ပဒုမဇာတ်

ဝီကီပီးဒီးယား မှ

တိကနိပါတ် - ၂။ ပဒုမဝဂ် -(၂၆၁) မဒုမဇာတ်။ ။ ရေကန်စောင့်အား သူဋ္ဌေးသားနှစ်ဦး မဟုတ်မမှန် ချီးမွမ်းကာ ကြားပန်တောင်း၍မရ၊ မှန်ကန်စွာ ပြောဆိုတောင်းမှ ပဒုမ္မာကြားပန်ရသော သူဌေးသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဗောဓိပင်တစ်ဆူ ကြာပန်းလှူ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဇေတဝန်ကျောင်းတံခါးမုခ်တွင် စိုက်ပျိုးအပ်သော ဗောဓိပင်ကို အာနန္ဒာထေရ် စိုက်ပျိုးတော်မူသောကြောင့် အာနန္ဒာဗောဓိဟု ခေါ်ဝေါ်ကြကုန်၏။ ထိုဗောဓိပင်ကား ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ပျံ့နှံ့ထင်ရှား၏။

ထိုအခါ ဇနပုဒ်နေရဟန်းတို့သည် ဇေတဝန်ကျောင်းတော်သို့ ရောက်၍ ဗောဓိပင်ကို ကြာပန်းတို့ဖြင့် ပူဇော်လိုသဖြင့် သာဝတ္ထိပြည်တွင်းသို့ဝင်လျက် ကြာပန်းရောင်းသော ဈေးသို့သွားကြသော်လည်း လှူဒါန်းသူမရှိသဖြင့် မရခဲ့ကြဘဲ ကျောင်းတော်သို့သာပြန်၍ ထိုအကြောင်းကို အာနန္ဒာထေရ်အား လျှောက်ထားကြကုန်၏။ ထိုအခါ အာနန္ဒာမထေရ်သည် ကြားပန်းရောင်းသော ဈေးသို့သွားကာ ဒါယကာတို့လှူဒါန်းလိုက်သော ကြာပန်းစည်းတို့ကို ယူဆောင်ခဲ့ပြီးလျှင် ထိုရဟန်းတို့အားပေး၍ ဗောဓိပင်ကို ပူဇော်စေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြော်းကို သိတော်မူလျှင် - “ရဟန်းတို့ ... ယခုအခါ၌သာလျှင် စကာအရာ၌ လိမ္မာသောသူတို့သည် ကြာပန်းရကြသည် မဟုတ်ကုန်၊ ရှေးအခါ၌လည်း ရကြဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ချီးမွမ်းမမှန် ကြာမတန်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးသားဖြစ်လေ၏။ထိုအခါ မြို့တွင်း၌ ရေကန်ကြီးတစ်ခုဝယ် ပုဒမ္မာကြာပန်းတို့သည် ပွင့်ကုန်၏။ ထိုရေကန်ကြီး၌ နှာခေါင်းပြတ်သော ယောကျာ်ားတစ်ယောက်လည်း အမြဲစောင့်လျက် ရှိ၏။

တစ်နေ့သ၌ ဗာရာဏသီပြည်ဝယ် ပွဲသဘင်သည် ကြွေးကြော်လတ်၏။ ထိုပွဲသဘင်၌ ပန်းပန်၍ ကစားလိုသော သူဌေးသားသုံးယောက်တို့သည် နှာခေါင်းပြတ်သော ယောကျ်ားအား မဟုတ်မမှန် ချီးမွမ်းကာ ကြာပန်းတို့ကို တောင်းယူမည်ဟု ကြံစည်ကြပြီးလျှင် အနီးသို့သွားလျက် သူဌေးသားတစ်ယောက်သည် ရေကန်စောင့်ကိုခေါ်၍ -

“အဆွေ ... မုတ်ဆိတ်ဆံပင်တို့မှာ ရိတ်တိုင်း၊ ရိတ်တိုင်း တစ်ဖန်ပြန်၍ ပေါက်သကဲ့သို့ သင်၏ နှာခေါင်းသည်လည်း တစ်ဖန်ပြန်၍ ပေါက်ပါစေ၊ သင်သည် ငါ့အား ကြားပန်းကိုပေးပါလော့”

ဟု တောင်းလေ၏။ ရေကန်စောင့်သည် ထိုသူဌေးသား၏ စကားကိုကြားလျှင် အမျက်ထွက်၍ ကြားပန်းတို့ကို မပေးလေ။ ထိုအခါ ရေကန်စောင့်အား နှစ်ယောက်မြောက်သော သူဌေးသားသည် -

“အဆွေ ... တန်ဆောင်မုန်းလတွင်ယူ၍ ထားအပ်သဖြင့် လယ်၌စိုက်ပျိုးအပ်သော မျိုးစေ့သည် အပင် ပေါက်ကသကဲ့သို့ သင်၏နှာခေါင်းသည်လည်း တစ်ဖန်ပြန်၍ ပေါက်ပါစေ၊ သင်သည် ငါ့အား ကြားပန်းကို ပေးပါလော့” –

ဟု တောင်းပန်၏။ ရေကန်စောင့်သည် ထိုသူဌေးသား၏ စကားကိုကြားပြန်လျှင် အမျက်ထွက်၍ ကြာပန်းကို မပေးလေ။

ချီးမွမ်းမှန်မှ ကြာကိုရ[ပြင်ဆင်ရန်]

ထိုအခါ ရေကန်စောင့်အား သုံးယောက်မြောက်သော သူဌေးသားသည် -

“အဆွေ ... ဤနှစ်ယောက်သော သူဌေးသားတို့သည် ကြာပန်းတို့ကို ပေးလိမ့်မည်ဟု ကြံစည်ကာဆို၍ တောင်းကြ၏။ ထိုသူတို့ ဆိုသည်ဖြစ်စေ၊ မဆိုသည် ဖြစ်စေ ပြတ်လေပြီးသော နှာခေါင်း၏ တစ်ဖန်ပြန်၍ ပေါက်ခြင်းမည်သည် မရှိပါ၊ သင်သည် ငါ့အား ကြာပန်းတို့ကို ပေးပါလော့” –

ဟု တောင်းပြန်လေ၏။

ထိုရေကန်စောင့်သည် ထိုသူဌေးသား စကားကို ကြားလျှင် ဤနှစ်ယောက်သော သူဌေးသားတို့ကား မဟုတ်မမှန် ပြောဆို၍ တောင်းကြကုန်၏။ သင်ကား အဟုတ်အမှန်ကို ပြောဆို၍ တောင်းပေ၏။ သင့်အား ပဒုမ္မာကြာပန်းတို့သည် လျောက်ပတ်ကုန်၏ဟု ပြောဆိုချီးကျူးကာ ပဒုမ္မာကြာစည်းကြီးကို ယူ၍ ပေးပြီးလျှင် မိမိနေရာ ကြာကန်သို့သွားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြာပန်းရသော သူဌေးသားသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) စကားအရာ၊ တတ်လိမ္မာ၊ ဥစ္စာရတတ်ပေ။

(၂) မမှန်ချီးပ၊ တောင်းဆိုကြ၊ မရကြာပန်းတွေ။

(၃) အမှန်ပြောကြား၊ တောင်းသူအား၊ ရငြားကြာပန်းတွေ။

မဒုမဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ