ပါရာဝတဇာတ်

ဝီကီပီးဒီးယား မှ

ဆက္ကနိပါတ် - ၂။ ခရပုတ္တဝဂ် -(၃၉၅) - ပါရာဝတဇာတ် အမွေးအတောင် နုတ်၍ လည်ပင်းတွင် အိုးခြမ်းကွဲ အဆွဲခံရသော ကျီးနှင့် ခိုတို့ စကားပြောဆိုခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

လျှပ်ပေါ်သမှု ကဲ့ရဲ့ပြု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ယောင်ဆောင်အကျင့် ဒုက္ခသင့်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခိုမျိုး၌ ဖြစ်၍ ဗာရာဏသီသူဌေး၏ စားဖိုအိမ် အသိုက်တောင်း၌ နေ၏။ လျှပ်ပေါ်သော ကျီးတစ်ကောင်လည်း ခိုနှင့် အဆွေခင်ပွန်းဖွဲ့ပြီးလျှင် ၎င်းအိမ်မှာပင် အသိုက်တောင်းတစ်ခု၌ နေ၏။

တစ်နေ့သ၌ ကျီးသည် ခို အစာရှာသွားခိုက် စားဖိုအိမ်၌ ငါးအမဲဟင်းတို့ကို ခိုး၍ စားသဖြင့် စားဖိုသည်သည် ဖမ်း၍ အမွေး အတောင်းတို့ကို ပြောအောင်နုတ်လျက် မုန့်ညက်ဖြင့် လိမ်းကျံကာ လည်ပင်းတွင် အိုးခြမ်းကွဲကို ဖောက်၍ ဆွဲပြီးလျှင် အသိုက်တောင်း၌ ထားလေ၏။

ရှက်ဖွယ်ထင်မှု ပြက်ရယ်ပြု[ပြင်ဆင်ရန်]

အစာရှာသော အရပ်မှ ပြန်လာသော ခိုသည် ကျီးကိုမြင်လျှင် -

“အဆွေကျီး … သင့်မှာ လည်ရွဲတန်ဆာ ဆွဲထားသည်ကို ကြာမြင့်မှ မြင်ရပေ၏၊ အဆွေမှာ မုတ်ဆိတ်ကို ကောင်းစွာ ပြုပြင်ထားသည့်အတွက် အလွန် တင့်တယ်စွတကား” –

ဟု ပျက်ရယ်ပြုလေ၏။ ကျီးသည် ခို ပြက်ရယ်ပြုသည်ကို ကြားလျှင် -

“အဆွေခို … ငါသည် အမှုကိစ္စတို့၌ အားထုတ်လုပ်ကိုင်လျက် အခွင့်မရသဖြင့် ချုံကဲ့သို့ ရှုပ်ထွေးသော အမွေးအတောင် ခြေသည်းတို့ ရှိခဲ့၏၊ ကြာမြင့်မှ ဆတ္တာသည်ကို ရသဖြင့် ယခု အမွေးအတောင်တို့ကို နုတ်ပယ်ရတော့၏” –

ဟု ခိုအား ပြောဆို၏။

ယောင်ဆောင်သူပေါင်း ရှက်ဖွယ်ကောင်း[ပြင်ဆင်ရန်]

ထိုအခါ ခိုသည် ကျီးစကားကို ကြားပြန်လျှင် -

“အဆွေကျီး … သင့်မှာ အလွန်ရခဲသော ဆတ္တာသည်ကို ရသဖြင့် အမွေးအတောင်တို့ကို နုတ်ပယ်ရပေ၏၊ ထို့ပြင် သင်၏လည်ပင်း၌ ပတ္တမြားသည် အဘယ်ကြောင့် (ကြိန်ကြိန်) မြည်ဘိသနည်း” –

ဟု ပြက်ရယ်ပြုပြန်၏။ ထို့နောင်မှ ကျီးသည် -

“အဆွေခို … သိမ်မွေ့နူးညံ့သော လူတို့၏ လည်ပင်းတို့၌ ပတ္တမြားကို ဆွဲဘိ၏၊ ငါကား ထိုလူတို့ကို အတုခိုး၍ ဆွဲသည် မမှတ်ပါလင့်၊ ရယ်မြူးလိုသော လူသရော်တို့ ပြုလုပ်ထားခြင်း ဖြစ်ပါ၏” –

“အဆွေခို … ကောင်းစွာ ပြုပြင်အပ်သော ဤမုတ်ဆိတ်မွေး အတူ အကယ်၍ ပြုပြင်လိုပါမူ သင့်အား ပြုပြင်ပေးပါအံ့၊ ပတ္တမြားကိုလည်း ပေးပါအံ့” –

ဟု အဆွေဖြစ်သော ခိုအား ပြောပြန်၏။

တွင်းစိတ်မရိုး သေဘေးဆိုး[ပြင်ဆင်ရန်]

ထိုအခါ ခိုသည် အဆွေကျီး ပြောသော စကားကို ကြားပြန်လျှင် -

“အဆွေကျီး … ပတ္တမြားသည် သင့်အားသာလျောက်ပတ်၏၊ ကောင်းစွာ ပြုပြင်အပ်သော မုတ်ဆိတ်လည်း သင့်အားသာ လျောက်ပတ်၏၊ ငါကား သင့်ကိုသာ ကြည့်လို၏၊ ငါကားသင့်ကို သိစေပြီးလျှင် ပန်ကြား၍ သွားတော့အံ့” –

ဟု ပြောဆိုပြီးလျှင် ပျံသန်း၍ အရပ်တစ်ပါးသို့ သွားလေ၏။ လျှပ်ပေါ်သော ကျီးသည် ထိုအရပ်၌ ပင် သေလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လျှပ်ပေါ်သော ကျီးသည် - ယခုအခါ လျှပ်ပေါ်သော ရဟန်း။

ခိုသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) လော်လည်လျှပ်ပေါ်၊ သူပြက်ချော်၊ မလျော်ပျက်စီးရာ။

(၂) မွေးတောင်နုတ်မြဲ၊ အိုးခြမ်းဆွဲ၊ လည်ဆွဲပြုလုပ်ကာ။

(၃) ငါးအမဲခိုး၊ ကျီးမိုက်မျိုး၊ ကျိုးနည်း သေရရှာ။

ပါရာဝတဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ