ဘဂ္ဂဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုကနိပါတ် - ၁။ ဒဠှဝဂ် -၁၅၅ - အဂ္ဂဇာတ်။ ။ ချေဆက်သောအခါ အသက်ရှည်စေသော်ဟု သားကဆို၍ ဖခင်က တစ်ဖန်ပြန်ဆိုသဖြင့် ဘီလူးဘေးမှ လွတ်မြောက်ရသော ပုဏ္ဏားသားအဖ အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ဖျင်းဖျင်းဆိုကြ ပညတ်ရ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းအနီး ဖြစ်သော ကောသလမင်းကြီးသည် ဆောက်လုပ်အပ်သည့် ရာဇိကာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ပရိသတ် လေးပါးတို့အလယ်၌ တရားဟောတော်မူခိုက် ချေဆက်တော်မူ၏
ထိုအခါ ရဟန်းတို့သည် (မြတ်စွာဘုရားသည် အသက်ရှည်စေသော်) ဟု ဆိုကြသဖြင့် အုတ်အုတ်ကျက်ကျက်သော အသံ ဖြစ်လေ၏။ ထိုအသံကြောင့် တရားဟောခြင်း၌ အန္တရာယ် ဖြစ်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်တို့အား “ ရဟန်းတို့ ... ချေဆက်သောအခါ အသက်ရှည်စေသော် ဆိုသဖြင့် အသက်ရှည်ရာသလော၊ သို့မဟုတ် သေရာသလော” ဟု မေး၏။ “အရှင်ဘုရား ... အသက်ရှည်စေသော ဆိုသဖြင့် အသက်ရှည်ရခြင်း၊ သေရခြင်းသည် မဖြစ်သင့်ပါ” လျှောက် ကြကုန်၏။ သို့ဖြစ်လျှင် ချေဆက်သောအခါ အသက်ရှည်စေသော် ဆိုသောရဟန်းအား *ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။
- ဒုက္ကဋ်အာပတ် - ရဟန်းတော်တို့ အာပတ်ခုနစ်ဘို့တွင် ခြောက်ခုမြောက် အာပတ်။
ဘုရားရှင်လျှောက်ထား ဟောမိန့်ကြား
[ပြင်ဆင်ရန်]တစ်နေ့သ၌ လူတို့သည် ရဟန်းတို့ ချေဆက်သောအခါ အသက်ရှည်စေသော် ဆိုသည်ရှိသော် ရဟန်းတို့သည် သိက္ခာပုဒ် ပညတ်ထားသဖြင့် တစ်ဖန် တုံ့ပြန်၍ အသက်ရှည်စေသော်ဟု မဆိုကြကုန်၊ လူတို့သည် ကဲ့ရဲ့ကြကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ကဲ့ရဲ့သော အကြောင်းကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ ... လူတို့သည် နှုတ်မင်္ဂလာစကားကို ချီးမွမ်းကြကုန်၏။ သို့အတွက် လူတို့အား အသက်ရှည်စေသော်” ဟု တုံ့ပြန်၍ ဆိုငြင်းငှာ ခွင့်ပြုတော်မူရပြန်၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား “အရှင်ဘုရား ... ချေဆက်သောအခါ တခြားသူက အသက်ရှည်စေသော်၊ တစ်ဖန် ချေဆတ်သူအား တုံ့ပြန်၍ အသက်ရှည်စေသော်ဟု အပြန်အလှန်ဆိုရသော ဥပဒေသည် အဘယ်အခါမှစ၍ ဖြစ်ပါသနည်း” ဟု လျှောက်ထားကြရာ “ရဟန်းတို့ ... ရှေးအခါကပင် ဖြစ်ခဲ့သည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]တည်းခိုနေရေး တံခါးစောင့်မေး
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏးမျိုး ဖြစ်လေ၏။ အဖပုဏ္ဏားသည် ကုန်သွယ်ခြင်း အမှုကိုပြုကာ အသက်မွေးလေ၏။
သားဖြစ်သော ပုဏ္ဏားလုလင်သည် တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်လတ်သော် အဖပုဏ္ဏားကြီးနှင့်တကွ ကုန်သွယ်သွားရာ ဗာရာဏသီမြို့တော်သို့ ရောက်လျှင် တံခါးစောင့်အိမ်တွင် ထမင်းချက်ပြုတ် စားသောက်ပြီးလျှင် တည်းခိုရန် နေရာမရသဖြင့် တံခါးစောင့်အား “အချင်းတံခါးစောင့် ... အခါမဲ့၌ လာသော ဧည့်သည်တို့သည် အဘယ်အရပ်မှာ တည်းခို နေထိုင်ရသနည်း” ဟု မေး၏။ “အချင်းကုန်သည် ... မြို့ပြင်မှာ ဘီလူးစောင့်သော ဇရပ်တစ်ဆောင် ရှိသည်၊ တည်းခိုလိုလျှင် ထိုဇရပ်မှာ တည်းခိုပါ” ဟု ပြောလေ၏။
ဘီလူးနေရာ အိပ်သောအခါ
[ပြင်ဆင်ရန်]ပုဏ္ဏားလုလင်သည် အဖအား “ ဖခင် ... သွားကြကုန်အံ့၊ ဘီလူးဘေးမှ မကြောက်ပါလင့်၊ အကျွန်ုပ်သည် ဘီလူးကို ဆုံးမကာ ဖခင်ခြေရင်း၌ ဝပ်စေအံ့” ဟု ပြောဆိုပြီးလျှင် အဖကိုခေါ်၍ ထိုဇရပ်သို့ သွားကြ၏။ အဖပုဏ္ဏားသည် အင်းပျဉ်၌ လျောင်းလေ၏။ သားလုလင်သည် ဖခင် ခြေတို့ကို ဆုပ်နယ်ကာနေ၏။
ထိုဇရပ်၌ စောင့်သောဘီလူးကား *ဝေသဝဏ် နတ်မင်းကြီးထံ ဆယ့်နှစ်နှစ်ပတ်လုံး ခစားလုပ်ကျွေးမှ ထိုဇရပ်ကို အပိုင်စားရ၏။ ထိုသို့စားရသော်လည်း ထိုဇရပ်သို့ ဝင်သောသူတို့တွင် ချေဆက်သောအခါ အသက်ရှည်စေသော်ဆိုသူနှင့် တစ်ဖန့် တုံ့ပြန်ကာ အသက်ရှည်စေသော် - ဆိုသူတို့ကို ချန်ထား၍ ကြွင်းသောသူတို့ကို စားရန် အမိန့်ရလေ၏။ ထိုဘီလူးသည် ဇရပ်ခေါင်းလျောက်တွင် နေ၏။
ဆုတောင်းပြန်က မစားရ
[ပြင်ဆင်ရန်]ထိုအခါ ဘီလူးသည် လျောင်းနေသော အဖပုဏ္ဏးကို မိမိ၏ အာနုဖြင့် ချေဆက်မည်ဟု သိမ်မွေ့သော အမှုန့်ကို လွှတ်၏။ နှာခေါင်းသို့ ဝင်သည်ရှိသော် အဖပုဏ္ဏားသည် ချေဆက်လေ၏။ သားလုလင်သည် အသက်ရှည်စေသော်ဟု ဆိုလေ၏။ ဘီလူးသည် အဖပုဏ္ဏားကိုစားရန် ခေါင်လျောက်မှ ဆင်း၏။ သားလုလင်သည် ဘီလူး ဆင်းလာသည်ကို မြင်လျှင် ဤဘီလူးသည် ငါ့အဖကို ချေဆတ်အောင် ပြုလုပ်သည် ဖြစ်လတ္တံ့၊ ချေဆတ်သောအခါ အသက်ရှည်စေသော် မဆိုသူကိုစားဖို့ အမိန့်ရသော ဘီလူးဖြစ်လတ္တံ့ဟု နှလုံးသွင်းကာ အဖပုဏ္ဏားကို ရည်မှတ်လျက် -
“ဖခင်ဘဂ္ဂ - သင်သည် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် အသက်ရှည်စေသော်၊ အကျွန်ုပ်ကိုလည်း ဘီလူးတို့ မစားနိုင်စေသော်” –
ဟု ဆိုလေ၏။ ထိုအခါ ဘီလူးသည် သားလုလင်စကားကို ကြားလတ်သော် ရှေးဦးစွာ အဖသည် အသက်ရှည်စေသော် ဆိုသောကြောင့် ဤလုလင်ကို မစားနိုင်၊ အဖပုဏ္ဏားကို စားမည်ဟု ပုဏ္ဏားထံ သွားလေ၏။
အဖပုဏ္ဏားလည်း ဘီလူးလာသည်ကို မြင်လျှင် ဤဘီလူးသည် ချေဆတ်သောအခါ သူတစ်ပါးက အသက်ရှည်စေသော် မဆိုသူကိုလည်း စားဖို့ အမိန့်ရသည် ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ သားလုလင်ကို ရည်မှတ်လျက် -
“ချစ်သား ... သင်သည်လည်း နှစ်ပေါင်း နှစ်ရာ့နှစ်ဆယ် အသက်ရှည်စေသော်၊ ဘီလူးတို့သည် လတ်တလော သေစေတတ်သော အဆိပ်ကို စားရစေသော်” ဟု တုံ့ပြန်ဆိုလေ၏။ ဘီလူးသည် အဖစကားကို ကြားလျှင် တစ်ဖန်တုံ့ပြန်၍ ဆိုသူဖြစ်သောကြောင့် ဤပုဏ္ဏားကိုလည်း မစားနိုင်။ ဤသို့ သား,အဖ နှစ်ယောက်လုံး မစားနိုင်တော့သည့်အတွက် မိမိနေရာသို့ ပြန်လေ၏။
ဘီလူးဆုံးမ မာန်စွယ်ကျ
[ပြင်ဆင်ရန်]ထိုအခါ သားလုလင်သည် -
“အိုဘီလူး ... သင်သည် ဤအရပ်သို့ ဝင်သူတို့ကို အဘယ်ကြောင့် စားရသနည်း” ဟု မေး၏။ “လုလင် ... ဆယ့်နှစ်နှစ်ပတ်လုံး ခစားလုပ်ကျွေးသဖြင့် ဝေဿဝဏ်နတ်မင်းကြီးက အပိုင်စား ပေးထားသည့်အတွက် စားရပါသည်” ဟု ပြော၏။ “ဘီလူး ... အလုံးစုံသောသူကို စားရသလော” ဟု မေး၏။ “မဟုတ်ပါ ချေဆတ်သောအခါ အသက်ရှည်စေသော် မဆိုသူနှင့် တစ်ဖန်တုံ့ပြန်ကာ အသက်ရှည်စေသော် မဆိုသူတို့ကိုသာ စားရပါသည်” ဟု ပြောကြား၏။ “ဘီလူး ... သင်ကား ရှေးအခါ အကုသိုလ်ကို ပြုခဲ့ခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်း၍ သူတစ်ပါးကို သတ်ဖြတ်စားရသော ဘီလူးဖြစ်ရသည်။ ယခုအခါ တစ်ဖန် အကုသိုလ်ပြုပြန်လျှင် သင်သည် အမိုက်ဘဝမှ အမိုက်ဘဝသို့ပင် ရောက်လတ္တံ့ဟု ငရဲဘေးဖြင့် ခြိမ်းခြောက်၍ ငါးပါးသီလ၌ တည်စေ၏။ ဘီလူးလည်း ပုဏ္ဏားထံဝယ် ကျွန်အမှုလုပ်ပမာ လုပ်ကျွေးလေ၏။
မင်းကြီးချီးမြှောက် သား,အဖနှစ်ယောက်
[ပြင်ဆင်ရန်]မိုးသောက်လင်းသောအခါ လှည့်လည်လာသော သူတို့သည် ဘီလူးကိုမြင်လျှင် ပုဏ္ဏားလုလင်သည် ဘီလူးကို ဆုံးမထားသောအဖြစ်ကို သိကြ၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ မင်းကြီးလည်း ပုဏ္ဏားလုလင်ကို ခေါ်၍ သေနာပတိ စစ်သူကြီးအရာ၌ ထားလေ၏။ ပုဏ္ဏားလုလင်သည် အဖပုဏ္ဏားကြီးအား များစွာသော စည်းစိမ်ကိုလေပးလေ၏။ မင်းကြီးလည်း ဘီလူးကို ဗလိနတ်စာ ခံယူသော နတ်အရာ၌ထား၍ ပုဏ္ဏားလုလင်၏ အဆုံးအမ၌တည်ကာ ဒါနသီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လျက် နတ်ပြည်သို့ ပြန်စေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဘီလူးသည် - ယခုအခါ အင်္ဂုလိမာလ။
မင်းကြီးသည် - အာနန္ဒာ။
အဖပုဏ္ဏားသည် - ပဿပ။
သားပုဏ္ဏားလုလင်သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ချေဆက်သူထက်၊ ဆိုစမြွက်၊ အသက်ရှည်စေဟူ။
(၂) ရှေးဆိုသူထက်၊ တုံ့ပြန်လျက်၊ အသက်ရှည်စေဟူ။
(၃) အသက်ရှည်စေ၊ ဆိုသောထွေ၊ ရှည်,သေမဖြစ်ဟူ။
အဂ္ဂဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။