ပဌမ အာဃာတပဋိဝိနယသုတ်

ဝီကီပီးဒီးယား မှ

ပဌမ အာဃာတပဋိဝိနယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၁]

ပဌမ အာဃာတပဋိဝိနယသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း 'အာဃာတ' ကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း၊ ရဟန်းအား အာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးဖြင့်) အာဃာတကို အချင်းခပ်သိမ်းပယ်ဖျောက်ရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ချစ်ခြင်း 'မေတ္တာ' ကို ပွားများရမည်၊ ဤသို့ အားဖြင့်ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သနားခြင်း 'ကရုဏာ' ကို ပွားများရမည်၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ လျစ်လျူရှုခြင်း 'ဥပေက္ခာ' ကို ပွားများရမည်၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သတိမထားခြင်း နှလုံးမသွင်းခြင်းသို့ ရောက်စေရမည်၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ကံသာလျှင် မိမိဥစ္စာရှိသော အဖြစ်ကို ဆောက်တည်ရမည်။

“ဤအသျှင်သည် ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏ အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် လဲလျောင်းရာရှိ၏၊ (မိမိ) ပြုလုပ်မည့် ကောင်းသော ကံ,မကောင်းသော ကံသာလျှင် အမွေခံ ဖြစ်ပေလိမ့်မည်”ဟု (ဆောက်တည်ရမည်)။

ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း၊ ရဟန်းအားအာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးတို့ဖြင့်) အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၇) ၂ - အာဃာတဝဂ် ၁ - ပဌမ အာဃာတပဋိဝိနယသုတ်