ဘီရုကဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၁၄။ အသမ္ပဒါနဝဂ် -၁၃၂ - ဘီရုကဇာတ်။ ။ ဘီလူးများ ခရီးအကြားတွင် အမျိုးမျိုးလှည့်စား၍ ဣန္ဒြေများ မဖောက်ပြားသဖြင့် မင်းအဖြစ် ရောက်သော တက္ကသိုလ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဘုရားဂုဏ်ချီးကျူး အံ့ဖွယ်ထူး[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... မြတ်စွာဘုရားသည် အဇပါလ ညောင်ပင်ရင်း၌ မာရ်နတ်မင်း သမီးသုံးယောက်တို့ နတ်၌ဖြစ်သော အဆင်းတို့ကို ဖန်ဆင်းကာ ဖြားယောင်းရန် ချဉ်းကပ်လာသည်ကို မျက်စိတော်တို့ကိုလည်း ဖွင့်၍မျှ ကြည့်တော်မမူ၊ မြတ်စွာဘုရား၏ အစွမ်းတော်သည် အံ့ဖွယ်ရှိပေစွ” ဟု စကားကို ဖြစ်စေကုန်၏။

မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ယခုအခါ အာသဝေါကင်းလျက် သဗ္ဗညုအဖြစ်သို့ ရောက်ပြီးသော ငါဘုရားသည် မာရ်နတ်မင်း သမီးသုံးယောက်တို့ကို မကြည့်သည်မှာ အံ့ဖွယ်မရှိသေး၊ ရှေးအခါ ကိလေသာ အာသဝေါ မကင်းသေးဘဲ သဗ္ဗညုတဉာဏ်ကို ရှာစဉ်၌ပင် ဖန်ဆင်း၍ပြသော နတ်သမီးတို့အဆင်းကို ဣန္ဒြေဖျက်၍မကြည့်ဘဲ သွားသဖြင့် မင်းအဖြစ်သို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

လျှောက်ထားမေးငြား နောက်ကြောင်းများ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ သားတစ်ထောင်တို့အနက် အငယ်ဆုံးသား ဖြစ်လေ၏။ [အလုံးစုံသော စကားသည် ပြဆိုခဲ့ပြီးသော တေလပတ္တာဇာတ် အတိတ်ဝတ္ထုနှင့် တူပြီ။]

တစ်နေ့သ၌ မင်းသားငယ်သည် ငါကား အငယ်ဆုံးသားတော် ဖြစ်သည်၊ ဤဗာရာဏသီပြည်ဝယ် မင်းအဖြစ်ကို ရမည် မရမည်ကို ရှင်ပေစ္စကဗုဒ္ဓတို့အား မေးလျှောက်မည်ဟု ကြံစည်ကာ အရှင်ပစ္စေကဗုဒ္ဓါတို့ နန်းတော်သို့ ကြွလာသောအခါ ထိုအကြောင်းကို မေးလျှောက်လေ၏။ ရှင်ပေစ္စကဗုဒ္ဓါတို့လည်း မင်းသားငယ်အား “ဤဗာရာဏသီပြည်၌ မင်းမဖြစ်နိုင်၊ တက္ကသိုလ်ပြည်သို့ သွားနိုင်လျှင် ခုနစ်ရက် မြောက်သောနေ့ဝယ် မင်းဖြစ်လိမ့်မည်၊ သို့ရာတွင် လမ်းခရီးဝယ် ဘီးလူးမတို့ ဘေးအန္တရာယ်ရှိသည်၊ ၎င်းတို့ကို ဣန္ဒြေဖျက်၍ မကြည့်ဘဲ သွားနိုင်မှ ဘေးရန်လွတ်မည်” ဟု မိန့်တော်မူကုန်၏။

မိဖုရားတင်မှား ဘီလူးစား[ပြင်ဆင်ရန်]

ထိုအခါ မင်းသားသည် ဘေးရန်လွတ်အောင် သွားမည်ဟု လျှောက်ထား၍ ရှင်ပစ္စေကဗုဒ္ဓတို့ထံမှ ပရိတ် အရံအတား ပြုလုပ်ကာ တက္ကသိုလ်ပြည်သို့ သွားလေသော် လမ်းခရီးဝယ် ဘီလူးမတို့သည် နတ်သမီးဟန် ဖန်ဆင်းကာ အမျိုးမျိုး ဖြားယောင်းသော်လည်း ဂရုမစိုက်ဘဲ သွားသဖြင့် တက္ကသိုလ်ပြည်သို့ရောက်၍ မြို့တံခါးအနီး ဇရပ်ဝယ်တည်းခိုလေ၏။ ဘီလူးမတစ်ယောက်လည်း နတ်သမီးအဟန် ဖန်ဆင်းကာ ထက်ကြပ်မကွာ နောက်မှလိုက်၍ ဇရပ်တံခါးတွင် နေလေ၏။

တက္ကသိုလ်ပြည် မင်းကြီးလည်း ဥယျာဉ်ကစားသွားရာ ဘီလူးမကိုမြင်လျှင် အလွန်တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ မင်းသားငယ်က ဘီလူးမ ဖြစ်ကြောင်း ပြောစေသော်လည်း မနာယူဘဲ ခေါ်ဆောင်ကာ မိဖုရားမြှောက်လေ၏။

ဘီလူးမလည်း မင်းကြီးကို ဖြားယောင်းကာ နန်းတွင်းသူ နန်းတွင်းသားတို့ကို စိုးပိုင်နိုင်ရန် အာဏာကိုတောင်း၍ ညဉ့်အခါ ဘီလူးတို့ကိုခေါ်ကာ ခွေး၊ ဝက်၊ ကြက် မကျန် တစ်နန်းတော်လုံးစားကာ အရိုးတို့ကိုသာထား၍ ဘီလူးမသည် ဘီလူးတို့နှင့်အတူ ဘီလူးမြို့သို့ ပြန်သွားလေ၏။

အားလုံးတိုင်ပင် ထီးနန်းတင်[ပြင်ဆင်ရန်]

နံနက်လင်းသောအခါ တစ်နန်းတော်လုံး ဘီလူးစား ခံရသည်ကိုသိ၍ အညစ်အကြေးတို့ကို သုတ်သင်ရှင်းလင်းပြီးလျှင် နန်းတော်တစ်ခုလုံးကို တန်ဆာဆင်လျက် ဇရပ်တွင် တည်းခိုနေသော မင်းသားငယ်ကို ပင့်ဆောင်ကာ အဘိသိက်သွန်း၍ မင်းမြောက်ကြကုန်၏။

အမတ်၊ ပုဏ္ဏား၊ သူကြွယ် အစရှိသော သူတို့လည်း တန်ဆာဆင်ကာ မင်းကြီးထံ၌ ခစားကြကုန်၏။ တစ်သောင်းခြောက်ထောင်သောကချေသည်မတို့လည်း ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ဖြင့် အသုံးခံကာ ဖျော်ဖြေကြကုန်၏။ ထိုအခါ တစ်နန်းတော်လုံး တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။

မင်းကြီးသည် မိမိ၏ တင့်တယ်ခြင်းအသရေကို ကြည့်လျက် ငါသည် လမ်းခရီးဝယ် ဘီလူးမတို့ ဖန်ဆင်း၌ပြသော နတ်သမီးအဆင်းကို အကယ်၍ ကြည့်ငြားအံ့၊ အသက်သေခြင်းသို့ ရောက်ရာ၏။ ဤကဲ့သို့ မင်းကြီး၏ တင့်တယ်ခြင်း အသရေကို မြင်ရမည်မဟုတ်ဟု ကြံစည်နှလုံးသွင်းကာ -

“အချင်းတို့ ... ငါကား လိမ္မာတော်မူသော အရှင် ပစ္စေကဗုဒ္ဓါတို့ အဆုံးအမ၌တည်ရန် အမြဲ လုံ့လပြုခြင်းကြောင့် လည်းကောင်း၊ ထိတ်လန့် တုန်လှုပ်သဖြင့် မဆုတ်မနစ်ခြင်းကြောင့် လည်းကောင်း ဘီလူးမတို့ အလိုသို့ မလိုက်မိဘဲ ကြီးစွာသော သေဘေးမှ လွတ်ကင်းချမ်းသာရ၏”

ဟု ဥဒါန်းကျူးကာ တရားဟောလေ၏။ အသက်ထက်ဆုံး တရားသဖြင့် မင်းပြုလျက် ကိုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တက္ကသိုလ်ပြည်တွင် မင်းဖြစ်သော မင်းသားသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဣန္ဒြေစောင့်မှု၊ လုံ့လပြု၊ ယခု ချမ်းသာမည်။

(၂) ဘီလူးတွေ့ငြား၊ မရှုစား၊ မင်းသားမင်းဖြစ်သည်။

(၃) ဝိလိယသူဌေး၊ ငမိုက်ခွေး၊ ဆပ်ပေးကျေးဇူးနှယ်။

ဘီရုကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ