ဘူမိ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဘူမိ ဆိုသည်မှာ သတ္တဝါတို့၏ တည်ရာ၊ မှီရာ၊ ဖြစ်ပွားရာကို ဆိုလိုသည်။ ဘူမိ (၂) ပါးရှိသည်။ ၎င်း (၂) ပါးတို့မှာ
(၁) ပုထုဇ္ဇနဘူမိ
(၂) အရိယဘူမိ တို့ ဖြစ်ကြသည်။[၁]
ပုထုဇ္ဇနဘူမိ
[ပြင်ဆင်ရန်]ပုထုဇ္ဇနဘူမိဆိုသည်မှာ ပုထုဇ္ဇနဘာဝကို ဆိုလိုသည်။ ပုထုဇ္ဇနဘာဝဆိုသည်မှာ ဝိပလ္လာသတရားသုံးပါးတို့တွင် ဒိဋ္ဌိဝိပလ္လာသတရားကို ဆိုလိုသည်။ ခပ်သိမ်းသော လောကိဘုံသားတို့သည် ငါ့၏ ကိုယ်ခန္ဓာအတွင်း၌ နိစ္စမျိုး ရှိ၏၊ သုခမျိုး ရှိ၏၊ အတ္တမျိုး ရှိ၏ဟု အမြင်မှားခြင်း၊ အယူမှားခြင်းဟူသော ဒိဋ္ဌိဝိပလ္လာသတရားကို တည်ရာမှီရာပြု၍ နေကြကုန်၏။ ဒိဋ္ဌိမညနာတရား၊ ဒိဋ္ဌိဂါဟတရား၊ ဒိဋ္ဌိပပဉ္စတရား၊ ဒိဋ္ဌာဘိနိဝေသတရားကို အချုငပ်အချာ တည်ရာမှီရာပြု၍ နေကြကုန်၏။ ထို့ကြောင့် ထိုဒိဋ္ဌိဝိပလ္လာသတရားသည် ပုထုဇ္ဇနဘူမိ မည်သည်။[၁]
အရိယဘူမိ
[ပြင်ဆင်ရန်]အရိယဘူမိဆိုသည်မှာ အရိယဘာဝကို ဆိုလိုသည်။ အရိယာဘဝဆိုသည်မှာ ထိုဒိဋ္ဌိဝိပလ္လာသတရား အမြစ်အရင်းပါ ပြတ်ကင်း၍ ကိုယ်ခန္ဓာအတွင်း၌ နိစ္စမျိုးမရှိ၊ သုခမျိုးမရှိ၊ အတ္တမျိုးမရှိဟု အမြင်အယူ ဖြောင့်မှန်သော သမ္မာဒိဋ္ဌိဉာဏ်ကို ဆိုလိုသည်။
အရိယာပုဂ္ဂိုလ်တို့သည် ထိုအမြင်၊ ထိုအယူကို တည်ရာမှီရာပြု၍ နေကြသည်။ ထို့ကြောင့် ထိုသမ္မာဒိဋ္ဌိတရားသည် အရိယဘူမိ မည်သည်။
အနမတဂ္ဂသံသရာကာလ၌ ပုထုဇ္ဇနဘူမိတွင် ကျယ်လည်ရှည်လျား၍ နေကြကုန်သော ပုထုဇဉ်သတ္တဝါအနန္တတို့တွင် အကြင်ပုဂ္ဂိုလ်သည် တစ်ခုသော နေ့ရက်၌ ထိုသမ္မာဒိဋ္ဌိဉာဏ်ကို ပိုင်နိုင်စွာရသဖြင့် ထိုဒိဋ္ဌိဝိပလ္လာသတရား အမြစ်အရင်းပါ ပြတ်ကင်းသည်။ ထိုပုဂ္ဂိုလ်သည် ထိုနေ့၊ ထိုရက်မှစ၍ အရိယဘူမိသို့ ရောက်သည်။ ပရမတ္တအရိယာမျိုး ဖြစ်သည်။
အချို့သော အရိယာပုဂ္ဂိုလ်များမှာ သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသများ ကျန်ရှိသေးသော်လည်း ဒိဋ္ဌိဝိပလ္လာသကြီး ပြတ်ကင်းပြီး၍ သမ္မာဒိဋ္ဌိဉာဏ်ကြီးကို အတည်ရသဖြင့် ကျန်ရှိသော ဝိပလ္လာသများသည် ဒုစရိုက်မြောက်အောင် မမိုက်မဲနိုင်ကြတော့ပေ။ တရားသဖြင့် ရရှိလာသော စည်းစိမ်ချမ်းသာများကို ခံစား၊ စံစားဖို့မျှသာ ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |