ဗီဇဂါမ်နှင့် ဘူတဂါမ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဗီဇဂါမ်
[ပြင်ဆင်ရန်]မျိုးစေ့အားလုံးကို ဗီဇဂါမ = ဗီဇဂါမ်ဟု ခေါ်၏။ ထိုဗီဇဂါမ်သည် မူလ (အမြစ်)၊ ခန္ဓ (ပင်စည်)၊ ဖလု (အဆစ်)၊ အဂ္ဂ(အညွန့်)၊ ဗီဇ (အစေ့)အားဖြင့် (၅) မျိုး ရှိ၏။ မျိုးစေ့အဖြစ်၌ တည်ရှိသော ထိုဗီဇဂါမ်များကို ရဟန်းတော်တို့ မဖျက်ဆီးကောင်းသဖြင့် ကပ္ပိယတို့က အပ်စပ်မှုရှိအောင် ဆောင်ရွက်ပေးရသည်။ [၁]
ဘူတဂါမ်
[ပြင်ဆင်ရန်]မျိုးစေ့မှ အမြစ်အညွန့်တက်ကာ အပင်အဖြစ်သို့ ရောက်လာသော သစ်ပင်အားလုံးကို ဘူတဂါမ = ဘူတဂါမ် ဟု ခေါ်၏။ ထိုမျိုးစေ့ကို စိုက်ပျိုးသည့်အခါ အမြစ်သာ ထွက်၍ အညွန့်မထွက်သေးလျှင်သော်လည်းကောင်း၊ အညွန့်သာ ထွက်၍ အမြစ်မထွက်သေးလျှင်သော်လည်းကောင်း ဗီဇဂါမ်ဟုပင် ခေါ်၏။ အမြစ်အညွန့် နှစ်မျိုးလုံး ထွက်လျှင်ကား ဘူတဂါမ်တွင် ပါဝင်လေသည်။ [၁]
မအပ်သောခိုင်းနည်း
[ပြင်ဆင်ရန်]ရဟန်းတော်များသည် ကပ္ပိယကာရကတို့အား ဤသစ်ပင်ကို ဖြတ်စမ်း၊ ခုတ်စမ်း၊ လှဲစမ်း၊ ချိုင်စမ်း၊ ဤအသီးကို ဆွတ်စမ်း၊ ခူးစမ်း၊ ငရုတ်သီး၊ ကြက်သွန် စသည်တို့ကို ထောင်းစမ်း၊ ချက်စမ်း၊ အပင်ပေါက်မည့်ကြံ စသည်တို့ကို ဖြတ်စမ်း စသောခိုင်းခြင်းမျိုးသည် မအပ်သော ခိုင်းခြင်းဖြစ်၍ အာပတ်သင့်၏။ [၁]
အပ်သောခိုင်းနည်း
[ပြင်ဆင်ရန်]ရဟန်းတော်များသည် ကပ္ပိယကာရကတို့အား ဤသစ်ပင်ကို သိစမ်း၊ ကပ္ပိစမ်း၊ ဤငရုတ်သီးကို ကပ္ပိစမ်း စသော ဝိနည်းတော်နှင့်ညီသည့် ခိုင်းနည်းဖြင့်ခိုင်းမှအပ်သော ခိုင်းနည်း ဖြစ်သည်။
မည်သည့်သစ်ပင်၊ မည်သည့်ငရုတ်သီးဟု တိုက်ရိုက် မညွှန်ဘဲ “သစ်ပင်ခုတ်လိုက်၊ ငရုတ်သီး ထောင်းလိုက်” စသော ခိုင်းနည်းဖြင့် ခိုင်းလျှင်လည်း အပြစ်မရှိပါ၊သို့ရာတွင် ရဟန်းတော်များအနေဖြင့် ဝိနည်းတော်နှင့် ကိုက်ညီသည့် “သိစမ်း၊ ကပ္ပိစမ်း”ဟု သုံးနှုန်းမှုက ပို၍ ကောင်းမွန်ပါသည်။
ဖျက်ဆီးလိုသောစိတ် မရှိဘဲ သစ်တုံးလှိမ့်ရာ၊ တောင်ဝှေးထောက်၍ စင်္ကြံသွားရာအခါတို့၌ မြက်သစ်ပင်တို့ ပျက်စီးသော်လည်း အာပတ်မသင့်ပါ။ [၁]
ကပ္ပိခြင်း ဝိနည်းကံ
[ပြင်ဆင်ရန်]အထက်ပါအတိုင်း သစ်ပင် သစ်သီး ကြံ စသည်တို့ကို အပ်သောနည်းဖြင့် ဆွတ်ခြင်း၊ ခုတ်ခြင်းကို ပြုလုပ် စေပြီးသောအခါ ဘူတဂါမ်အဖြစ်မှ ကင်းလွတ်ပြီဖြစ်ပါသည်။ ကြံပင်ကို ခုတ်ယူလိုက်သောအခါ ဘူတဂါမ်ခေါ် အပင် ဘဝမှ ကင်းလွတ်သွားပါသည်။ သို့သော် နောက်ထပ် အပင် ပေါက်ဦးမည်ဖြစ်လျှင် ဗီဇဂါမ် ဖြစ်နေသေးသောကြောင့် ထိုဗီဇဂါမ်ကို ရဟန်းတော်တို့ မဖျက်ဆီးကောင်းသေးပေ။ ခုတ်ပြီး ဆွတ်ပြီး သစ်ပင်၊ သစ်သီး၊ ကြံ စသည်ကို ရဟန်းတော်များ သုံးဆောင်ကောင်းအောင် (ဗီဇဂါမ်ကို ဖျက်ဆီးရာ မရောက်အောင်) ကပ္ပိခြင်းခေါ် ဝိနည်းကံ တစ်ခုကို ပြုလုပ်ရသေးသည်။ [၁]
ကပ္ပိနည်း (၅) မျိုး
[ပြင်ဆင်ရန်]ကပ္ပသဒ္ဒါသည် ဤနေရာ၌ သမဏဝေါဟာရ ရဟန်းတော်တို့ ဝိနည်းတော်နှင့်အညီ အပ်အောင် အသုံးနှုန်းသော အခေါ်အဝေါ်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့ အပ်အောင် ပြုလုပ်ပေးခြင်း(ကပ္ပိခြင်း)တို့သည်-
(၁) မီးဖြင့်တိုက်ခြင်း၊
(၂) ဓားဖြင့်ခုတ်ဖြတ်ခြင်း၊
(၃) လက်သည်း ခြေသည်းတို့ဖြင့် ဆိတ်ဖြတ်ထိုးဖောက်ခြင်း၊
(၄) ပင်ကိုကပင် အစေ့နုသေး၍ အပင်မပေါက် နိုင်ခြင်း၊
(၅) သရက်သီးမှည့် စသည်တို့ကဲ့သို့ အစေ့ကို ထုတ်ပစ် ခြင်းတို့ ဖြစ်သည်။
ဤ (၅) မျိုးလုံးကိုပင် ရဟန်းတော်တို့အား အပ်အောင် ပြုလုပ်ပေးခြင်း ဖြစ်သောကြောင့် ကပ္ပိခြင်းဟု ခေါ်သည်။[၁]