ခွင့်ပြုတော်မူ၏။

ဝီရိယကြိုးကုတ်ခြောက်မင်းပြုတ်[ပြင်ဆင်ရန်]

မြင်းစီးသူရဲလည်း ဘောဇာဇာနီယသိန္ဓောမြင်းကို ဆောင်ယူကာ ချပ်တန်ဆာဖြင့် ကောင်းစွာဖွဲ့၍ မိမိကိုယ်တိုင်လည်းချပ်တန်ဆာဖြင့် ကောင်းစွာဖွဲ့ပြီးလျှင် သန်လျက်ကို လွယ်ကာ သိန္ဓောမြင်းကို စီးလျက်မြို့မှထွက်၍ လျှပ်စစ်နွယ်ကဲ့သို့ ပြိုးပြိုးပြက်သွားကာ ဗိုလ်ထုတစ်ခုကို ဖျက်ဆီး၍မင်းတစ်ပါးကို အရှင်းဖမ်းပြီးလျှင် မြို့တွင်းသို့ဝင်၍ ဗိုလ်ထုအား အပ်နှင်းလေ၏။နောက်တစ်ဖန် ဒုတိယ ဗိုလ်ထုကို ဖျက်ဆီး၍ ဒုတိယ မင်းတစ်ပါးကို၊ နောက် တတိယဗိုလ်ထိုကို ဖျက်ဆီး၍ တတိယ မင်းတစ်ပါးကို၊ နောက် စတုတ္ထ ဗိုလ်ထုကို ဖျက်ဆီး၍စတုတ္ထမင်းတစ်ပါးကို၊ နောက် ပဉ္စမဗိုလ်ထုကို ဖျက်ဆီး၍ ပဉ္စမ မင်းတစ်ပါးကို၊ နောက် ဆဋ္ဌမဗိုလ်ထုကို ဖျက်ဆီး၍ ဆဋ္ဌမ မင်းတစ်ပါးကို ဖမ်းယူကာ မိမိတို့ ဗိုလ်ထုအားအပ်နှင်းပြန်လေ၏။

သိန္ဓဝမြင်းမြားထိခြင်း[ပြင်ဆင်ရန်]

ထိုဆဋ္ဌမမြောက်မင်းကိုဖမ်းသောအခါ ဘောဇာဇာနီယ သိန္ဓောမြင်းကို မြားမှန်သဖြင့် သွေးယိုစီးကာ ပြင်းထန်သောဝေဒနာရသဖြင့် မင်းအိမ်တံခါးကို ဆောင်ယူ၍ ချမ်းသာစွာ အိပ်စေလျက် ချပ်တန်ဆာတို့ကိုအသာဖြေပြီးလျှင် သတ္တမမြောက်မင်းကို ဖမ်းယူခြင်းငှာ မြင်းတစ်ကောင်ကို ချပ်တန်ဆာဖွဲ့ရန် ပြင်ဆင်လေ၏။

သေလုနီးတောင်လုံ့ဆောင်[ပြင်ဆင်ရန်]

ဘောဇာဇာနီယ သိန္ဓောမြင်းလည်းပြင်းထန်းသော ဝေဒနာကို ခံစားကာ အိပ်လျက် မြင်းစီးသူရဲကို ကြည့်လတ်သော်မြင်းတစ်ကောင်အား ချပ်တန်ဆာ ဖွဲ့နေသည်ကို မြင်လေ၏။ ထိအခါ သိန္ဓောမြင်းသည် “ယခုချပ်တန်ဆာ ဖွဲ့နေသော မြင်းဖြင့် သတ္တမမြောက်မင်းကို ဖမ်းယူနိုင်မည် မဟုတ်၊ငါပြုလုပ်ပြီးသော လုပ်ငန်း ပျက်စီးလိမ့်မည်၊ အတုမရှိသော သူရဲကောင်းလည်းပျက်စီးလိမ့်မည်၊ ငါတို့မင်းလည်း ရန်သူလက်သို့ ကျရောက်လိမ့်မည်” ဟု ကြံစည်ကာမြင်းစီးသူရဲကို ခေါ်စေ၍ “ အို မြင်းစီးသူရဲ ... ငါ့ကိုထား၍ တခြားမြင်းဖြင့်ဖမ်းယူနိုင်မည် မဟုတ်၊ ငါတို့ ပြုလုပ်အပ်သော လုပ်ငန်းလည်း ပျက်စီးလိမ့်မည်၊သို့အတွက် ငါ့ကိုပင် ချပ်တန်ဆာဖွဲ့ချည်လော” ဟု ဆိုလေ၏။

ထိအခါမြင်းစီးသူရဲသည် ဘောဇာဇာနီယ သိန္ဓောမြင်းကိုပင် မ ထူကာ မြားမှန်သော ဒဏ်ရာကို မြဲစွာ ကျပ်စည်းလျက်တန်ဆာဖွဲ့ချည်ပြီးလျှင် သိန္ဓောမြင်းကိုစီးကာ သတ္တမမြောက် ဗိုလ်ထုကို ဖျက်ဆီး၍သတ္တမမြောက်မင်းကို ဖမ်းယူကာ မိမိတို့ဗိုလ်ထုအား အပ်နှင်းပြန်လေ၏။သိန္ဓောမြင်းကိုလည်း မင်းကြီး အိမ်တံခါးသို့ ဆောင်ယူ၍ မင်းကြီးအား လျှောက်ကြားလေ၏။

တရားပြကာသေလွန်ရှာ[ပြင်ဆင်ရန်]

မင်းကြီးလည်း အင်္ဂလာသိန္ဓောမြင်းထ လာ၍ ရှုလတ်သော် သိန္ဓောမြင်းလည်း မသေမီ မင်းကြီးကို“အရှင်မင်းကြီး ... ခုနစ်ပြည်ထောင်မင်းတို့ကို မသတ်ဘဲ သစ္စာရေ တိုက်၍လွှတ်ပါ၊ အကျွန်ုပ်နှင့် မြင်းစီးသူရဲအား ပေးထားသည့် အခြံအရံကိုလည်း မြင်းသူရဲအားပေး၍အထူးသဖြင့် ချီးမြှောက်တော်မူပါ၊ မင်းကြီးလည်း မင်းကျင့်တရားနှင့် အညီ မင်းပြု၍ကုသိုလ်ကောင်းမှုကို အားထုတ်ပါ” ဟု မင်းကြီးအား အဆုံးအမပေးပြီးသော်ချပ်တန်ဆာတို့ကို ဖြေစေလျှင် ခဏချင်းပင် သေလွန်လေ၏။

မင်းကြီးလည်းမင်္ဂလာမြင်းအလောင်းကို သင်္ဂြိုဟ်ပြီးလျှင် မြင်းစီးသူရဲအား များစွာစေူ စည်းစိမ်ကိုပေး၍ ချီးမြှောက်က ခုနစ်ပြည်ထောင် မင်းတို့ကိုလည်း နောက်တစဖန် ရန်မပြုနိုင်အောင်သစ္စာရေတိုက်၍ လွှတ်လိုက်လေ၏။

ဤဒေသနာတော် အဆုံး၌လုံ့လဝီရိယလျှော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်ကာ ရဟန္တာ အဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဒ္မဒတ်မင်းသည် - ယခုအခါ အာနန္ဒာ။

မြင်းစီးသူရဲသည် - သာရိပုတ္တရာ။

သိန္ဓောမြင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အပျင်းမထူ၊ လုံ့လကူ၊ ထိုသူ ကြီးပွားမြဲ။

(၂) မြားဒဏ်ချက်ပြင်း၊ သေလုမြင်း၊ အားသွင်းအောင်သည့်နဲ။

ဘောဇာဇာနီယဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ