ဥဗ္ဘဇာဏုမဏ္ဍလိကာပါရာဇိက

ဝီကီပီးဒီးယား မှ

အမှု—ယောက်ျား၏ ကိုင်ခြင်းကို သာယာမှု။

အမှုသည်—သုန္ဒရီနန္ဒာ။

သုန္ဒရီနန္ဒာ[ပြင်ဆင်ရန်]

“နန္ဒာ, နန္ဒဝတီ, သုန္ဒရီနန္ဒာ, ထုလ္လနန္ဒာ” အမည်ရှိကြသော ညီအစ်မ ၄-ယောက်တို့သည် ဘိက္ခုနီတို့အထံ၌ ဘိက္ခုနီပြုနေကြကုန်၏၊ ထို ၄-ယောက်တို့တွင် သုန္ဒရီနန္ဒာသည် ငယ်ငယ်ကပင် သာမဏေမ ပြုလုပ်လာခဲ့၏။ အလွန်အဆင်းလှ၏, ရှုချင့်စဖွယ် တင့်တယ်၏, မြင်ရသူ၏စိတ်ကို ကြည်နူးစေနိုင်၏, ပင်ကိုယ် အလိမ်မာလဲရှိ၏, ထက်ထက် မြက်မြက်လဲရှိ၏, ထိုးထွင်းဉာဏ်လဲ ကောင်း၏, ဘယ်အရာမဆို ကျွမ်းကျင်၏, လုပ်ရကိုင်ရမှာလဲ မပျင်းတတ်, အကြောင်းအားလျော်စွာ ပေါ်လာသော ကိစ္စတိုင်းတွင် အမြှော်အမြင်လဲကောင်း၏, ဘယ်ကိစ္စမဆို ကိုယ်တိုင်လဲပြုနိုင်, သူတပါးတို့ကိုလဲစီမံနိုင်၏။ [၁]

ဝိသာခါ၏မြေး မောင်သာဠှ[ပြင်ဆင်ရန်]

ကျောင်းအမဝိသာခါ၏မြေးဖြစ်သော မောင်သာဠှသည် ဘိက္ခုနီများအတွက် ကျောင်းဆောက် လှူဒါန်းလိုသောကြောင့် ဘိက္ခုနီသံဃာ့အထံ ကျောင်းစီမံမည့် ဘိက္ခုနီ တစ်ယောက်ကိုတောင်းလေရာ ဘိက္ခုနီသံဃာသည် ကျောင်းကို ကြပ်မ ဆောက်လုပ်ဖို့ရန် သုန္ဒရီနန္ဒာကို ညွှန်ပြကြလေသည်၊ သုန္ဒရီနန္ဒာသည် ကျောင်းနှင့်ဆိုင်ရာ ပစ္စည်းများကို တောင်းဖို့ရာ ကျောင်းဒါယကာအိမ်သို့ မကြာခဏ သွားရလေ၏၊ ကျောင်းဒါယကာလဲ ပြုပြီးတာ မပြုရသေးတာကို သိဖို့ရာ ကျောင်းသို့မကြာခဏ လာရလေ၏။ [၁]

အမြင်များလို အခင်များ[ပြင်ဆင်ရန်]

သူတို့ ၂-ယောက်တွင် (စာအတိုင်း စဉ်းစားရသော်) တစ်ယောက်သည် ရုပ်ချော၍ လိမ်မာသွက်လက် ထက်မြက် သူဖြစ်ကြောင်း သေချာ၏၊ အခြား တစ်ယောက်လည်း (ဝိသာခါ၏မြေးဟု ဆိုသောကြောင့်) အရွယ်မကြီးသေးသော ဓနရှင်ဖြစ်ကြောင်း သေချာ၏၊ (အိုးချင်းထားလျှင် အိုးချင်းထိ၍ ကြိုးချင်းထားလျှင် ကြိုးခြင်းငြိတတ်သော လောကကြီးဝယ် ကျောင်းဒါယကာ မောင်သာဠှသည် သုန္ဒရီနန္ဒာကို “နွားပိန်အသားဖြည့်၍ ကြည့်သော” နွားကုန်သည်နည်းဖြင့် ကတုံးအပြင်ဝယ် ဆံထုံးတင်၍ ကြည့်နေဟန်တူ၏၊ ထိုကြောင့်) မကြာခဏ မြင်နေရသူ ၂-ယောက်မှာအချင်းချင်း စွဲနေကြလေပြီ၊ သို့သော် စွဲနေသလောက် လွတ်လပ်ခွင့်ကား မရကြချေ။ ထို့ကြောင့် အခွင့်ကောင်းရှာဖို့ရာ ကျောင်း ဒါယကာသည် ဘိက္ခုနီသံဃာကုန် ဆွမ်းကပ်ဖို့ရန် ဖိတ်မန်လေတော့၏။ [၁]

နေရာခင်းပုံ[ပြင်ဆင်ရန်]

ဆွမ်းစားဖို့ နေရာပြင်သောအခါ သုန္ဒရီနန္ဒာထက် ကြီးသူများအတွက် တသန့်, သုန္ဒရီနန္ဒာအောက် ငယ်သူများအတွက် တသန့် ခင်းထား၏၊ ကြီးသူပိုင်းကလည်း သုန္ဒရီနန္ဒာသည် အငယ်ပိုင်းမှာ ပါသွား၏, ငယ်သူပိုင်းကလည်း အကြီးပိုင်းမှာ ပါသွား၏-ဟု ထင်မှတ်အောင် ဖြစ်သည်။ [၁]

သုန္ဒရီဉာဏ်[ပြင်ဆင်ရန်]

သုန္ဒရီနန္ဒာကလဲ “ဒီဆွမ်းကျွေးဟာ ကုသိုလ်လိုလား၍ ကျွေးတာမဟုတ်၊ ငါ့ကို ကြံချင်လို့ ကျွေးတာ”ဟု အတတ်သိထားသဖြင့် “လိုက်သွား၍ သူကကြံလျှင် ငါက လန့်အော်မိမှာ စိုးရသည်”ဟု တွေးကာ တပည့်မတစ်ယောက်ကို “ငါ့ဖို့ ဆွမ်းယူခဲ့, ဘယ်သူက မေးမေး နေမကောင်း လို့ဟု ပြောလေ”ဟု မှာ၍ ကျောင်းမှာပင် နေရစ်ခဲ့လေသည်။ [၁]

ကျောင်းဒါယကာ ဗျာများနေပုံ[ပြင်ဆင်ရန်]

ကျောင်းဒါယကာ မောင်သာဠှသည် ဘိက္ခုနီသံဃာများ လာသောအခါ တံခါးပေါက်ပြင်ဘက်ကနေ၍ သုန္ဒရီနန္ဒာ ပါ-မပါကြည့်ရာမှ မနေနိုင်လှသဖြင့် “မယ်သုန္ဒရီနန္ဒာကော ဘယ်မှာလဲ, မယ်သုန္ဒရီနန္ဒာကော ဘယ်မှာလဲ”ဟု အထပ်ထပ် မေးလေရာ ထိုမှာလိုက်သောတပည့်မက “နေမကောင်းလို့ ကျောင်းမှာနေရစ်ပါတယ်, သူ့ဖို့ ဆွမ်းယူသွားရပါ့မယ်” ဟု ပြောလေသော်... ကျောင်းဒါယကာသည် သူကိုယ်တိုင် ကြည့်ရှု၍ ဆွမ်းမကျွေးနိုင်တော့ဘဲ သူ့လူများကို ဆွမ်းကျွေးရစ်ကြဖို့ မှာထား၍ ဘိက္ခုနီကျောင်းသို့လိုက်သွားလေသည်။ [၁]

ကျောင်း လိုက်သွားပုံ[ပြင်ဆင်ရန်]

သုန္ဒရီနန္ဒာသည် ကျောင်းတံခါးမုခ်ပြင်ဘက်ကရပ်လျက် ကျောင်းဒါယကာ လာမည်ကို မျှော်နေစဉ် အဝေးက လာတာကိုမြင်၍ ကျောင်းတွင်းသို့ ဝင်ပြီးလျှင် ခုတင်ကလေးပေါ်မှာ ခေါင်းမြီးခြုံကာ အိပ်ချင်ဟန်ဆောင်နေလေသည်၊ ကျောင်း ဒါယကာလဲ ပျာယာပျာယာနှင့်လာ၍ သုန္ဒရီနန္ဒာနေရာသို့ ဝင်သွားပြီးလျှင် “အရှင်မ ဘယ်လို နေမကောင်းနေပါသလဲ, ဘာဖြစ်လို့ အိပ်နေပါသလဲ” ဟု လဲမျိုးစုံစွာ အရေးတကြီး မေးရှာလေသည်။ [၁]

တွေ့ကြပုံ[ပြင်ဆင်ရန်]

ထိုအခါသုန္ဒရီနန္ဒာသည်– “(ဝမ်းနည်းသိဖြင့်... အိုတခြား ရောဂါမဟုတ်ပါဘူး) ကိုယ်လိုတာမရတဲ့သူဟာ ဒီလိုဘဲ ဖြစ်တတ်ပါတယ်”ဟု ပြောလေရာ... “ကျုပ်ကကောအရှင်မကို ဘာမလိုလားဘဲရှိမှာလဲ၊ အခွင့်မရလို့ ခုလိုနေရတာပေါ့”ဟု ပြောပြောဆိုဆိုနှင့် ကိုယ်လက်နှီးနှောမှုကို ပြုလေတော့သည်။[၁]

ဘိက္ခုနီကြီးက ကဲ့ရဲ့ပုံ[ပြင်ဆင်ရန်]

ထိုအချိန်မှာ အဖွားအို ဘိက္ခုနီကြီးသည် ခြေနာနေသဖြင့် ဆွမ်းစားမလိုက်ဘဲ ခပ်လှမ်းလှမ်းမှာ အိပ်နေ၏၊ သူတို့ ၂-ယောက်ကား (ဗျာများနေသဖြင့်) ထိုဘိက္ခုနီကြီး ကျောင်းတွင်းမှာ ရှိကြောင်းကို မသိကြ၊ ဘိက္ခုနီကြီးသည် သူတို့ဖြစ်ပုံ အလုံးစုံမြင်နေရသဖြင့် ကဲ့ရဲ့ရှုတ်ချ၍ အခြားဘိက္ခုနီတို့အား ပြောပြလေသည်၊ အခြားဘိက္ခုနီတို့ကလဲ နီးစပ်ရာဘိက္ခုတို့အား လျှောက်ထားသဖြင့် ဘိက္ခုတို့ကလည်း ဘုရားရှင်အား လျှောက်ထားကြလေသည်။ [၁]

သိက္ခာပုဒ် ပညတ်ရပုံ[ပြင်ဆင်ရန်]

ထိုအခါ ဗုဒ္ဓမြတ်စွာသည် သံဃာစည်းဝေးစေ၍ သုန္ဒရီနန္ဒာ၏ အကြောင်းကို ရဟန်းတို့အား မေးတော်မူ၍ ဟုတ်မှန်ကြောင်းကို လျှောက်ကြသောအခါ သုန္ဒရီနန္ဒာကို အမျိုးမျိုးကဲ့ရဲ့တော်မူပြီးလျှင် ထိုကိစ္စနှင့် သက်ဆိုင်သော တရားကို ဟောတော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ, အဓက္ခကံ ဥဗ္ဘဇာဏုမဏ္ဍလံ အာမသနံ ဝါ ပရာမသနံ ဝါ ဂဟဏံ ဝါ ဆုပနံ ဝါ ပဋိပီဠနံ ဝါ သာဒိယေယျ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဥဗ္ဘဇာဏုမဏ္ဍလိကာ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင် ဘိက္ခုနီသည် ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်ရှိသည်ဖြစ်၍ ကိုယ် လက် နှီးနှောလိုသော ရာဂစိတ်ရှိသော ယောက်ျားက ညှပ်ရိုး ၂ ဘက်အောက်, ဒူးဆစ် ၂ ဘက်၏ အထက် တတောင်ဆစ်မှ အထက် လက်မောင်း ဤအတွင်း တနေရာဝ နေရာမရွှေ့ဘဲ နာနာဖြစ်ညှစ်၍ ကိုင်ခြင်း (အာမသန), ဟိုရွှေ့ သည်ရွှေ့ ရွှေ့၍ နာနာညှစ်လျက် ကိုင်ခြင်းဟူသော(ပရာမသန), နာနာမညှစ်ဘဲ ကိုင်ရုံမျှ ဖြစ်သော (ဂဟဏ), တို့ခြင်းဟူသော (ဆုပန), ပွေ့ယူဖြစ်ညှစ်ခြင်းဟူသော(ပဋိပီဠန)ဤပြုမှုကို သာယာ နှစ်သက်အံ့၊ ထိုဘိက္ခုနီသည်-ဥဗ္ဘဇာဏုမဏ္ဍလိကာ မည်သော ပါရာဇိက ကျလေတော့၏၊ ကံကြီး, ကံငယ်ကိစ္စ ဘိက္ခုနီကောင်းတို့နှင့် အပေါင်းအသင်းမပြုရ။

(က) ညှပ်ရိုးအထက် လည်ပင်း မျက်နှာစသည်ကိုလည်းကောင်း, ဒူးဆစ် အောက် ခြေသလုံးစသည်ကိုလည်းကောင်း, တတောင်ဆစ်အပြင်ဘက် လက်မောင်း လက်ချောင်းစသည်ကိုလည်းကောင်း, ကိုင်မှု, တို့မှု, ဆိတ်မှု စသည်ကို သာယာလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏။

(ခ) ယောက်ျား၏ ကိုယ်လက်အသားဖြင့် ကိုယ်နှင့်စပ် အဝတ်စသည်ကို ကိုင်ရာ၌လည်းကောင်း, ယောက်ျား၏ ကိုယ်နှင့်စပ် အဝတ်စသည်ဖြင့် ကိုယ်ကို ကိုင်ရာ၌လည်းကောင်း, သာယာလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏။

(ဂ) ကိုယ်နှင့်စပ်သော အဝတ်ချင်းစသည်လောက် ထိရုံကိုင်ရာ၌လည်းကောင်း, တစုံတစ်ခုဖြင့် (ခဲစသည်ဖြင့်) ပေါက်၍ ကျီစယ်ရာ၌လည်းကောင်း, သာယာလျှင် ဒုက္ကဋ်အာပတ်သင့်၏။

(ဃ) အကိုင် အတို့ အထိခံလိုသော စိတ်မရှိဘဲ မတော်တဆထိသွား ရာ၌လည်းကောင်း, ထိမှန်းပင် မသိလိုက်ရာ၌လည်းကောင်း, သိသော်လည်း မသာယာ လိုက်ရာ၌လည်းကောင်း, ရူးနေ စိတ်လွင့်နေ, ရောဂါ အပြင်းအထန် နှိပ်စက်ခံနေရသောအခါတို့၌လည်းကောင်း, အာပတ်မသင့်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး