ပတ္တသန္နိစယသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ပထမသိက္ခာပုဒ်၊ ပတ္တဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—သပိတ်အများကို သိုမှီးသိမ်းဆည်းထားမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ဘိက္ခုနီတို့၏ သပိတ်အပို သိမ်းထားမှု[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် များစွာသော သပိတ်တို့ကို အပိုသိမ်းထားကြကုန်၏၊ ဘိက္ခုနီတို့၏ ကျောင်းကို လှည့်လည်ကြည့်ရှုကြသော လူတို့သည် သပိတ်အများ သိမ်းထားသည်ကို တွေ့မြင်ကြ၍ “ဘိက္ခုနီတွေ သပိတ် ကုန်သည် လုပ်ကြမလို့တဲ့လား, ပန်းကန် ခွက်ရောက်ဆိုင် ခင်းကြမလို့တဲ့လား (သပိတ်တွေ သိမ်းထားလိုက်တာ)”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ပတ္တသန္နိစယံ ကရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် သပိတ်ကို အဓိဋ္ဌာန်-ဝိကပ္ပနာ မပြုဘဲ သိုမှီးသိမ်းဆည်းထားအံ့၊ ထိုဘိက္ခုနီသည် သပိတ်ကိုလည်း စွန့်လိုက်၏၊ ပါစိတ်အာပတ်လည်း သင့်၏။

အမှာ[ပြင်ဆင်ရန်]

စွန့်ပုံနှင့် အဓိဋ္ဌာန်တင်ပုံ ဝိကပ္ပနာပြုပုံကို ဘိက္ခုတို့၏ နိသပါစိတိုဏ်း၌ ပြခဲ့ပြီ၊ ဘိက္ခုတို့မှာ အဓိဋ္ဌာန် ဝိကပ္ပနာ(တစ်ခုခု)မပြုဘဲ ဆယ်ရက်ထားခွင့် ရသေး၏၊ ဘိက္ခုနီတို့မှာကား တရက်မျှ ထားခွင့်မရ။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး