ပါနီယဇာတ်

ဝီကီပီးဒီးယား မှ

ဧကာဒသကနိပါတ် - ၄၅၉။ ပါနီယဇာတ်

ပစ္စုပ္ပန်ဝတ္ထု

ဝိတက်အာရုံ ဆုံးမပုံ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ နေ၍ အဆွေခင်ပွန်း ဖြစ်ကုန်သော ရဟန်းငါးရာတို့သည် ညသန်းခေါင်ယာမ်ဝယ် ကာမဝိတက်ကြံစည်ခြင်းကို အကြောင်းပြ၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူ သတည်း။

အတိတ်ဝတ္ထု

ဝိတက်ပယ်ပစ် ပစ္စေကဖြစ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ကာသိကတိုင်း တခုသောရွာ၌ အဆွေခင်ပွန်း နှစ်ယောက်တို့သည် ရေဘူးကိုယူ၍ လယ်တောသို့သွားကာ လျောက်ပတ်သောနေရာ၌ ထားပြီးလျှင် လယ်ကို ခုတ်ထွင်ကုန်၏၊ ရေငတ်သောအခါ ရေကို သောက်ကုန်၏၊ ထိုအဆွေခင်ပွန်း နှစ်ယောက်တို့တွင် အဆွေခင်ပွန်း တယောက်သည် ရေသောက်သောအခါ မိမိရေကုန်မည်ကို စိုးရိမ်၍ အဆွေခင်ပွန်း၏ရေကို ခိုး၍သောက်၏။

ညချမ်းသောအခါ လယ်တောမှထွက်၍ ရေချိုးလတ်သော် ငါ့အား ကာယဒွါရ, ဝစီဒွါရစသည်၌ တစုံတရာ မကောင်းမှုပြုခြင်း ရှိသလောဟု စိုးရိမ်ဆင်ခြင်သောအခါ ရေကိုခိုး၍သောက်မိသော မကောင်းမှုကိုမြင်၍ ငါ့သန္တာန်၌ တဏှာပွားလတ်သော် အပါယ်သို့ကျလတံ့ဟု ကြံစည် ကာ ရေခိုးသောက်မိသော အပြစ်ကို အာရုံပြုလျက် ဝိပဿနာကိုပွားစေလျှင် ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်လေ၏။

လူဘောင်ပြစ်မြင် တောသို့ဝင်

ရေချိုးပြီးသောအခါ ထိုပစ္စေကဗုဒ္ဓါကို အဘော်ဖြစ်သော အဆွေခင်ပွန်းသည် “အဆွေ...လာပါ၊ အိမ်သို့ သွားမည်”ဟုပြောလေ၏၊

“အဆွေ...ငါ့မှာအိမ်သို့သွား ရန်ကိစ္စမရှိ၊ ပစ္စေကဗုဒ္ဓါဖြစ်ပြီ”ဟုပြော၏၊ “အဆွေ... ပစ္စေကဗုဒ္ဓါမည်သည် အဆွေကဲ့သို့မဟုတ်၊ ဆံပင်လက် နှစ်သစ်သာရှိ၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်သည်” ဟု ပြောလျှင် သတိရ၍ ဦးခေါင်းကို လက်ဖြင့်သုံးသပ်သောအခါ လူ့အသွင်ကွယ်ပျောက်လျက် ဆံလက်နှစ်သစ် သာရှိ၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် ရဟန်း အသွင်ဖြစ်၍ ကောင်းကင်၌ရပ်လျက် တရားဟောပြီးလျှင် နန္ဒမူလိုဏ်ဂူသို့ ကြွလေ၏။

ကာမအာရုံ စွန့်ပယ်ပုံ

ထိုမှတပါး ကာသိကရွာ၌ပင် သူကြွယ် တယောက်သည် နေရာ၌ ထိုင်နေစဉ် ယောက်ျားတယောက်သည် မယားကို

ခေါ်၍သွားရာ မြင်လေလျှင် ထိုမိန်းမကို ဣန္ဒြေဖျက်ကာ တစိန်းစိန်းကြည့်လတ်သော် လိုချင်တပ်စွန်းသောလောဘ သည်ဖြစ်လေ၏၊ ထိုအခါသူကြွယ်သည် သတိရ၍ ထိုလောဘ ပွားလတ်သော် . အပါယ်သို့ကျလတံ့ဟု ထိတ်လန့်လျက် လောဘကိုအာရုံပြုကာ ဝိပဿနာကို ပွားစေလျှင် ပစ္စေကဗုဒ္ဓါဖြစ်၍ နန္ဒမူလိုဏ်သို့ကြွလေ၏။

သားဘအတူသွား ကတိဝတ်ထား

ထိုမှတပါး ကာသိကတိုင်း ကာသိကရွာ၌ နေကုန်သော သားအဖ နှစ် ယောက်တို့သည် အတူတကွ ခရီးသွားကုန်၏၊ လမ်းခရီးတောအုပ်၌လည်း သူခိုးတို့သည်ရှိကုန်၏၊ ထိုသူခိုးတို့သည် သားအဖနှစ်ယောက်ကို ဖမ်း၍ရလျှင် သားကိုချုပ်နှောင်၍ အဘကို ဥစ္စာယူလွှတ်ကုန်၏၊ ညီအစ်ကိုနှစ်ယောက်ရလျှင် ညီကိုချုပ်နှောင်၍ အစ်ကိုကို ဥစ္စာယူလွှတ်ကုန်၏၊ ဆရာတပည့်ကိုရလျှင် ဆရာကို ချုပ်နှောင်၍ တပည့်ကို ဥစ္စာယူလွှတ်ကုန်၏၊ ထိုသားအဖ နှစ်ယောက်တို့လည်း ထိုအရပ်သို့ရောက်လျှင် တယောက် နှင့်တယောက် သားအဖမပြောစတမ်းဟု ကတိကဝတ်ကို ပြုလုပ်၍သွားကုန်၏။

ဒုစရိုက်ပယ်ထွင် မဂ်ဖိုလ်ဝင်

ထိုမှတပါး သူခိုးတို့မြင်၍ ဖမ်းပြီးလျှင် “သင်တို့အချင်းချင်း အဘယ်သို့ စပ်တော်ကြသနည်း”ဟု မေးလျှင် ငါတို့ တဦးနှင့်တဦး စိုးစဉ်းမျှမစပ်တော်ကြကုန်”ဟုမဟုတ်မမှန် မုသားဆိုကုန်၏၊ သူခိုးတို့လည်း လွှတ်လိုက်ကုန်၏၊ တောအုပ်မှထွက်၍ ညချမ်းသောအခါ သားသည် မိမိသီလကို ဆင်ခြင်လတ်သော် မုသားကို မြင်လေ၏၊ ထိုအခါ ငါ့မှာ မုသားဟူသော မကောင်းမှုသည် ပွားလတ်သော် အပါယ် သို့ကျလတံ့၊ နှိမ်မည်ဟု ကြံစည်ကာ ထိုမုသားကို အာရုံ ပြ၍ ဝိပဿနာကိုပွားစေလျှင် ပစ္စေကဗုဒ္ဓါဖြစ်၍ နန္ဒမူ လိုဏ်သို့ကြွလေ၏။

သံသယဆင်ခြင် တောရပ်ဝင်

ထိုမှတပါး ကာသိကရွာမှ ရွာစားတယောက်သည် သားကြီး ငါးကြီးတို့ကို မသတ်ရဟု စည်မောင်းခတ်ခြင်း ကိုပြုစေ၏၊ ထိုအခါ ရွာသားတို့သည်စုဝေး၍ “အရှင်— ယခုအခါ ဗလိနတ်စာကျွေးသောအခါဖြစ်၏၊ ထို့ကြောင့် သမင်ဝက် စသည်တို့ကို သတ်၍ ဗလိနတ်စာကျွေးလိုသည်” ဟုပြော၏၊

“အမောင်တို့... ရှေးထုံးစံရှိသည့်အတိုင်းပြု ကုန်လော့”ဟု အမိန့်ပေးလေ၏၊ ရွာသားတို့သည် များစွာသော သတ္တဝါတို့ကိုသတ်၍ ... ဗလိနတ်စာ ကျွေးကုန်၏၊ ရွာစားမြင်လျှင် ငါ့စကားကြောင့် သတ္တဝါတို့ကို သတ်ကြကုန်သည်ဟု သံသယဖြစ်ကာ လေသာပြုတင်းကို မှီလျက် ဝိပဿနာကို ပွားစေလျှင် ပစ္စေကဗုဒ္ဓါဖြစ်၍ နန္ဒမူလိုဏ်သို့ ကြွလေ၏။

ဒုစရိုက်ဆင်ခြင် တောတွင်းဝင်

ထိုမှတပါး ကာသိကတိုင်းမှာပင်ရွာစား တယောက်သည် သေအရက်ရောင်းဝယ်ခြင်းကို တားမြစ်၏၊ ထိုအခါ လူတို့သည် အရှင်...ရှေးအခါ သေသောက်ပွဲဖြစ်၏၊ ယခုပြု လိုကြ၏၊ “အမောင်တို့... ရှေးထုံးစံအတိုင်း ပြုကြကုန်– ဟု ခွင့်ပြုလေ၏၊ လူတို့သည် သေသောက်ပွဲ ပြုလတ်သော် ခိုက်ရန်ဖြစ်ကုန်၏၊ ခြေကျိုး လက်ကျိုး ခေါင်းကွဲ နားပဲ့ ဖြစ်ကုန်လျက် များစွာသော ဆင်းရဲကို ခံစားရကုန်၏၊ ထိုအခါ ရွာစားမြင်လျှင် ငါခွင့်ပြုသောကြောင့် ဤသို့ သော ဆင်းရဲကိုရကြသည်၊ ခွင့်မပြုသည်ရှိသော် မရကုန်ရာ ဟု ကြံစည်ကာ ... လေသာပြူတင်းကိုမှီ၍ ဝိပဿနာကို ပွားစေလျှင် ပစ္စေကဗုဒ္ဓါဖြစ်၍ နန္ဒမူလိုဏ်သို့ကြွလေ၏။

မင်းကိုဟောပြ ဖြစ်စဉ်ဘဝ

နောက်အဖို့၌ ထိုပစ္စေကဗုဒ္ဓါငါးဆူတို့သည် တပေါင်းတည်း ဖြစ်ကုန်လျက် ဗာရာဏသီပြည်၌ ဆွမ်းခံလှည့်လည်လတ်သော် မင်းအိမ်တခါးသို့ ရောက်ကုန်၏၊ မင်းကြီးသည် ကြည်ညို၍အိမ်ထက်သို့ပင့်ဆောင်ကာ ဆွမ်းဘောဇဉ်တို့ကို ကပ်လှူ၏၊ ဆွမ်းဘုဉ်းပေးပြီးလျှင် “အရှင်ဘုရားတို့— အရှင်ဘုရားတို့သည် ပဌမအရွယ်၌ ရဟန်းပြုကြသည်ကား တင့်တယ်ကုန်၏၊ ကာမဂုဏ်ငါးပါး၌ ဘယ်အပြစ်ကို မြင်၍ ရဟန်းပြုကြသနည်း” ဟု အသီးသီး မေးလျှောက်လေ၏၊ ပစ္စေကဗုဒ္ဓါ ငါးဆူတို့လည်း ရဟန်းပြုခြင်း အကြောင်းကို အသီးသီး ဖြေကြားကုန်၏။

ပဌမ ပစ္စေကဗုဒ္ဓါ

“မြတ်သောမင်းကြီး” ငါသည်လယ်တောခုတ် ထွင်ရာ၌ အဆွေခင်ပွန်း တယောက်၏ ရေကိုအရှင်မပေးဘဲ ခိုး၍သောက်မိ၏၊ ထိုမကောင်းမှုကို စက် ဆုပ်သောကြောင့် နောက်ထပ်တဖန် မပြုတော့ ပြီ”ဟု ရဟန်းပြုခဲ့၏။

ဒုတိယ ပစ္စေကဗုဒ္ဓါ

“မြတ်သောမင်းကြီး ငါ့အားသူတပါးမယားကို မြင်ရာ တပ်နှစ်သက်သောတဏှာသည်ဖြစ်ခဲ့၏၊ ထိုမကောင်းမှုကို စက်ဆုပ်သောကြောင့် နောက်ထပ်တဖန်မပြုတော့ပြီ”ဟု ရဟန်းပြုခဲ့၏။

တတိယ ပစ္စေကဗုဒ္ဓါ

“မြတ်သော မင်းကြီး ... ငါသည် သားအဖ နှစ်ယောက် ခရီးသွားရာ သူခိုးတို့ ဖမ်း၍မေးသောအခါ သိလျက်နှင့် အဘကို စိုးစဉ်းမျှမစပ်တော်ဘူး ဟု မုသားဆိုမိ၏၊ ထိုမကောင်းမှုကို စက်ဆုပ်သော နောက်ထပ်တဖန် မပြုတော့ပြီ” ဟုကြောင့် ရဟန်းပြုခဲ့၏။

စတုတ္ထ ပစ္စေကဗုဒ္ဓါ

“မြတ်သောမင်းကြီးငါသည်ဗလိနတ်စာကျွေး၍ ယဇ်ပူဇော်ချိန်အခါ၌ လူတို့သည်သတ္တဝါတို့ကို သတ်ရန် ခွင့်တောင်းလတ်သော် ခွင့် ပြုမိ၏၊ ထိုမကောင်းမှုကိုစက်ဆုပ်သောကြောင့် နောက်တဖန် မပြုတော့ပြီ” ဟု ရဟန်းပြုခဲ့၏။

ပဉ္စမ ပစ္စေကဗုဒ္ဓါ

“မြတ်သောမင်းကြီး...ငါသည်သေသောက်ပွဲ သဘင်ပြုချိန်အခါ၌ လူတို့အား သေသောက်ရန်ခွင့် ပြုမိ၏။ လူတို့သည် ခိုက်ရန်ဖြစ်၍ နာကျင်ဆင်းရဲ ကုန်ပြီ၊ ထိုမကောင်းမှုကို စက်ဆုပ်သောကြောင့် နောက်ထပ်တဖန် မပြုတော့ပြီ” ဟု ရဟန်းပြုခဲ့၏။ မင်းကြီးသည် ပစ္စေကဗုဒ္ဓါငါးဆူတို့ ဖြေကြားသော ရဟန်းပြုခြင်းအကြောင်းတို့ကို ကြားသိရလျှင် “အရှင်ဘုရား တို့ရဟန်းအဖြစ်သည် အရှင်ဘုရားတို့နှင့်သာ လျောက်ပတ်၏ဟု ချီးမွမ်းလျှောက်ထားလေ၏၊ သင်္ကန်း ဆေး စသော အထူးထူးသော လှူဘွယ်ဝတ္ထုတို့ကို လှူဒါန်း၏၊ ပစ္စေကဗုဒ္ဓါတို့လည်း အနုမောဒနာပြုပြီးလျှင် နန္ဒမူလိုဏ် သို့ကြွကုန်၏။

မင်းသီလစွမ်း မိဖုရားစမ်း

မင်းကြီးသည် ထိုအခါမှစ၍ ဝတ္ထုကာ မတို့၌ တပ်ခြင်း ငဲ့ကွက်ခြင်းမရှိ၊ မိန်းမတို့ကို စကားမပြော ကြည့်ရှုခြင်းမရှိလေ၊ ကြက်သရေတိုက်သို့ဝင်ကာ ကျောက်ဖြူနံရံကို ဩဒါ တကသိုဏ်းရှုလျက် ဈာန်ကိုရလေ၏၊ ထိုမင်းကြီးသည် ဈာန်ကိုရသောအခါ...

“အချင်းတို့... ကာမဂုဏ်တို့သည် စက်ဆုပ်ဘွယ်ရှိစွာကား၊ ငါကား မကောင်းသော အနံ့ များစွာသော ဆူးငြောင့် ဘေးရန်ရှိသော ကာ မဂုဏ်တို့ကို မှီဝဲမိ၍ ဤသို့သဘောရှိသော ဈာန် ချမ်းသာကို မရခဲ့ပေ”။

ဟု ကာမဂုဏ်တို့ကို ပြစ်တင်ကဲ့ရဲ့လေ၏၊ ထိုအခါမိဖုရားကြီးသည် ဤမင်းကား ပစ္စေကဗုဒ္ဓါတို့စကားကို ကြားရ သည်မှစ၍ ဆန့်ကျင်သော သဘောရှိ၏၊ ငါတို့နှင့်စကား မပြောဘဲ ကြက်သရေတိုက်၌သာနေ၏၊ ထိုမင်းကို စုံစမ်းမည် ဟု ကြက်သရေတိုက်ခန်းတံခါး၌ ရပ်လျက် ကာမ ဂုဏ်တို့ကို ကဲ့ရဲ့သောမင်း၏ ဥဒါန်းစကားကို ကြားလျှင်–

“မြတ်သောမင်းကြီး... ကာမဂုဏ်တို့သည် သာယာဘွယ် အလွန်ကောင်းမြတ်သောချမ်းသာ မည်ကုန်၏၊ ကာမဂုဏ်တို့ထက် လွန်မြတ်သော ချမ်းသာမရှိ၊ ကာမဂုဏ်တို့ကို မှီဝဲသောသူတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏”။

ဟု မင်းကြီးကြားအောင် ကာမဂုဏ်တို့ကိုချီးမွမ်းလေ၏။

ကာမစက်ဆုပ် မိဖုရားနှင်ထုတ်

ထိုအခါ မင်းကြီးသည် မိဖုရားကြီး စကားကိုကြားလျှင်—

“ဟယ်သူယုတ်မ ပျောက်လေ၊ ပျက်လေ၊ အဘယ်သို့ပြောဆိုသနည်း”ဟု ခြိမ်းချောက်ပြီးလျှင်–

“မိဖုရား... ကာမဂုဏ်တို့သည် မသာယာ အပ်ကုန်၊ အလွန်ဆင်းရဲကုန်၏၊ ကာမဂုဏ်တို့ထက် လွန်ကဲသော ဆင်းရဲမရှိ၊ ကာမဂုဏ်တို့ကို မှီဝဲသော သူတို့သည် ငရဲသို့ရောက်ရကုန်၏။

ကာမဂုဏ်တို့သည် ထက်စွာ သွေးအပ်သော သန်လျက်နှင့် တူကုန်၏၊ လူတို့သွေးကို အလွန် သောက်သော သန်လျက်ကြီးနှင့် တူကုန်၏၊၌ ထိုးအပ်သော လှံမနှင့်တူကုန်၏၊ ကာမဂုဏ်တို့သည် ထိုသန်လျက်ဖြင့်ခုတ်ခြင်း လှံမဖြင့် ထိုးခြင်းထက် လွန်စွာဆင်းရဲကုန်၏”။

ကာမချမ်းသာ ဆိပ်သီးပမာ

“ကာမဂုဏ်တို့သည် တရပ်တသူလောက် မြင့်အောင် ပြောင်ပြောင် တောက်လောင်နေသော မီးကျီးခဲ မီး ကျီးတွင်းနှင့်တူကုန်၏၊ နေ့ အခါပြင်းထန်စွာပူသော နေလုလင်နှင့်တူကုန်၏၊ ကာမဂုဏ်တို့သည် ထိုမီး ကျီးတွင်းနေပူထက် လွန်စွာဆင်းရဲကုန်၏။

ကာမဂုဏ်တို့သည် လတ်တလော သေစေတတ်သော အဆိပ်နှင့် တူကုန်၏၊ ကျိုက်ကျိုက်ဆူ ဝေနေသော ဆီနှင့်တူကုန်၏။ မီးဖြင့်ချက်ကျိုအပ်သော ကြေးနီရည်နှင့် တူကုန်၏၊ ကာမဂုဏ်တို့သည် ထိုအဆိပ်, ဆီကြေးနီပူတို့ထက် လွန်စွာ ဆင်းရဲကုန်၏”—

ဟု ကာမဂုဏ်တို့ကို ကဲ့ရဲ့ရှုတ်ချကာ တရားဟောပြီးလျှင် အမတ်တို့အား တိုင်းပြည်ကိုအပ်နှင်း၍ ကောင်းကင် ခရီးဖြင့် ဟိမဝန္တာသို့သွားပြီးလျှင် ရသေ့ရဟန်းပြုလေ၏၊ သေလွန်သောအခါ ဗြဟ္မာပြည်သို့လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်—

ရဟန်းတို့...

*ထိုအခါ မိဖုရားကြီးသည်-ယခုအခါ ရာဟုလာ မယ်တော်။

*မင်းကြီးသည်–ငါဘုရားဖြစ်လာပြီဟု–

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်မှာ၊ မသာယာ၊ လွန်စွာဆင်းရဲဟူ။

(၂) ကာမဂုဏ်စွဲ၊ အမိုက်ခဲ၊ ငရဲကျ၏ဟူ၊

(၃) သန်လျက်, လှံမ၊ ဆီပူမျှ၊ တူလှနေ့နေပူ။

(၄) အဆိပ်မကွဲ၊ ဆီပူနဲ၊ မလွှဲကြေးရည်တူ။

ပါနီယဇာတ်ပြီး၏။

***

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ