ဗိဠာရကောသိယဇာတ်

ဝီကီပီးဒီးယား မှ

ဒသကနိပါတ် - ၄၅၀။ ဗိလာရကောသိယဇာတ် ဆွေစဉ်မျိုးဆက် ပေးမြဲဖြစ်သော အလှူဝတ်ကို ဖျက်သဖြင့် သိကြားမင်း သတိရစေသော သူဌေး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လှူဒါန်းပြုလေ့ လွန်ပျော်မွေ့

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတပါးသည် ရဟန်းပြုသော ကာလမှစ၍ အလှူပေးလေ့ရှိ၏၊ အလှူပေးခြင်း၌ မွေ့လျော်၏၊ သပိတ်တွင်းရှိ ဆွမ်းကိုပင် မလှူဘဲစားလေ့မရှိ၊ ရေမျှကိုလည်း သူတပါးအား မလှူမူ၍မသောက်၊ ဤသို့ လှူဒါန်းပေးကမ်းခြင်း၌ အလွန်မွေ့လျော်၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ စကားစပ်မိ၍ ထိုရဟန်းအကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင်– “ရဟန်းတို့...ရှေးအခါ ဤရဟန်းသည် သဒ္ဓါတရားမရှိ၊ အလှူခံတို့ကို မြင်၍ ကြည်ညိုခြင်းမရှိ၊ မြက်ဖျားတွင် ကပ်သောဆီပေါက်မျှကိုလည်း သူတပါးအား မပေးလေ၊ ထိုသူကြွယ်ကို ငါဆုံးမ၍ အလှူကို လှူစေပြီးလျှင် ဘဝတပါးသို့ ရောက်၍ပင် မစွန့်”ဟု မိန့်တော်မူကာ အောက်ပါ အတိတီဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လှူဒါန်းစဉ်ဆက် မျိုးမပျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ပစ္စည်းကိုဖြစ်စေ၏၊ အဘသေလွန်လျှင် သူဌေးရာထူးကို ရလေ၏။

တနေ့သ၌ ဥစ္စာများစွာကိုမြင်လျှင် ငါအလှူကြီးပေး မည်ဟု ကြံစည်လျက် အလှူတင်းကုပ်ဆောက်၍ အသက်ထက်ဆုံးပေးလှူပြီးလျှင် အသက်၏အဆုံး၌ ဤအလှူဝတ်ကို မဖျက်လင့်ဟု သားကို မှာထားခဲ့ပြီးလျှင် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ သိကြားမင်း ဖြစ်လေ၏။

ဘိုးဘွားစဉ်လာ ဖျက်ဆီးကာ

သူဌေးသားလည်း အလှူဝတ်ကို မဖျက်ဘဲ သေလွန်သောအခါ စန္ဒနတ်သား ဖြစ်လေ၏၊ ထိုသူဌေး၏သားသည် သူရိယနတ်သား ဖြစ်လေ၏၊ ထိုသူဌေး၏ သားသည် မာတလိ နတ်သားဖြစ်လေ၏၊ ထိုသူဌေး၏ သားသည် ပဉ္စသီခ နတ်သား ဖြစ်လေ၏၊ ဤသို့အစဉ်အတိုင်း လာခဲ့ရာ ခြောက်ယောက် မြောက်သော သားကား ကြောင်မျက်စိ ကဲ့သို့ မျက်စိ ရှိသောကြောင့် ဗိလာရကောသိယမည်၏၊ ထိုသူဌေးသည် သဒ္ဓါတရားမရှိ၊ အလှူခံတို့အားချစ်မြတ်နိုးခြင်းမရှိ၊ စိတ်ခက်ထန်၏၊ ဝန်တို၏၊ အလှူ တင်းကုပ်ကို မီးတိုက်ပြီးလျှင် အလှူခံတို့ကို ရိုက်ပုတ် နှင်ထုတ်စေ၏။

ဘိုးသိကြားမြင်ရာ လူ့ရွာလာ

ထိုအခါ သိကြားမင်းသည် မိမိ၏ ရှေးကောင်းမှုကံကို ကြည့်ရှုလတ်သော် ငါ၏ သားမြေး အဆက်ဆက်တို့ကား စန္ဒနတ်သား၊ သူရိယနတ်သား၊ မာတလိနတ်သား၊ ပဉ္စသီခ နတ်သားတို့ဖြစ်ကြကုန်၏၊ ခြောက်ယောက် မြောက်သော သားကား အနွယ်အဆက် ဖြတ်သည်ကို မြင်လေ၏၊ ထိုအခါ ဤသူယုတ်မာကို ဆုံးမ၍ အလှူ၏အကျိုးကို သိစေမည်ဟု ကြံစည်လျက် စန္ဒနတ်သား၊ သူရိယနတ်သား၊ မာတလိ နတ်သား၊ ပဉ္စသီခ နတ်သားတို့ကို ခေါ်၍ ထိုအကြောင်းကို ပြောကြားပြီးလျှင် ထိုသူဌေးသားကို ဆုံးမရန် နတ်သား လေးယောက်နှင့်တကွ ဗာရာဏသီပြည်သို့ သွားလေ၏။

ပုဏ္ဏားအိုဟန်သွင် အလှူခံဝင်

ထိုခဏ၌ သူဌေးသည် မင်းကြီးကိုခစား ရန်သွားရာ ခုနစ်ခုမြောက်တံခါးမုခ်သို့ ရောက်၍ ခရီးလမ်းမကို ကြည့်ရှုလျက် စင်္ကြံသွားကာနေ၏၊ သိကြားမင်းလည်း ငါဝင်ပြီးမှ အစဉ်အတိုင်း လိုက်ခဲ့ကြဟု မှာထားပြီးလျှင် ပုဏ္ဏားအဟန်ဖြင့် သူဌေးထံ၌ရပ်၍ “အို-သူဌေးကြီး...ငါ့အားထမင်းပေးပါ လော့”ဟု ပြော၏၊ “ပုဏ္ဏား...ဤ အိမ်၌ သင့်ပေးဘို့ ဤ ထမင်းမရှိ၊ အခြားအိမ်သို့ သွားလေ”ဟု နှင်၏၊ “အို-သူဌေးကြီး.. ပုဏ္ဏားတို့ ထမင်းတောင်းသော် မုချပေးရမည်”ဟု ပြော၏၊ “ပုဏ္ဏား... ငါ့အိမ်၌ ချက်ပြီးထမင်း, ချက်လတံ့ ထမင်းမရှိ၊ အခြားအိမ်သို့ သွားလေ”ဟု တဖန် နှင်ပြန်၏၊ “အို-သူဌေးကြီး... တစုံတခု ချီးမွမ်းသော ဂါထာကို ရွတ်ဆိုမည်၊ နားထောင်ပါ” ဟု ပြော၏၊ “ပုဏ္ဏား မထောင်လိုဘူး၊ ငါ့အိမ်မှာ မရွတ်လင့်”ဟု တားမြစ်လေ၏။

ဒါနကျိုးတရား သူဌေးဟောကြား

သိကြားမင်းသည် သူဌေး ပြောသော စကားကို မကြားဟန်ပြု၍-

“အို-သူဌေးကြီး... သူတော်ကောင်းတို့သည် မချက်ရသော်လည်း ဆွမ်းခံ၍ရသော ထမင်းကိုပင် လှူလိုကြကုန်၏၊ သင်ကားချက်ရပါလျက် အဘယ်ကြောင့် မလှူသနည်း၊ မလှူခြင်းသည် မလျောက်ပတ်”

“အို-သူဌေးကြီး... အလှူမည်သည်ကို ဝန်တိုခြင်းကြောင့်၎င်း၊ မေ့လျော့ခြင်းကြောင့်၎င်း၊ ဤအကုသိုလ်တရား နှစ်ပါးတို့ကြောင့် မလှူ၊ အလှူ၏ အကျိုးကို ... လိုလားတောင့်တသော ပညာရှိသည် လှူအပ်သည်သာတည်း”-

ဟု သူဌေးအား ဂါထာရွတ်ဆိုကာတရားဟောလေ၏။

သူဌေးကြီးသည် သိကြားမင်း စကားကို ကြားလျှင် ကောင်းပြီ အိမ်ထဲဝင်နေပါ၊ ထမင်းအနည်းငယ် ရလိမ့်မည်ဟု ပြော၏၊ သိကြားမင်းသည် အိမ်သို့ဝင်၍ ဂါထာကိုသာ ရွတ်ဆို၍နေ၏။

ဒါနကျိုးသဘော ပုဏ္ဏားဟော

ထို့နောက် စန္ဒနတ်သားလည်း ပုဏ္ဏား အဟန်ဖြင့် “အို-သူဌေးကြီး... ထမင်း ပုဏ္ဏားဟော ပေးပါလော့” ဟု ပြောလာပြန်၏။ သင့်ဘို့ထမင်းမရှိ၊ သွားလော့”ဟု နှင်ပြစ်ပြန်၏၊ “သူဌေးကြီး...သင့်အိမ်တွင်း၌ ပုဏ္ဏားတယောက် ရှိ၏၊ ဆွမ်းကျွေးလိမ့်ယောင်တကား”ဟုပြောဆိုပြီးလျှင်–

“အို-သူဌေးကြီး... ဝန်တိုသော သူသည် ငတ်မွတ်ခြင်း ဆာလောင်ခြင်းဘေးမှ ကြောင့်ကြသဖြင့်သာမလှူလေ၊ ထိုငတ်မွတ်ခြင်း ဆာလောင်ခြင်း ဘေးသည်လည်း မလှူသော သူအားသာ နှိပ်စက်ဘိ၏၊ ဝန်တိုသောသူသည် ငတ်မွတ်ခြင်းဆာလောင် ခြင်းဘေးမှကြောက်၏၊ ပစ္စုပ္ပန်တမလွန်လောက၌ ငတ်မွတ်ခြင်း ဆာလောင်ခြင်းဘေးသည် ဝန်တို သောသူကိုသာ နှိပ်စက်ဘိ၏၊ ထို့ကြောင့် ဝန်တိုခြင်းမစ္ဆေရကို ပယ်ဖျောက်၍ မစ္ဆေရ ဟူသော အညစ်အကြေးကို နှိမ်နင်း၍ ပေးလှူပါ၊ ကောင်းမှုတို့ကား တမလွန်လောက အဆက်ဆက်၌ သတ္တဝါတို့၏ ထောက်တည်ရာဖြစ်ကုန်၏”—

ဟု တရားဟောပြန်၏၊ သူဌေးကြီးသည် စန္ဒနတ်သား၏ စကားကို ကြားပြန်လျှင် ကောင်းပြီ အိမ်ထဲဝင်နေပါ၊

ထမင်းအနည်းငယ် ရလိမ့်မည်ဟု ပြော၏၊ စန္ဒနတ်သားလည်း ဝင်၍ သိကြားမင်းအထံ၌နေ၏။

ကုသိုလ်ပြုငြား သုဂတိလား

ထို့နောက် သူရိယ နတ်သားသည် လာပြန်၍ ထမင်းတောင်းပြီးလျှင်-

“အို-သူဌေးကြီး...သူယုတ်မာတို့သည်လှူနိုင်ခဲ သောအလှူဒါနကို ပေးလှူကုန်သော ပြုနိုင်ခဲသော ကုသိုလ်ကောင်းမှုကို ပြုကုန်သော သူတော်ကောင်း တို့သို့ အတုလိုက်၍ မပြုကုန်၊ သူတော်ကောင်းတို့ အကျင့်ကို သူယုတ်မာတို့ လိုက်နိုင်ခဲ၏၊ ထိုကြောင့် ဤပစ္စုပ္ပန်ဘဝမှ သေလွန်သည်ရှိသော် သူတော်ကောင်းတို့လားရာဂတိနှင့် သူယုတ်မာတို့ လားရာ ဂတိသည် ထူးခြားလှ၏၊ သူယုတ်မာတို့ကား ငရဲသို့ လားရ၍ သူတော်ကောင်းတို့ကား နတ်ပြည်သို့ လားရကုန်၏”—

ဟု တရားဟောပြန်၏၊ သူရိယ နတ်သားကိုလည်းကောင်းပြီ၊ အိမ်ထဲဝင်နေပါ၊ ထမင်းအနည်းငယ် ရလိမ့်မည် ဟု ပြော၏၊ သူရိယနတ်သားလည်း ဝင်၍နေပြန်၏။

ကံကိုအာရုံပြု လှူဒါန်းမှု

ထို့နောက် မာတလိ နတ်သားလည်း လာပြန်၍ ထမင်းတောင်းပြီးလျှင်–

“အို-သူဌေးကြီး... အချို့သော ပညာရှိတို့သည် အနည်းငယ်သော အလှူဝတ္ထုကိုလည်း လှူကြကုန်၏၊ အချို့သော ဝန်တိုသောသူတို့သည် အလှူဝတ္ထုများစွာတို့နှင့် ပြည့်စုံပါလျက်လည်း မလှူကြကုန်၊ ကံ, ကံ၏ အကျိုးကို ယုံကြည်၍ အနည်း ငယ်မျှလှူအပ်သော အလှူဒါနကို အသပြာတထောင်ကို စွန့်၍လှူအပ်သော အလှူဒါနနှင့် အတူအမျှ နှိုင်းယှဉ်အပ်၏”—

ဟု တရားဟောပြန်၏၊ သူဌေးကြီးသည် မာတလိ နတ်သားကိုလည်း အိမ်ထဲဝင်၍ နေစေပြန်၏။

ဓမ္မိယလဒ္ဓ မွန်မြတ်လှ

ထို့နောက် ပဉ္စသီခ နတ်သားသည် လာပြန်၍ ထမင်းတောင်းပြီးလျှင်–

“အို-သူဌေးကြီး...တရားကိုကျင့်သောရဟန်းသည် တရားနှင့်အညီ ရှာမှီးခြင်းဟူသော ဆွမ်းခံ အကျင့်ကိုသာ ကျင့်ရာ၏၊ သားမယားကို ကျွေးမွေးသောသူသည် အလှူဝတ္ထု အနည်းငယ်ပင်ရှိသော်လည်း လှူဒါန်း၍သာ တရားကိုကျင့်ရာ၏၊ သူတပါးတို့ကို နှိပ်စက်၍ရသော ဥစ္စာတထောင် တထောင်ကို စွန့်လှူသော သူတသိန်းတို့၏ အလှူတို့သည် တရားသဖြင့်ရသော ဆင်းရဲ၏ အလှူကို တဆယ့် ခြောက်စိတ်စိတ်၍ တစိတ်မျှ မမှီနိုင်ကုန်”—

ဟု အလှူ၏အကျိုးတရား ဟောပြန်၏။

ဒါနအကျိုးက ဆန်းကြယ်လှ

ထိုအခါ သူဌေးကြီးသည် ပုဏ္ဏားပြောကြားသော အဓိပ္ပါယ်ကို မသိသည် ဖြစ်၍—

“အို-ပုဏ္ဏားဥစ္စာတသိန်းကိုစွန့်လှူအပ်သော လှုသည် အဘိုး များစွာ ထိုက်သောကြောင့် အကျိုးများစွာသင့်ပါလျက်၊ ထိုအလှူသည်အဘယ်ကြောင့် တရားသဖြင့်ရသော ဥစ္စာအနည်းငယ်ကို စွန့်လှူအပ်သောအလှူကို မမှီနိုင်သနည်း”

အို-ပုဏ္ဏား...သူတပါးတို့ကိုနှိပ်စက်၍ရသော ဥစ္စာ တထောင် တထောင်ကို စွန့်လှူသောသူ တသိန်းတို့၏ အလှူတို့သည် အနည်းငယ် လှူအပ်သော သူဆင်းရဲ၏အလှူကိုအဘယ်ကြောင့်တဆယ့် ခြောက်စိတ်စိတ်၍ တစိတ်မျှ မမှီနိုင်ကုန်သနည်း”—

ဟု ပဉ္စသီခနတ်သားကိုမေးလေ၏။

ထူးဆန်းကျိုးပေး ဒါနရေး

ထိုအခါ ပဉ္စသီခ နတ်သားသည် သူဌေးကြီးအား ဒါန အကျိုး၏ ထူးဆန်းစွာပေးပုံကိုပြောလို၍-

အို-သူဌေးကြီး... မညီမညွတ်သော ကာယကံ စသည်၌တည်သောအချို့သောသူတို့သည်သူတပါးတို့ကို ပင်ပန်းစေ၍၎င်း, သတ်ဖြတ်ညှဉ်းဆဲစေ၍၎င်း, စိုးရိမ်ပူပန်စေ၍၎င်း လှူဒါန်းကြကုန်၏၊ မျက်ရည်ကျစေလျက် ဒဏ်ပေးခြင်းနှင့်တကွဖြစ်၍ တရား နှင့်မညီသော ထိုအလှူသည် တရားနှင့် ညီသော အနည်းငယ်သော အလှူကို မမှီနိုင်”၊

“အို-သူဌေးကြီး... ဤသို့လျှင် သူတပါးတို့ကို နှိပ်စက်၍ရသော ဥစ္စာတထောင်တထောင်ကို စွန့်လှူသောသူတသိန်းတို့၏ အလှူသည် အနည်းငယ် လှူအပ်သော သူဆင်းရဲ၏အလှူကို တဆယ့်ခြောက် စိတ် စိတ်၍ တစိတ်မျှမမှီနိုင်”—

ဟု အဓိပ္ပါယ်ကို ရှင်းလင်းစွာ ဖြေဆိုလေ၏။

နွားစာကြွေးမှု သူဌေးအလှူ

သူဌေးကြီးသည် ပဉ္စသီခ နတ်သားကိုလည်း အိမ်ထဲသို့ဝင်စေပြန်၏၊ ဤသို့လျှင် သိကြားမင်းနှင့်တကွ လေးယောက်သော နတ်သားတို့သည် စုမိကုန်၏၊ ထိုအခါ ဗိလာရကောသိယသူဌေးကြီးသည် ကျွန်မကို ပုဏ္ဏားတို့အား တကွမ်းစားသော စပါးနှံကို ပေးရန်စေခိုင်း၏၊ ကျွန်မလည်း စေခိုင်းတိုင်းပြု၏၊ ပုဏ္ဏားတို့လည်းအလှူမခံကုန်၊ တဖန်ဆန်ကို ပေးရန် စေခိုင်းပြန်၏၊ အလှူမခံကုန်၊ တဖန်နွားစားဘို့ ချက်ထားသော ထမင်းကို ပေးစေပြန်၏၊ ထိုအခါ ကျွန်မသည် နွားစာထမင်းတို့ကို ခူး၍ပေးပြန်၏။

ပုဏ္ဏားတို့ဟန်ဆောင် နင်သေယောင်

ပုဏ္ဏားယောင်ဆောင်သော သိကြားမင်းနှင့်တကွ နတ်လေးယောက်တို့သည် ထိုနွားစာထမင်းကို အသီးအသီးဆုပ်၍ ခံတွင်း၌ထည့်၍ လည်ချောင်း၌နင်စေလျက် မျက်ဖြူလန်ကုန်၍ မိန်းမောကုန်လျက် သူသေကဲ့သို့လျောင်းကြကုန်၏၊ ကျွန်မသည် ပုဏ္ဏားတို့ကိုမြင်လျှင် သေပြီမှတ်ထင်၍ သူဌေးကြီးထံသွားကာ နွားစာထမင်းကြမ်းကို မမျိုနိုင်ဘဲ ပုဏ္ဏားတို့ သေကုန်ပြီဟု ပြောကြားလေ၏၊ သူဌေးကြီးလည်း ယခုအခါ ယုတ်မာသောသူဌေးသည် နွားစာထမင်းကိုကျွေး၍ နူးညံ့သောပုဏ္ဏားတို့ မမျိုနိုင်သဖြင့် သေကြရကုန်၏၊ မုချကဲ့ရဲ့ကြမည်ဟု ကြံစည်လျက် ကျွန်မကို နွားစာထမင်းတို့ကို ပယ်စွန့်စေပြီးလျှင် မွန်မြတ်သော အရသာရှိသော သလေးထမင်းတို့ကို ပေးစေပြန်၏။

သူဌေးသဘော မုသားပြော

ထို့နောက်သူဌေးကြီးသည် ခရီးလမ်းမ၌ သွားသောသူတို့ကိုခေါ်၍ စည်းဝေးစေပြီးလျှင်– “အချင်းတို့...ကြည့်ရှုကြပါကုန်၊ ငါစားသောနည်းဖြင့် မွန်မြတ်သော သလေးထမင်းကို ပေးပါလျက် လောဘကြီးလှ၍ ထမင်းလုပ်ကြီးစွာ ခွန့်သောပုဏ္ဏားတို့သည် မမျိုနိုင်ဘဲ နင်၍သေကြကုန်၏၊ ငါ၏ အပြစ်မဟုတ်ကြောင်း သိကြပါကုန်”ဟု ပြောဆိုတိုင် ကြားလေ၏။

သူဌေးလိမ်မှု ကဲ့ရဲ့ပြု

ထိုအခါ ပုဏ္ဏားတို့သည်ထကုန်၍ လူအပေါင်းကိုကြည့်ရှုလျက် “အို-လူအပေါင်း တို့... နားထောင်ကြကုန်လော့၊ ဤသူဌေးကြီးကား မဟုတ်မမှန်သောစကားကို ပြောဆိုဘိ၏ ရှေးဦးစွာ နွားစာထမင်းကို ပေး၍ ငါတို့သေဟန်ဆောင် နေသောအခါမှ သလေးထမင်းကိုခူး၍ ထားစေ၏”ဟု ပြောဆိုလျက်စားပြီး ထမင်းတို့ကိုအန်ထုတ်ကာ မြေ၌ထွေး၍ ပြကြကုန်၏၊ ထိုအခါလူအပေါင်းတို့သည် “ဟယ်သူဌေး မိုက်... သင်သည် လှူဒါန်းမြဲ အနွယ်အဆက်ကို ဖျက်ဆီးဘိ၏၊ အလှူတင်းကုပ် မီးတိုက်စေဘိ၏၊ အလှူခံတို့ကိုလည်း ရိုက်ပုတ်ကာ လည်ကိုကိုင်၍ နှင်ထုတ်စေဘိ၏၊ နူးညံ့သော ပုဏ္ဏားတို့အားလည်း ကြမ်းထန်းသော နွားစာထမင်းကို ပေးဘိ၏၊ သင့်အိမ်ရှိသောဥစ္စာတို့သည် လည်ပင်း၌ဆွဲ၍ သွားရမည်လော”ဟု ပြောဆိုလျက် ... ကဲ့ရဲ့ပြစ်တင်ကြ

ကုန်၏။

သိကြားပြောပြ ဖြစ်စဉ်ဘဝ

ထိုခဏ၌ သိကြားမင်းသည် “အချင်းတို့... ဤအိမ်၌ရှိသော ဥစ္စာတို့သည် မည်သူ့ ဥစ္စာတို့နည်း၊ သိကြကုန်၏ လော”ဟု မေး၏၊ “အရှင်...မသိပါကုန်”ဟု ပြောကုန်၏၊ “အချင်းတို့... ဤမြို့ဝယ် ဤမည်သော မင်းလက်ထက် မဟာသူဌေးကြီးသည် အလှူတင်းကုပ်ကို ဆောက်၍ အလှူကြီးကိုပေး၏ဟု ကြားဘူးကြသလော”ဟု မေး၏၊ “အရှင်... ကြားဘူးကြပါ၏”ဟု ပြောကြ၏၊ “အချင်းတို့... ထိုအလှူကြီးကို ပေးလှူသော သူဌေးကြီးကား ငါပင်ဖြစ်၏၊ ငါကား အလှူကြီးကို ပေးလှူသဖြင့် သိကြားမင်း ဖြစ်ရ၏၊ ငါ၏သား မြေးအဆက်ဆက်တို့ကား စန္ဒနတ်သား; သူရိယနတ်သား, မာတလိနတ်သား, ပဉ္စသီခနတ်သားတို့ ဖြစ်ကြရကုန်၏”ဟု ပြောဆိုကာ နတ်သားအသီး အသီးတို့ကို ပြလေ၏၊ အထူးအားဖြင့် ပဉ္စသီခနတ်သားကား ထိုသူဌေးယုတ်၏ အဘပင်တည်း။

ကောင်းကင်ပျံကြွ သိကြားဆုံးမ

ဤသို့လျှင် အလှူမည်သည် အကျိုးရှိ၏၊ ပညာရှိတို့သည် လှူဒါန်းကြကုန်၏ ဟု ပြောဆိုပြီးလျှင် လူတို့ယုံကြည်လောက်အောင် ငါးဦးလုံး နတ်သိကြားအသွင်ဖြင့် ကောင်းကင်သို့ ပျံတက်၍ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေကုန်၏။

ထို့နောက် သိကြားမင်းသည် ကောင်းကင်မှနေ၍ “အို-လူအပေါင်းတို့... ဤသူဌေးယုတ်ကား အနွယ် အဆက်မှ ဆင်းသက်လာသော အလှူကိုဖျက်ဆီး၍ အလှူခံတို့ကို နှင်ထုတ်သည့်အတွက် ငရဲသို့ ကျရမည်ကို သနား၍ ဤအရပ်သို့လာရ၏”ဟု ပြောဆိုပြီးလျှင် ဒါနသီလစသော ကုသိုလ်ကောင်းမှု၏ အကျိုးကို ဟောပြောဆုံးမလေ၏။

ဘိုးဘွားစဉ်မပျက် ကုသိုလ်ဆက်

ဗိလာရကောသိယသူဌေးလည်း သိကြားမင်း၏ စကားကိုကြားရလျှင် သတိရ၍ လက်နှစ်ဘက်ကို ဦးခေါင်း၌တင်၍ လက်အုပ်ချီကာ “အရှင်သိကြားမင်း...အကျွန်ုပ်သည် ယနေ့မှစ၍ အနွယ်အဆက်မှဆင်းသက်လာသော အလှူဝတ်ကို ဆက်၍ပေးပါအံ့၊ အယုတ်သဖြင့် ရေဒန်ပူကို အစပြု၍ပေး လှူပါအံ့”ဟု ဝန်ခံလေ၏။

သိကြာမင်းလည်း ဗိလာရကောသိယသူဌေးကို ဆုံးမ၍ ငါးပါးသီလ၌တည်စေပြီးလျှင် နတ်သားလေးယောက်နှင့် တကွ မိမိတို့နေရာ တာဝတိံသာနတ်ပြည်သို့ သွားလေ၏၊ သူဌေးလည်း အသက်ထက်ဆုံးအလှူပေး၍ သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့...

ထိုအခါ ဗိလာရကောသိယ သူဌေးသည်-ယခုအခါ ပေးလှူသောရဟန်း။

*စန္ဒနတ်သားသည်-သာရိပုတ္တရာ။

*သူရိယနတ်သားသည်-မောဂ္ဂလာန်။

*မာတလိနတ်သားသည်-ကဿပ။

*ပဉ္စသီခနတ်သားသည်-အာနန္ဒာ။

*သိကြားမင်းသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ်, နှုတ်, စိတ်ကား၊ မမျှငြား၊ ထား၍လှူခဲ့မူ၊

(၂) ပင်ပန်းခဲ့စေ၊ သက်ညှင်းလေ၊ ဖြစ်စေစိုးရိမ်ဘူ။

(၃) မျက်ရည်ယိုစေ၊ ဒဏ်ထားလေ၊ မှတ်လေမတရားလှူ။

(၄) ဥစ္စာမတရား၊ လှူဒါန်းငြား၊ များလည်းကျိုးနဲဟူ၊

(၅) တရားဥစ္စာ၊ လှူဒါန်းရာ၊ များစွာကျိုးများဟူ။

ဗိလာရကောသိယဇာတ် ပြီး၏။

***

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ